အပိုင်းအများကြီးမို့.. အပိုင်းများခွဲ၍ တင်ပေးပါမည်ရှင်
လွမ်းလိပ်ပြာတောင်
💙❤💚💛❤💙💚💛
( ဒေါင်းနွယ်ဆွေ ) ကဗျာဝတ္ထု
" ချစ်သူ၏ နုတ်ခမ်းတွင် ကုဋေတသန်းသော မုသားစောင်းကြိုးများနှင့် မုန်းနွယ် မုန်းကြိုးတို့ တပ်ဆင်ထားသည်ကို မဖြတ်နိုင်စွမ်းသော လင်္ကာ ဆရာတဦး.......သို့ "
{ ၁ }
မုန်တိုင်းသင့်ရာ
သည်မြိုင်ချာဝယ်
လိပ်ပြာတောင်ပံ... လွင့်သတည်း ။ ။
{ ၂. }
လိပ်ပြာတောင်မှ ၊ ဇာတ်လမ်းစ၍
သောကဖွဲ့နှောင် ၊ ဤလူ့ဘောင်ဝယ်
အမှောင်နှင့် အလင်း
ချစ်ခြင်း နှင့် အမုန်း
စာပန်းကုံးကို ၊ သီနှုန်းလင်္ကာ
ကျူးဖွဲ့ပါမည်........
ပမာစမ်းမြ ....ကြည်စေသတည်း ။
ကဗျာလွမ်းစ... ရှည်စေသတည်း ။
ကမ္ဘာ ဝှမ်းမျှ.... တည်စေသတည်း ။
{ ၃ }
တရံတဆစ် ၊ မြသစ်ရွက်ဝေ
မှိုင်းပြေပြေညို့ ၊ " ပန်းဝါမြို့..." တွင်
သခင်ကလေး ၊ ပျော်ရေးစံရာ
ဥယျာဉ်သာဝယ် ၊ ပန်းညှာနွယ်လိမ်
ခတ္တာကြိမ်ဖူး ၊ စွယ်တော် ကူးလမ်း
ရေသာစမ်းနှင့် ၊ လာလမ်းတလျှောက်
ကျောက်စရစ်ခဲ ၊ ပြန့်ပြန့်ကြဲ၍
ပုလဲကွက်ပြောက် ၊ စိပ်စိပ်ဖောက်ခါ
ရှေ့နောက်မြှော်ရာ ၊ ပန်းမွေ့ယာတွင်
သခင်စံပျော်နေတတ်သတည်း ။ ။
{ ၄ }
သျှင့်စံအိမ်ကား
ပန်းများရောင်စုံ ၊ အငုံငုံဆင့်
အပွင့်ပွင့်ဖူး ၊ ဆပ်သွားဖူးရုံ
နွယ်ချူံ နွယ်တန်း ၊ ပန်းတို့ဘုရင်
သဇင်းသင်းသင်း ၊ သုတ်ညှင်းလေပြေ
ဝါဝါရွှေမှောင် ၊ ညိုရောင်သိင်္ဂါ
ပြာပြာတမျိုး ၊ ညှာရိုးရှည်ရှည်
ဝတ်ရည်ဝတ်ဆံ ၊ မွမ်းမံခြယ်သ
မြမြစိမ်းညို ၊ နေခြည်ယိုသက်
အခက်ချင်းဆိုင် ၊ အခိုင်ချင်းဖုံး
ပင်လုံးဖွေးဖွေး ၊ မွှေးစယ်ဖြူ
ဆိတ်ဖလူ ဂန့်ဂေါ် ၊ လည်တိုင်မော့ကြည့်
ပန်းပေါင်းပြည့်၍ ၊ ရွှေဧည့်သာသာ
လိပ်ပြာဝတ်ရုံ ၊ ပန်းရဂုံတည့်
ထုံတသင်းသင်း ၊ ညှင်းတဝေဝေ
ပန်းထွေတလာ ၊ လဲဝါ.ရွှေငု
ဆွတ်ဆွတ်နု၍ ၊ သဗြု. ယင်းမာ
ကြောင်လျှာ.ဂွေးတောက် ၊ သစ်ထောက်.သလဲ
မှည့်မှည့်ရွဲလျက် ၊ သီးတွဲတွဲပြွတ်
မြေသို့ညွှတ်လျှင်......
ယူဆွတ်မနိုင်.....ခိုင်ခိုင်ခက်ခက်တည်း ။
{ ၅ }
သီးပွင့်ခိုင်ခိုင် ၊ မြိုင်ကြီးမြိုင်၍
မြအိုင်ကန်သာ ၊ ရေဇလာဝယ်
ငွေကြာပွင့်ဖူး ၊ ညိမ့် ညိမ့်လူးသား
မခူးမဆွတ် ၊ ခိုင်ဝေညွှတ်စည်
ကြာရိုးရှည်တို့ ၊ စိမ်းစိမ်းစို့လျက်
တချို့ ပွင့်ရုံ ၊.တချို့ ငုံအာ
ဝတ်မှုံ တော်လဲ ၊ ကြွေဆဲ ပွင့်ချပ်
ဖွေးဖွေးလှပ်ကာ ၊ အထပ်တရာ
အလွှာတထောင် ၊ ရဲရဲမှောင်၍
နေရောင်နှင့်ပြိုင် ၊သူတို့နိုင်လိမ့်
စမ်းအိုင်ရေလယ် ၊ သဲသောင်စွယ်ထွန်း
သစ်စိမ်းကျွန်းထက် ၊ ကျေးငှက်သဲသဲ
လွန့်လွန့်ဝဲကာ ၊ ဝမ်းဘဲ.ဟင်္သာ
ဂျိုးကြာသံရှည် ၊ သဲ့သဲ့ မြည်တည့်
သည်မှာသခင် ၊ နေ့တိုင်းဝင်ထွက်
သလွန်ထက်ဝယ်...........
အိပ်စက်နေတတ်သည်တကား ။ ။
( ဆက်လက်ဖော်ပြပါမည် )
လွမ်းလိပ်ပြာတောင်
❤❤❤❤❤❤❤❤
ဒေါင်းနွယ်ဆွေ ( ကဗျာ အဆက်..၂ )
{ ၆ }.
ပန်းတို့မြိုင်စွာ ၊ ဥယျာဉ်သာဝယ်
လသာသောည ၊ ကြယ်ပြပြရေး
လမ်းကလေးတွင် ၊ သခင်လမ်းလျှောက်
သူ့တယောက်ထဲ ၊ ကျိန်ဆဲနေသည်..... ။.
" ရေကြည်ခမ်းချောက် ၊ စမ်းရေနောက်ကို
မသောက်လို... " ဟု ၊ တောက်ခေါက်သက်ပြင်း
အံကြိတ်ရင်းသာ ၊ လူးလာခေါက်ပြန်
မူမမှန်စွ ၊ ပါးမှမျက်ရေ
တဝေဝေကို
သုတ်နေသခင် ညတိုင်းတည်း ။ ။
{ ၇ }
ဥယျာဉ်ရိပ်ငြိမ် ၊ သျှင့်စံအိမ်တော်
ရွှင်ပျော်ခစား ၊ ပန်းများပွင့်ရွှေ
ဝတ်မှုံချွေသည့် ၊ ငွေလိပ်ပြာမောင်
သူတကောင်သာ ၊ မျက်မှောင်ညှိုးညှိုး
လွမ်းမိုးစွေသဲ ၊ မျက်ရည်ရွှဲဖြင့်
အသဲဒဏ်ရာ ၊ သျှင့်ရောဂါကို
သိပါရိပ်စား ၊ ထွေပြားစိတ်တွင်
ဒို့အသျှင်လေး ၊ လွမ်းဝဋ်ကြွေးကြောင့်
စိတ်တော်မှောင့်ဟု.၊ စောင့်ကြည်ရိပ်ချေ
တွေဝေတွေးတော ၊ ရင်ဖိုမောခဲ့ ။.
သို့လောဒွိဟ ၊ ချိန်ဆဝေခွဲ
သျှင့်အကဲကြည့် ၊ ဝဲပျံလှည့်ကာ
အဖြေရှာသော် ၊ မပေါ်ရှုပ်ထွေး
မတွေးတတ်နိုင် ၊ သန်းခေါင်တိုင်သည်
ငေးမှိုင်သခင်ထီးထီးတကား ။ ။
{ ၈ }
အသျှင့်အတွက် ၊ ရတက်လှိုင်းဖြာ
ပန်းလိပ်ပြာမောင် ၊ အတွေးခေါင်ခဲ့
ယောင်ယောင်မှားမှား ၊ သျှင့်အနားသို့
ကပ်သွားဝဲပျံ ၊ နားတော်ခံလည်း
တရံဘူးမျှ ၊ မရွှင်ရခဲ့
ညတိုင်း သခင် ၊ မရွှင်မျက်နှာ
ဘယ်တွက်တာဟု ၊ မေးပါသော်ငြား
သူမကြားတည့် ၊ ကျောက်သားရုပ်လို
မလှုပ်မယှက် ၊ ညိမ်သက်၍သာ
ပန်းမွေ့ရာထက် ၊ ငိုရှိုက်လျက်ပင်
ညဥ့်နက်သန်းခေါင် ၊ မှောင်ကြီးမှောင်မှ
အဆောင်ထက်သို့.. လှမ်းသတည်း ။ ။
{ ၉ }
သြော်... သခင့်အရေး ၊ ဘယ်သို့တွေးရ
ခလေးဆန်စွာ ၊ သူ့မျက်နှာလည်း
တင်းမာခက်ထန် ၊ ဇောချွေးပြန်၍
အိပ်ဖန်လည်းပျက် ၊ မှေးတဝက်ဖြင့်
စက်၍မှသော် ၊ မပျော်လန့်နိုး
လည်ငိုက်ကျိုးကာ ၊ ကတိုးမွှေးကြိုင်
ဖယောင်းတိုင်များ ၊ ညိမ်းမှုတ်ထားသည့်
ခန်းများဆောင်ဆောင် ၊ ညအမှောင်ဝယ်
ကယောင်ချောက်ချား ၊ ခြေလှမ်းများဖြင့်
စမ်းဝါးလျှောက်ရင်း ၊ တမိုးလင်းမှ
သလင်းကြွေခက် ၊ လှေခါးထက်တွင်
ခွေလျက်အိပ်ပျော်နေသတည်း ။ ။
{ ၁၀ }
မဖြေသာပြီ ၊ လိပ်ပြာကလေး
မတွေးတတ်နိုင် ၊ သခင်မှိုင်တိုင်း
မျက်ရည်ဝိုင်းခဲ့ ၊ ပန်းရိုင်းကိုချွေ
ပန်းသစ်ဖွေ၍ ၊ ရိပ်ချေစောင်းပါး
သျှင့်အနားသို့ ၊ ပျံသွားဝဲကာ
နှစ်သိမ့်ပါလည်း ၊ ပူဗျာသည်းဝှန်
ရွှေနုတ်ကွန်မှ ၊ တဖွဖွလျှင်
" သဇင်တုန်းသော် ၊ ဂမုန်းပေါ်လိမ့်
သင်လော်မာလဲ ၊ ငါ့အသဲက
ကျောက်ခဲကျောက်လွှာ ၊ မာမြဲသာ...." ဟု
သံဝါနက်နက် ၊ ရုတ်တရက်လျှင်
ကြောက်မက်ဘွယ်ရာ ၊ သျှင့်နုတ်လွှာမှ
ဒေါတစဖြင့် သောကမငြိမ်ရှိသတည်း ။ ။
ဆက်လက်ဖော်ပြပေးပါမည် ။
ဆရာကြီး ဒေါင်းနွယ်ဆွေ ၏ စာအုပ်များ
အမှန်တကယ် ရှာရခက်ခဲနေပါ၍ မျှဝေခြင်း သက်သက်ပါရှင် 😊
လွမ်းလိပ်ပြာတောင်
💙💙💙💙💙💙💙💙
ဒေါင်းနွယ်ဆွေ ( ကဗျာဝတ္ထု )
အဆက် { ၃ }
{ ၁၁ }
အို....အသျှင်...... ။
ညတွင်မှောင်မိုက် ၊ ဘာကြောင့် ရှိုက်ငို
သိလှလိုလည်း ၊ လ.ကိုကြယ်ဝန်း
တိမ်ယွန်းရထား ၊ မဖြေကြားနိုင်
မျက်ရည်အိုင်သာ ၊ ကြာလျှင်ခမ်းလိမ့်
လွမ်းသိမ့်သိမ့်လျှင် ၊ နွမ်းချိမ့် သခင်
မရွှင်သောက ၊ ည..ည...ည..များ
ကုန်လွန်သွားခဲ့ ၊ စကားမဆို
ကျောက်ရုပ်အိုသို့ ၊ ည ကိုနေ့မှတ်
ချားရဟတ်တွင်.......
အားပြတ်ယဲ့ယဲ့.. ကျန်သတည်း ။ ။
{ ၁၂ }
ယခင်ဝါဆို .......။
နေချို ချမ်းမြ ၊ ငှက်အုပ်ထပျံ
တောလုံးညံခိုက် ၊ အမဲလိုက်ယင်း
လေးတစင်းဖြင့် ၊ မြင်းကဆုန်စိုင်း
နေလုံးမှိုင်းမှ ၊ သားရိုင်းသမင်
ကျောတွင်ထမ်းလျက် ၊ ဒုန်းသက်သွက်လျင်
မြင်းကိုနှင်ကာ ၊ မြို့ဝင်လှလှ
မျက်နှာပြ၍ ၊ ကြွကြွ ကြွားကြွား
မြှားကျည် တောက်ကိုင်း ၊ စလွယ်သိုင်းဖြင့်
သခင့်မျက်နှာ ၊ ပြုံးချို သာကြည်
ရှိခဲ့သည်တည့် ၊ မျက်ရည်ပြုစား
ယခုများမူ ၊ ခြားနား သခင်
အသွင်ပြောင်းလွဲ ၊ တဖြစ်လဲကို
အသဲနာနာ ၊ ငွေလိပ်ပြာသည်
ရှိုက်ကာ ငိုများ... ငိုချင်သတည်း ။ ။
{ ၁၃ }
ရွက်ကြွေဝါဝါ ၊ လေအလာ၌
နွေခါမိန်မျိုး ၊ မြေသို့လျိုးသက်
မိုးရက်အလွန် ၊ ဆောင်းမွန်မွန်ဝယ်
သလွန်ထက်တွင် ၊ သခင်လဲလျောင်း
အညောင်းဆန့်ရာ ၊ တကိုယ်လျာထီး
မငြီးငွေ့နိုင် ၊ တထိုင်ထဲတွင်
စစ်တုရင်ခုံ ၊ နေစာလှုံကာ
မြင်းစုံတနွဲ ၊ ဆင်နှင့်လဲ၍
" စစ်ကဲ..နယ်စား ၊ ရထားနှင့်ခွေ
မင်းကြီးသေ..ဟု " ၊ ဆိုရေးပြုလျက်
အသျှင့်လက်တို့ ၊ သွက်သွက်လှုပ်ရှား
ကစားရွှင်ပျော် ၊ စံနေတော်တတ်
နေ့မပြတ်ခဲ့ ၊ လွမ်းငတ်မွတ်ဆာ
ယခုခါမူ ၊ ထိုင်ကာထကာ
မရေရာနှင့် ၊ ဗျာပါကြွမ်းလှူ
လွမ်းသမူကြောင့် ၊ စစ်တုရင်ခုံ
မှေးမှိန်မှုံ၍ ၊ ဖုံနှင့်လှေးလှေး
ပင့်ကူမြှေးပင် ၊ အိမ်ဖွဲ့ချင်ပြီ
သခင်လွမ်းမှိုင်း.... သင့်သင့်တည်း ။ ။
{ ၁၄ }
တခါရံသော်.....
စံအိမ်တော်တွင် ၊ ပွဲကြီးယင်ကာ
ပန်းဝါမြို့လုံး ၊ ချိမ့်ချိမ့်အုံးမျှ
ပျားပန်းခသို့ ၊ ပျော်ကြကြူးကြူး
မိန့်မိန့်မူးဖြင့် ၊ သခင့်မွေးနေ့
ဧည့်ပြေ့ပြေ့လျှံ ၊ စောင်းသံမြှင်းမြှင်း
နားတော်သွင်း၍ ၊ မီးလင်းရှူးတိုင်
ပန်းဆိုင်ပွင့်ကြဲ ၊ ဧည့်မစဲတည့်
ပုလဲကိုယ်လုံး ၊ မြိတ်မြိတ်ဖုံးကာ
ဆံထုံး နွဲ့နွဲ့ ၊ ပြုံးလဲ့လဲ့ လျှင်
မြင်သူတိုင်းငေး ၊ လှလွန်ကျေးသည့်
မြသွေးစို့စို့ ၊ ပါးမို့မို့ရဲ
နှုတ်ခဲသန္တာ ၊ ကုမုဒ်လွှာရှင်
လှကေခင်ကို ၊ သခင်စွဲမက်
ရွှန်းတောက်လက်သည့် ၊ မျက်လုံးနှစ်စုံ
ချစ်ကြေးမုံတို့ ၊ ဆုံမိကြခိုက်
ရင်လှိုက်လှိုက်ဖို ၊ စွတ်စိုနှုတ်ခမ်း
လျှာဖြင့်စမ်း၍ ၊ ခြေလှမ်းလည်းမှား
နှစ်ယောက်သားလျှင် ၊ စကားမမြွက်
နှုတ်မသွက်လည်း ၊ မျက်လုံးတို့မှ
ချစ်ရိပ်ပြသည်......
နှောင်စချစ်ကြိုး ...ခွေခွေတည်း ။ ။
{ ၁၅ }
ဧည့်ခံပွဲကား ၊ သောက်စားဆူညံ
ရယ်သံညိမ့်ညိမ့် ၊ သွမ်းသွမ်းသိမ့်ခိုက်
သောအငိုက်တွင် ၊ တိုက်ဆိုင်၍လာ
အကြောင်းသာသော်.....
" ကလျာနှမ ၊ ပျော်ပါစ.." ဟု
နှုတ်မှချို သာ ၊ မေးပါသခင်
ချစ်ရေးဆင်လျက် ၊ စကားမြွက်ကို
ပင့်မျက်တောင်ခပ် ၊ ယို့ယို့ရပ်ကာ
လှကလျာလည်း........
" ပျော်ပါစရှင်... " ၊ ပြုံးရွှင်၍ဖြေ
ဖော်ရွေပြန်ကြား ၊ ချို စကားကြောင့်
လှုပ်ရှားသဲဆိုင် ၊ ယိမ်းယိမ်းယိုင်ကာ
" ပန်းဝါမြို့တွင် ၊ ရှေးယခင်က
မမြင်တွေ့ဘူး ၊ ဧည့်သည်ထူးမို့
ဆိုဦးနှမ ၊ ဘယ်မြို့ က.. " ဟု
မေးရတဖန် ၊ ဆိုချေ ပြန်သော်
နွဲ့ဟန်ကြော့ရှင်း ၊ လှယမင်းလည်း
လက်ချင်းပွတ်ချေ ၊ ရှက်ပြုံးဝေဖြင့်
အဖြေပြန်ကြား ၊ သူ့စကားတွင်
" မြို့စားတော်ကြီး ၊ ဦးရွှေမှီး၏
သမီးသူဇာ ၊ မြနန္ဒာ...." ဟု
မျက်လွှာကိုချ ၊ ပုဝါမ၍
လှပ လွှာပါး ၊ ပတ္တမြားနှုတ်ခမ်း
မြရည်လွှမ်းလျက် ၊ မျက်လုံးချင်းဆိုင်
ချစ်ချင်းပြိုင်ကူး ၊ သောက်ရှူးကြယ်ရောင်
ရှူံးယောင်ထင်ရ ၊ ထိုတညတွင်
ချို မြချစ်ခွန်း.... ဝေဝေတည်း ။ ။
ဆက်လက်ဖော်ပြပေးပါမည် ။
3း10 p.m
4.9.2017
No comments:
Post a Comment