သေခြင်းရသ ဓမ္မအလင်္ကာ
❆❆❆❆❆❆❆❆❆❆❆❆❆
သူဆွဲခေါ်ရာ
ငါလိုက်ပါခဲ့။
ခန္ဓာရထား
လှည်းဘီးများပင်
ပွန်းပါးပဲ့ပြုတ် ကုန်လေပြီ။
ရထားပေါ်မှာ ပျော်ရွှင်စွာတည့်
ကဗျာတမ်းချင်း လွမ်းသီချင်းဖြင့်
ထမင်းရိက္ခာ ခင်းအိပ်ရာမှ
သဉ္ဇာည၏ မွှေးမြသင်းထုံ
ချစ်သူ့ဘုံဝယ် ဝိညာဉ်တွယ်မိ
မြွေနှယ်ရစ်ပတ် မပြတ်နှောင်သော
သံယောဇဉ်ကြိုး ခိုင်ချည်တိုးလျက်
မိုးနှင့်မြေကြီး ထုပ်ပိုးပြီးသို့
ခရီးကြာရှည်လွန်းလှပြီ။
သောကတံတား ရှည်လျားလှစွာ
ဖြတ်ကျော်ရာတွင် ငိုချင်သည်းခိုက်
အူလှိုက်ရယ်မော ရှိုက်မောဆူညံ
လွမ်းစောင်းသံတို့. တောင်ယံပဲ့တင်
သမင်ပြေးလွှား ရေသောက်မှားသို့
ပါးတွင်းစီးကျ မျက်ရည်စကို
သုတ်ရမှန်းပင် မသိခင်ဝယ်
ငါလျှင် ခရီးဆက်ခဲ့ရပြန်လေသည်။
လိုက်လာလှည့်လေ အို... အဆွေတို့
သေခြင်းရသ မွှေးထုံမြသည့်
ဓမ္မအလင်္ကာ ထိုအရသာတို့
ချိုမြမြိန်စွာ ခွဲဝေခံစားကြပါစို့။
ဟော... ရထားရပ်ပြီ ဘယ်ဆီမှာလဲ
မသဲကွဲစွ ငါမြင်ရသည်
နောက်မှရထား များပြားလှစွာ
လိုက်ပါဝေးသီ တန်းစီကောက်ကွေ့
တရွေ့ရွေ့တည့် အလှည့်ကြုံလျှင်
သင်လည်းငါ့ထံ ရှိုက်သံ ငိုသံ
ကြေးစည်သံဖြင့် ထပ်မံမသွေ
ရောက်လာလေမည် ငါသိသည်တည့်
နေခြည်ရထား ညတံခါးကို
ကိုယ်စားဖွင့်ကာ စောင့်ကြိုပါမည်
လိုက်လာလှည့်ကြပါကုန်လော့။ ။
ဒေါင်းနွယ်ဆွေ
[ ဆေးရုံပေါ်တွင် ရေးသာခဲ့သောနောက်ဆုံးကဗျာစုမှ တစ်ပုဒ်ဖြစ်သည်။]
ရှုမဝရုပ်စုံမဂ္ဂဇင်း( မေ ၁၉၅၈)
No comments:
Post a Comment