Friday, February 9, 2018

``မာန်​´´ကဗျာဝရှည်​ဒုတိယပိုင်း


``မာန်​´´က​ဗျာ-ဝတ္ထုရှည်​အဆက်

ဆရာကြီး​ဒေါင်းနွယ်​​ဆွေရဲ့ ``မာန်​´´ဆို​သော ကဗျာ-ဝတ္ထုရှည်​ကြီးကို
ပြန်​လည်​​ဝေမျှအပ်​ပါသည်​။ ဤကဗျာ-ဝတ္ထုရှည်​ကြီးကို ​ပေးပို့လာ​သော
ညီငယ်​ ကိုကို​ဇော်​ကိုလည်း ​ကျေးဇူးတင်​ရှိပါသည်

မာန်
🌠🌠🌠

ကဗျာဝတ္ထု.. အဆက် { ၅ }

ဒေါင်းနွယ်ဆွေ

{ ၁၈ }

ကြာခဲ့ပြီတကား.......
သိင်္ဂီမှိုင်းမှိုင်း ၊ နွေသစ်ကိုင်းလည်း
ပြိုင်းပြိုင်းစုတေ ၊ ခက်မဝေတော့
သဲမြေသလင်း ၊ ကျောက်လမ်းခင်းလည်း
နှောင်းကြွင်းနွေရက် ၊ လျောင်းအိပ်စက်၍
ပြည့်နှက်အနှံ့ ၊ ပြန့်ပြန့်ကြဲကြဲ
လွန့်လွန့်သဲလျှင် ၊ လေဝဲသုတ်ပင့်
ဝန်းဝေ့ဆင့်က ၊ လွင့်လူးထပျံ
ကချေဟန်တည့် ၊ ရှိုက်သံမူကား
ကြားရခုတိုင် ၊ မဆုံးနိုင်ရှင့်
ပင်တိုင်စံကြာ ၊ လှရုပ်ဝါမူ
ကြူ ကြူ ပါအောင် ၊ ငိုယောင်တလှဲ့
လွမ်းခဲ့တနှင် ၊ အားအင်ကုန်လျော့
ညှိုးဖြေလျော့သား ၊ မော့သည့်လည်တိုင်
မဆန့်နိုင်၍ ၊ မခိုင်ညွတ်ခွေ ၊
ရှင်လျက်သေ၏ ။ ပဝေခါလွန်
သာယာပြွန်သော ၊ ရှေးမွန်မဆွ
ခါတညတွင် ၊ စောင်းမြသံညှင်း
လွမ်းသီချင်းဖြင့် ၊ ဆက်သွင်းတေးချို
လွမ်းရေးဆိုသူ ၊ လူညိုဖုန်းစား
စောင်းသမားလည်း ၊ ခုများဘယ်ဆီ
မသိပြီတည့် ၊ တေးဂီတညု
ဖွဲ့ပြု ဆိုလှာ ၊ မမြင်ကြာရှင့်
ကြင်ရာငယ်ကျွမ်း ရောက်လမ်းမြှော်ကြည့်
လာလှည့်လှည့်လျှင် ၊ နေ့ရှိသမျှ
မျက်ရည်စလည်း ၊ ဖြူ လွပါးထက်
စီးကြောင်းဆက်သည်
ကော့မျက်တောင်ပင် ညွတ်ညွတ် ကွေးကွေးလုတကား ။  ။

{ ၁၉ }

တညသ၌ ......
တိမ်တိုက်မီးထွန်း ၊ ဖိတ်ဖိတ်ရွှန်းကာ
လဝန်းမျက်နှာ ၊ ပြည့်ပြည့်သာ၍
အာကာကြေးမုံ ၊ ကြယ်စုံဖူးပွင့်
မမြှော်လင့်ခိုက် ၊ သန်းခေါင်မိုက်တွင်
ရဲတိုက်လှစံ ၊ နားစွင့်ရံဝယ်
ခွာသံမြင်းစိုင်း ၊ ပြပြမှိုင်းကို
လေလှိုင်းလွင့်ပါး ၊ သဲ့သဲ့ကြားကြောင့်
အားပါးတရ ၊ လူးလဲထ၍
ကျွန်းမသစ်ပင် ၊ ကွေ့ကောက်ဝင်သည့်
ကျောက်စင်ဖွေးဖွေး ၊ လမ်းကလေးသို့
အပြေးငုံ့ကြည့် ၊ ရှာဖွေလှည့်သော်
မြင်းပေါ်ယောင်္ကျား ၊ အခံ့သားသည်
ရှည်လျားဝတ်ရုံ ၊ အနီခြုံ၍
ချပ်စုံဒါးလွယ် ၊ ထယ်ထယ်ကြွားဝင့်
ကကြိုးဆင့်ကာ ၊ လှမ်းလင့်နုတ်ဆက်
လက်တဖက်ကို ၊ ဝေ့လျက်လေတွင်
ဝဲ - ယာငင်တည့် ၊ ဒုန်းနှင်သော့သော့
ဇက်မော့လည်ဆံ ၊ ဖောင်းဝတ်ပျံ မြင်း
စီးကျွန်ရင်း၏ ၊.ဦးနင်းပဲ့ထောင်
ခွာသံအောင်လည်း ၊ တော, တောင်,  စိမ့်,စမ်း
လှိုင်းသံပြွမ်းသား ၊ သဲလမ်းကျဉ်းမြောင်း
ဖုံထောင်းထောင်းလျှင် ၊ ဦးခေါင်းတူရူ
မျက်နှာမူလာ ၊ မြင်ရပါသော်
မှုန်ရော်မျက်လုံး ၊ မြရည်ဖုံးလည်း
အပြုံးသို့ရွေ့ ၊ ခုန်ပေါက်ဆွေ့မျှ
လွမ်းငွေ့လွင့်စင် ၊ ပီတိလွင်သည်
သခင်ဆက်ဆက်
လာသည့်ရက်သို့..... တိုင်တိုင်ပြီတကား ။  ။

{ ၂၀ }

သခင်ဆက်ဆက် ၊ လာနေလျက်မို့
ရှိုက်သက်လွန့်လွန့် ၊ မစိုးရွံ့တော့
တိမ်ညွန့်သို့ပျံ ၊ မြင်းခွာသံလည်း
ညဥ့်ယံကိုခွင်း ၊ ပြင်းပြင်းချီလာ
ဒုန်းစိုင်းရာမှ ၊ ညင်သာဇက်သပ်
ပဒတ်ရပ်ကာ ၊ ကျောက်စပ်ရဲတိုက်
လရောင်ရိုက်သည့် ၊ ရွက်ဖြိုက်ဖွားဖွား
ကျွန်းပင်ကြားဝ ၊ ရိပ်ခြည်ပြ၍
နှမရူပါ ၊ လွမ်းကညာသို့
မျက်နှာစေ့စေ့ ၊ ငိုင်မောမေ့အောင်
မျက်တောင်မခတ် ၊ ကြည်ပြီးလတ်သော်
ဆတ်ဆတ်တုန်ရင် ၊ လွမ်းငလျင်၏
ဆွဲငင်လှုပ်ရမ်း ၊ ဖိမ့်ဖိမ့်ကြမ်းကြောင့်
နုတ်ခမ်းဖိကြိတ် ၊ စိုးစိတ်မနိုင်
လွမ်းပင်တိုင်အား ၊ ကြောင်းလျားဖြစ်ပုံ
အားလုံး ကုန်ကို ၊ ဇာတ်စုံလှန်လှော
မေးလေသောခါ ၊ ကျော့သည်းချာသည်.
" ကျိန်စာနှင့်သွေး " ၊ နှောင်းဇာတ်ဆွေး၏
လွမ်းရေးခက်ထန် ၊ ရာဇမာန်နှောင်
ကျဉ်းဖွဲ့လှောင်သည့် ၊ ကျောက်ထောင်ရဲတိုက်
အမှောင်မိုက်တွင် ၊ တရှိုက်ထီးထီး
လွမ်းငြီးဟုန်ဟုန် ၊ လကုန်နှစ်နှစ်
တိတ်နှောင်းဖြစ်အား ၊ ဖွင့်လှစ်မကျန်
ထိန်ချန်မဝှက် ၊ ဥသုံမြွက်ခွန်း
နုတ်ခြည်မွှန်းမှ ၊ ကော့ဝန်းမျက်ရွဲ
သွန်းပုလဲလည်း ၊ စဲမည်တန့်မှ
စီးပြန့်စလည် ၊ ကြန့်မဆည်လျှင်
ရှိုက်စည်မြည်ဟီး ၊ ငိုမပြီးသည်
လွင်တီးခေါင်ခေါင်......
မမြင်ယောင်တော့.... ပြီပြီတကား ။  ။

{ ၂၁ }

သဇင်နှစ်ခက်....
တနွယ်ယှက်ရန် ၊ ခက်ကြပြန်တည့် ။
ဝေးလံခရီး ၊ ကွဲကွာပြီးမှ
ဆုံဆီးတွေ့ကြိမ် ၊ ချစ်ရိပ်ငြိမ်လျှင်
ချိုးနှိမ်ဖျက်ဆီး ၊ ပြုန်းတီးကြေမွ
ဆိုးလှာစွရှင့် ၊ ပရဒွေးဖော်
လွမ်းဇာတ်ကျော်သည့် ၊.နှစ်ဖော်မောင်နှံ
သင်းတို့ကံကား ၊.နံရံထီးထီး
တားဆီးပိတ်ဆို့ ၊ မှိုင်းညို့ညို့ တည့်
ချောတို့ကညာ ၊ လှရုပ်ဝါကို
မြင်ပါစစ ၊ ရိပ်ရိပ်မျှလျှင်
မရကြင်ကောင်း ၊ ရောက်တုံ့နှောင်းခဲ့
ဆီးမှောင်းဖြိုက်ဖြိုက် ၊ ကျောက်ရဲတိုက်ကား
မျည်းငိုက် ဖွေးဖွေး ၊ တဝက်မှေးဖြင့်
ညဥ့်ရေးအိပ်ဖန် ၊ စောင့်ဘိဟန်သို့
ကော့ပျံယွန်းစွင့် ၊.ထိုးထိုးမြင့်တည့်
သဲနှင့်ထပ်တူ ၊ချစ်ကြမူသည့်
လွမ်းသူဇာတ်ဆုံး ၊ ကြော့နှစ်ကုံးကား
မျက်လုံးချင်းဆိုင် ၊ မခွာနိုင်ကြ
စိုးပိုင်ကျိန်စာ ၊ ချိန်ခွင် ညှာကား
ကြမ္မာ နှင့်ကံ ၊ အတုံ့ပြန်တည့်
သက်နှံကျွမ်းဝင် ၊ လှရွှေစင်အား
ချစ်ကြင်ပွေ့ပိုက် ၊ ယူလိုကြိုက်သော်
ရဲတိုက်မြင့်မား ၊ ကျောက်တံခါးကို
သည်းကြားရင်နွေး ၊ နှလုံးသွေးဖြင့်
ပက်ဆေးစွန့်စွမ်း ၊ လမ်းတလမ်းမို့
နောက်လှမ်းခြေဆုတ် ၊ မရုတ်ရဲရဲ
ဆုံးဖြတ်ခဲတည့် ၊ နောင့်သဲသဇင်
လှသခင်မူ ၊ မြင်းရှင်မောင်တော်
ခေါင်းမဖော်သည့် ၊ ညှိုးယော်ပမ်းရိ
နွမ်းမချိအား ၊ မြင်ဘိရေးရေး
ငံ့ငံ့ငေးမှ ၊ ပြေး၍သာလျှင်
ရှင့်ရင်ခွင်ဝယ် ၊ ဦးငင် ခေါင်းဝေ့
နမ်းဖက်ပွေ့တုံ ၊ ရင်ငွေ့လှုံ ၍
ထွေးငုံယုယ ၊ ပြုလိုလှတည့်
ဆန္ဒဆူလှိုက် ၊ သောသည့်ငိုက်တွင်
ရဲတိုက်နိုးလန့် ၊.ချောက်ခြားရန့်သို့
တပ်လှန့်စကား ၊ စူးစူးဝါးကို
မောင်ဖျားခွန်းလွှင့် ၊ တော်လဲ ဆင့်သည်
သဇင့်မျက်ရည် -စဲသိပ်ဆည်ဆည်ရန်သာတကား ။  ။

ဆက်လက်ဖော်ပြပေးပါမည် ။.
23း0 p.m
14.10.2017

မာန်
%%%

ကဗျာဝတ္ထု... အဆက် { ၆ }

ဒေါင်းနွယ်ဆွေ

{ ၂၂ }

အို.....သီတာနှင့်နှိုင်း ၊ မယုံရိုင်းသည့်
မိလှိုင်းမေတ္တာ .....မောင့်သက်လျာ..
ဤကမ္ဘာကား ၊ ကျယ်စွာအနှံ့
မဆံ့ လူ့ဘောင် ၊ အကျဉ်းထောင်တည့် ။
ကြိုးနှောင်ဖွဲ့ရှုပ် ၊ နာမ် ရုပ်စေပါး
ကျေးကျွန်များသို့ ၊ ငိုအားမရ
တခဏလျှင် ၊ ရယ်ရပြန်တုံ
ငိုရကြုံသို့ ၊ ဇာတ်ခုံပြည်ဖုံး
တလျှောက်လုံးကား ၊ မဆုံးတမြှော်
သေမင်းသော်မှ ၊ ချူံးပွဲချလိမ့် ။
ရူပသိင်္ဂီ၊ လှညီရွှေရေး
နှောင်းဇာတ်ဆွေးတွက် ၊ ရွံ့မပျက်လင့်
သွေးကွက်အိုင်ထွန်း ၊ ပင်လယ်မွန်းနစ်
သည်အဖြစ်ကား ၊ အချစ်ရှုံးရေး
ငိုကြွေးပူပင် ၊ အသက်ရှင်လည်း
မရှင်အသက် ၊ သေဘိလျက်သို့
ရုပ်စက်ခန္ဓာ ၊ မလှုပ်သာရဲ
သို့ကတည်းနှင့် ၊ နှိုင်းချင့်ချိန်ဆ
တွက်စစ်ကသော် ၊.သေရမည်မှာ
ဝံ့စရာတည့်... ။
" ပမာလွတ်လပ် ၊ ကျေးဇူးဆပ်သည့်
မြိုင်ရပ်ရင်သွေး ၊ ငှက်ရွှေကျေးအား
ပျံရေးမိုးတိမ် ၊ ချို င့်လှောင်အိမ်မှ
ယုယကိုယ်စား ၊ လွှတ်သောလားသို့ "
မောင်ဖျားနှင့်ငြိ ၊ ချစ်ကျွမ်းမိကြောင့်
နွမ်းရိတောင်တာ ၊ ကြာကြီးကြာအောင်
အကျဉ်းထောင်တွင်း ၊ ငိုယိုခြင်းဖြင့်
ယမင်းနှင့်မှ ၊ ဝန်မမျှသည့်
ဒုက္ခထမ်းပိုး ၊.နှစ်ထပ်လျိုးအား
ဖျက်ချိုးဘို့ရန် ၊ မောင်တာဝန်တည့် ။
တတန်ထပ်ဆင့် ၊ ပြောရလျှင့်မူ.
မျက်ပွင့်နှလုံး ၊ သွေးရည်ဖုံးလည်း
ဖောက်သုံးထွင်းလှပ် ၊ ပေးလာအပ်ဟု
လှနုထွဋ်ဝါ ၊ ဆိုချေပါက
မကြာခုငင် ၊ အသင့်ပင်တည့် ။
ချစ်လျှင်ရဲရဲ ၊ စွဲလျှင်မက်မက်
လွမ်းခက်ခက်မို့ ၊ အသက်နှင့်နှံ
ငါတို့ကံကို ၊ သွေးသံယိုစီး
သို့ရင်နှီးမှ ၊ အပြီးသို့တိုင်
ဇာတ်ဆုံးနိုင်လိမ့် ၊ ငေးမှိုင်တွေဝေ
သည်တိုင်းနေက ၊ ကြာလေဆိုးရွား
ငါတို့ ကြားဝယ် ၊ ရှည်လျားဝေ့သိုင်း
လွမ်းမုန်တိုင်းသည် ၊ ပိုင်းပိုင်းကြွေမွ
ဇကာကျသည့် ၊ သည်းဝနှလုံး
ခြေမှုံးမည့်တူ ၊ မဉ္ဇူ ကိုယ်စား
မောင်ဘုရားသည် ၊ မားမားမတ်မတ်
ခြေဦးရပ်၍ ၊ တုံ့မြတ်ကျေးဇူး
သစ္စာမှူးအံ့ ၊ သေရဲဝံ့..." ဟု
နှုတ်ဆွံ့မြွက်ခြည် ၊ မျက်ရည်ရစ်စို့
သံမြှင်းကြို့ဖြင့် ၊ တစ်ဆို့ တုန်အက်
မိန့်ဖြေချက်သည် ၊ သည်းနက်သဲဆိုင်
ပြုတ်ယိုင်ကြွေလုလုယောင်တကား ။  ။

{ ၂၃ }

သည်းဆိုင်ကြွေပြတ် ၊ လှူမတတ်လျှင်
သည်ဇာတ်လမ်းအိမ် ၊ ကြမ္မာ မှိန်ကား
ကြောင်လိမ်လှေခါး ၊ တိမ်နဂါးသို့
ကွေ့လျား, လှိုင်းကြွ ၊.အနယ်ထလျှင်
ဘဝပင်လယ် ၊ ပြောပြောကျယ်၌
တမယ်တကမ်း ၊ မောင်..တကမ်းတည့် ။
နှစ်ကမ်းဆက်စပ် ၊ လမ်းခုလတ်လည်း
လွတ်ရပ်မမြင် ၊ မုန်တိုင်းဆင်သို့
သခင်လည်းနွမ်း ၊ မယ်လည်းနွမ်းပေါ့
နှစ်နွမ်းတစိတ် ၊ ရွံ့ထိတ်စိုးနှောင့်
ညဥ့်အမှောင့်ဝယ် ၊ လှခေါင်နွဲ့ရှင်း
လွမ်းယမင်းကား ၊ မောင်ဖျားကိုကြည့်
မျက်ရည်ပြည့်သွန်း ၊ ပြူ တင်းစွန်းမှ
ငုံ့ယွန်းမျှော်ရုံ ၊ အစွမ်းကုန်တည့် ။
ချီတုံ. ချတုံ ၊ ဝတ်ရုံပြင်ဆောင်း
ဦးခေါင်းမဖော် ၊ ရှင့်မောင်တော်မူ
ခက်ထရော်မျက်နှာ ၊ မပြုံးသာလည်း
လှဝါသူ့ထွက် ၊ မချိလျက်က
ပြုံးသက်ယောင်ယောင် ၊ ညို့မှောင်သမ်းသမ်း
ညဥ့်နှမ်းနှမ်းဝယ် ၊ စမ်းဝါးမျှ မြင်
လှသခင်ကို ၊ ငေးမှင်သက်မိ
နောက်ဆုံးကြည့်၍ ၊ ဖြေးအိနှေးနှေး
ခြေလှမ်းလေးဖြင့် ၊ ဖွေးဖွေး ဖြူ စင်
လရိပ်ထင်သည့် ၊ ကျောက်ပြင်တံခါး
ရဲတိုက်ပါးသို့ ၊ စမ်းတွားလှုပ်ရွေ့
ပြကတေ့လျှင် ၊ သခင်လွမ်းခက်
မကြင်ရက်အား ၊ သွေးစက်ဖြင့်သာ
စတေးရာသည် ၊
လွမ်းနာဇာတ်ပွဲ - ခင်းကြတော့တော့မည်တကား ။   ။

{ ၂၄ }

ဇာတ်နာလွမ်းပွဲ ၊ ခင်းအံ့ဆဲတည့်
ရဲတိုက်ဝန်းလည် ၊ သစ်ရိပ်ရှည်လျား
နှင်းဖွားဖွားလည်း ၊ ညိုဖားမည်းသိပ်
အရိပ်ချင်းထပ် ၊ ထီးထီးရပ်၍
မအပ်တန်ရာ ၊ လွဲမှားစွာတည့်
နှစ်ဖြာလွမ်းမီး ၊.လျှံလျှံ ညီးကို
တားဆီးပိတ်ပင် ၊ မည့်အသွင်ဖြင့်
လှုပ်ငင်ရွက်ညှာ ၊ ညိမ့်ညိမ့်ခါတည့်
ဇက်သာကြိုးလွှတ် ၊.ဆွတ်ဆွတ်သန့်ဖြူ
ဆွဲခြူ လည်စင်း ၊ ဖောင်းဝတ်မြင်းလည်း
ယမင်း.. သခင် ၊ နှစ်ယောက်ရှင်၏
ဖြစ်အင်ရိပ်စား ၊ သိသောလားသို့
ခွာဖျားမြေရှပ် ၊ ဆုတ်ကန်ရပ်တည့်
ခုလတ်သည်ခိုက် ၊ မှေးတငိုက်ဝယ်
မြှောက်လိုက်ဝေ့လက် ၊ တံလျှပ်ပြက်၍
ဒါးချက်စိုက်သံ ၊ လဲကျသံနှင့်
ကျောက်ယံယက်မ ၊ တံခါးဝလည်း
သွေးစဖိတ်စွန်း ၊ အိုင်ပြည့်ထွန်းသည်
ငွေသွန်းလရောင် - နီနီလျှံလျှံတကား.။

{ ၂၅ }

လရောင်သွေးစွန်း ၊ သွင်သွင်သွန်းသော်
အဒွန်းရှည်ကြာ ၊ ပိတ်ဆို့လှာသည့်
ယက်လွှာကျောက်ဝ ၊ တံခါးမလည်း
မြင့်ကြွဖြေးညှင်း ၊ ပဲ့တင်ခြင်းဖြင့်
ဟင်းလင်းဟပွင့် ၊ တော်လဲဆင့်တည့်
သခင့်နီးနား ၊ စောင်းပါးရိပ်ချေ
ရွံ့ဟန်နေသည့် ၊ နောင့်ဆွေကျွန်ရင်း
ဖောင်းဝတ်မြင်းလည်း ၊ ရုတ်ချင်းခွာလန့်
မြှောက်ခြေတန့်ကာ ၊ လည်ဆန့်ဟစ်မည်
သိမ့်သိမ့်ဟည်မှ  ၊ ရိပ်ရှည်ကျွန်းအုပ်
ယိမ်းယိမ်းလှုပ်၍ ၊ ကျောက်ရုပ်သွန်းထု
ရှေးဟောင်းပြုသည့် ၊ ပန်းပုနွယ်ခက်
တံခါးရွက်များ ၊ အဟန့်သားလည်း
ရွေ့လျားသာညင် ၊ လဟာပြင်သို့
ဖြောင့်စင်ဖြူးဖြူး ၊ လမ်းမှူးမှူးခင်း
လရိပ်ထွင်းမှ ၊ ယမင်းလှဝါ
လွမ်းကညာလည်း ၊ နှောင်ရာဖွဲ့ကျွတ်
ကိုယ်ရုန်းလွတ်ကြောင့် ၊ ဝမ်းမွတ်အဲ့လဲ
သာတနဲရှင့် ၊ မှောင်မြဲကြာရှည်
ကျင်လည်ရလင့် ၊ မျက်လုံးပွင့်လည်း
ဝင့်သည့်အလင်း ၊.လျှပ်စစ်ဝင်းသို့
ရုတ်ချင်းကျိန်းစူး ၊ မိန်းခွေမူးလျှင်
အရူးတပိုင်း ၊ စိတ်မုန်ရိုင်းဖြင့်
တံတိုင်းခြေဆင်း ၊ ကျောက်သလင်းမံ
လမ်းမယံဝယ် ၊ ဆံနွယ်ဖားလျား
ပိုးသားပုဝါ ၊ ဝတ်ရုံလွှာကို
မြေမှာကွေ့ဝိုက် ၊ ဒရွတ်တိုက်၍
ပြေးလိုက်လွှားလွှား ၊ လွှတ်ဦးမြားသို့
ဝိးုဝါးမျှ မြင် ၊ ရိပ်ရိပ်လျင်သည်
သခင်သက်ရောက် - မှီမှီရန်တကား ။   ။

ဆက်လက်ဖော်ပြပေးပါမည် ။.
1း50 p.m
15.10.2017.

မာန်
.💛💛

ကဗျာဝတ္ထု... အဆက် { ၇ },

ဒေါင်းနွယ်ဆွေ

{ ၂၆ }

ရိပ်ရိပ်လျင်မြန် ၊ သဏ္ဍာန်မဲမဲ
မသဲကွဲတည့် ၊ ရဲတိုက်ပြင်ပ
လွတ်မြောက်ရသော် ၊ နှင်းမြ မြူ မြင်
ပုခက်ဆင်၍ ၊ ဖိတ်စင်စက်စက်
ငွေကွန်ယက်နှင့် ၊ ညဉ့်​နက်ကြယ်ပြောင်
ကော့မြီးထောင်လည်း ၊ သန်းခေါင်ခရီး
တဝက်ချီးကျွံ ၊ ပြင်ပြင်လွန်၍
တံခွန်ရှူးပျံ ၊ ကြယ်ဗိမာန်လည်း
အလျှံ ငြိမ်းစ ၊ မှိတ်တုတ် မျှ ဖြင့်
မြေခတချို့  ၊ ကြွေသမို့လျှင်
ယင်းတို့ဇာတ်ဆွေး ၊ မပြီးသေးသည့်
သွေးစိမ်းရှင်ရှင် ၊ လွမ်းပုံပြင်ကို
မမြင်ရက်ရက် ၊ မရှူ့ ရက်သို့
ညိမ်သက်ဆိတ်ဆိတ် ၊ စိုးရွံ့ထိတ်ကြ
နှင်းပိတ်မြူ ဝေ ၊ ညဥ့်အချေလည်း
တစ္ဆေ..စုန်းမ ၊ ကိုင်းကိုင်းထသည့်
တစလုတ်တိုင်း ၊ မြေသချူင်္ိ င်းသို့
ညရိုင်းငှက်ဆိုး ၊ စုတ်ပြတ်ထိုးနှင့်
လွှမ်းမိုးဘိဟန် ၊ ကြောက်စိတ်သန်လိမ့်
လျှင်မြန်စလို ၊ တကိုယ်မိမိ
လွမ်းသူရိကား ၊.စိတ်သိပြန့်ရာ
" လိပ်ပြာ "လွင့်ပါး ၊ " ရုပ် " နောက်ထား၍
ကျောက်သားခွေရစ် ၊ လှေခါးထစ်မှ
ခြေဆစ်လျှောဆင်း ၊ တလှမ်းချင်းလျှင်
မြေခင်းသဲစ ၊ ခြေနင်းချသော်
မြင်ရလေပြီ.....
သွေးနီမောင်းမောင်း ၊ အိုင်အိုင်လောင်းနှင့်
လဲလျောင်းခွေခွေ ၊ လွန့်နေလူးလူး
ဒါးစူးသည့်ဒဏ် ၊ ဖေးလက်ခံ၍
သွေးသံရဲရဲ ၊ ရှုဝံ့လွဲသည့်
ရှင့်သဲကျွမ်းဖော် ၊ တွေ့ရသော်မှ
ဟစ်အော်နှုတ်ထွက် ၊ ရုတ်တရက်လျှင်
" အို...အသက်သခင် ၊ ဖျာ့အရှင် " ..ဟု
လက်ငင်ရွေ့လှမ်း ၊ ရှေ့ဆန့်တန်းကာ
သဲလမ်းကွေ့ထောက် ၊ အပြေးရောက်သည်
ထွေးကောက်ပိုက်ယူ - မျက်ရည်ဆူဆူနှင့်တကား ။  ။

{ ၂၇ }

ထွေးကောက်ပိုက်ယူ ၊ မျက်ရည်ဆူရှင့်
သွယ်ဖြူ ညက်မွေ့၊ လက်တပွေ့ဝယ်
သက်ငွေ့မြှင်းမြှင်း ၊ ညှင်းညှင်းလွင့်ရုံ
ဇောညာဉ်ခုန်တည့် ၊ ဝတ်ရုံမောင်းကုပ်
တစောင်းအုပ်လည်း ၊ ခေါင်းမြု ပ်ပြည့်ဖုံး
ခြေအဆုံးထိ ၊ ထွေးလုံးရစ်ပတ်
မရှုအပ်သော ၊ ဆတ်လတ်ပူနွေး
မခြောက်သေးသည့် ၊ ရှင့်သွေးသွန်သွန်
ပင်လယ်လွန်ကို ၊ မိမွန်ကြော့လျာ
မြင်ပါစေ့စေ့ ၊ အသဲကြွေ့လျှင်
ထွေးပွေ့ရင်ခွင် ၊ ယုယတင်၍
ကိုယ်တွင်ရစ်လွှာ ၊ ပိုးပုဝါဖြင့်
သာသာသိုင်းလွှမ်း.၊ တစမ်းစိုးစိုး
ဝါးဝိုးဝိုးမျှ ၊ မှတ်မိစွသည့်
ငယ်ကကြင်ဖော် ၊ မျက်နှာတော်ကို
ခုသော်ရှေ့မှောက် ၊ လရောင်အောက်တွင်
သက်ရောက်မှီမှီ ၊ ကြိမ်ရပြီမို့
" သိင်္ဂီရွှေခွက် ၊ မင်းပွဲဆက်သည့်
ကျောက်မျက်ရတနာ ၊ ပျောက်ဆုံးရာက
နှစ်လကြာဟောင်း ၊ အချိန်နှောင်းမှ
ပြန်ပြောင်းလက်ဝယ် ၊ ရဘိနှယ်သို့ "
တနွယ်ပမာ ၊ ဆိုရပါမူ
" ငယ်ဝါနုနု ၊ ရွယ်ပုလုမှ
စက္ခု မျက်ဝန်း ၊ ကြောင်တောင်ကန်းကာ
ပျို ဖြန်းဖားဖား.၊ ရောက်လုနားမှ
သမားကျော်နှင့် ၊ ဆေးလျော်သင့်ကြောင့်
တော်ပွင့်မျက်လုံး ၊ အမှောင်ဆုံးကာ
ငယ်တုံးကပုံ ၊ မှေးမှေးမှုံကို
အာရုံပြင်းပြ ၊ ပြန်ကြည့်ရသို့ "
တ.သ ကြေကွဲ ၊ ပါသော်လဲမူ
တနွဲရုတ်ချင်း ၊ အံကြိတ်တင်း၍
သွေးချင်းချင်းနီ ၊ ဝတ်ရုံနီအား
လက်နီသွေးလူး ၊ ကြာစွယ်ဖူးဖြင့်
လှမှူးပျို မျစ် ၊ ဆွဲဖွင့်လှစ်သည်
နှောင်းချစ်မေတ္တာ - လွမ်းလှာလင့်လင့်နှင့်တကား ။  ။

{ ၂၈ }

နှောင်းချစ်မေတ္တာ ၊ လွမ်းလှာလင့်လင့်
ကြာသဖြင့်မို့ ၊.ဝါဝင့်မျက်နှာ
သည်းကြော့ညှာကို ၊ သက်လျာခုံမင်
ယုယယှဉ်၍ ၊ ငွေစင်ယက်ဖောက်
ကြယ်ဖြောက်ဖြောက်နှင့် ၊ ကွန်းထောက်လရောင်
ရိပ်ခြည်နှောင်ဝယ် ၊ တန်ဆောင်လွမ်းမီး
ဟုန်းဟုန်းညီးကို ၊ အပြီးညိမ်းသတ်
မရတတ်လည်း ၊ ရင်ပတ်စည်တီး
အချည်းနှီးမို့ ၊ စိမ့်စီးမျက်ရည်
ဝဲဝဲလည်ခြား ၊ မှုံမွှားမွှားမှ
ငုံ့အားငိုက်လှည့် ၊ စိုက်စိုက်ကြည့်သော်
ဘယ်သည့်ကြောင်းဖန် ၊ မသိတန်ရှင့်
ဆင်းကြန်လှဝါ ၊ လွမ်းကညာ၏
ယုယာတပ်မက် ၊ ငေးမှင်သက်လည်း
ခက်ထရော်ပြောင်းလွဲ ၊ ပြင်တလဲလျှင်
နီရွဲမျက်လုံး ၊ ဒေါရိပ်ဖုံးကာ
မီးစုန်းတောက်လျှမ်း ၊ ပွင့်ခမန်းတည့်
နုတ်ခမ်းဆတ်ဆတ် ၊ သွားချင်းခတ်မျှ
စိုလတ်မျက်ရည် ၊ မိုးစည်စည်လည်း
တန်ဆည်စဲသိပ် ၊ ပါးတွင်အိပ်၍
အဆိပ်လူးမြှား ၊ နှလုံးသား ထိ
အငိုက်မိသို့ ၊ သတိလွင့်မြော
တမေ့မောဝယ် ၊ ဇောချွေးစီးထန်း
ကြက်သီးဖြန်းရှင့် ၊ နီမြန်း ရှက်သွေး
မင်းရေးနန်းဟန် ၊ မာနမာန်လည်း
အလျှံဝင်းဝင်း ၊ ထင်းထင်းပေါ်လှာ
လွမ်းမျက်နှာလျှင် ၊ လဝါယုန်ရုပ်
တိမ်ငပုပ်မျို  ၊ မည်းမည်းညိုသို့
နန်းပျို ကြော့စင် ၊ လှသဇင်သည်
လက်တွင်ယုယ ၊ ဖေးမကြင်နာ
ပိုက်ပွေ့ရာတည့် ၊ သည်းချာတမျှ
ချစ်စွမောင်တော် ၊ သွေးရုပ်လှော်အား
ငုံ့သော်စောင်းလှည့် ၊ ပြန်မကြည့်ရဲ
မျက်လွှာလွဲ၍ ၊ သလဲမြေသန့်
သွေးလှန့်လှန့်သို့ ၊ ရုတ်တန့်ခိုက်ချင်း
လျှပ်တဝင်းဝယ် ၊ စိတ်တင်းမနိုင်
ငေးငိုင်ငံ့ငံ့ ၊ ဝံ့တဝံ့လျှင်
ကြောက်ဆွံ့နှုတ်အ ၊ လွှင့်ပစ်ချသည်
ဒေါသမုန်တိုင်း - ထန်ထန်နှင့်တကား ။   ။

အပိုဒ် ၂၇ မှ

မရှုအပ်သော ၊ ဆတ်လတ်ပူနွေး ...စာအုပ်ပါ စာလုံး အတိုင်းဖြစ်ပါသည် ။

ဆက်လက်ဖော်ပြပေးပါမည်

2း48 p.m
16.10.2017

မာန်
😢😢😢

ကဗျာဝတ္ထု .. အဆက် { ၈ }

ဒေါင်းနွယ်ဆွေ

{ ၂၉ }

ဒေါသမုန်တိုင်း ၊ ရင့်ရော်ရိုင်းရှင့်
လေလှိုင်းတို့လည်း ၊ သိပ်သိပ်သည်း၍
ညဥ့်မည်းနက်မှောင် ၊ သန်းယာမ်ခေါင်၏
လ..ရောင်စို့စို့ ၊ ကြယ်ယို့ယို့ယံ
ဇာတ်ချွေရံလည်း ၊ မညံဆိတ်ဆိတ်
တိတ်တိတ်တီးတိုး ၊ တခွန်းမျိုးမှ
မဖွင့်ဟကြ ၊ ရှိုက်ရရှက်ရှက်
ငိုခက်ခက်သည့် ၊ အတက်သော်ကောင်း
အဆင်းနှောင်းသူ ၊ ကြော့ဖြူ နွမ်းရိ
လွမ်းတမိကား ၊ အားရှိခွန်ကုန်
လှပ်လှပ်တုန်၍ ၊ ခြေစုံမတ်မတ်
မေ့မေ့ရပ်မှ ၊ ကြိုးပြတ်ရုပ်ခွေ
လဲကျချေသို့ ၊ အံ့တွေမောမော
သည်နံရောဝယ် ၊ ဒေါသချူ ပ်ကိုင်
မထိန်းနိုင်ကြိုး ၊ အိပ်လန့်နိုးလျှင်
" အို...! မျိုးယုတ်ညံ့သား ၊ သေးသိမ်မွှားသည့်
ဖုန်းစားညတြာ ၊ ဒွန်းစဏ္ဍာ.....
မဟာနွယ်စစ် ၊ ဧကရာဇ်၏
ရင်နှစ်လျာပြီး ၊ ငါ့သမီးကို
သွေးစီးပုပ်ယို ၊ မည်းနက်ညို သော
သင်လိုယောင်္ကျား ၊ နှလုံးသားဖြင့်
ကိုယ်စားမောင်တော် ၊ စတေးသော်မှ
လွတ်မြောက်ရမူ.....
ရာဇသမိုင်း ၊ ရိုင်းကြီးရိုင်း၍
တွေးတိုင်းသဲနာ ၊ ဆတ်ဆတ်ခါလျှင်
မဟာလိလိ - ရှက်ဖွယ်တိ..." ဟု
သံရှိကုန်ဟစ် ၊ ဆို့နစ်ကွဲအက်
တခဲနက်မျှ ၊ ခွန်းမြွက်စီးစီး
ရင့်ရင့်သီးလျှင် ၊ ဒေါမီးတောက်လျှံ
ရင်ဖွင့်အံသော် ၊ ငေးမော်ရုံမှ
ကျန်အပတွင် ၊ သွေးစ..လူးပေ
နှောင်းမျက်ရေယဉ် ၊.သက်လုငင်သည့်
ယခင်နံရော ၊ တရံသောဆီ
ညဥ့်တရီဝယ် ၊ တေးသီလက်စွမ်း
စောင်းဗျတ်ထမ်း၍ ၊ သဲလမ်းကွေ့မှောင်
လွမ်းဖွဲ့နှောင်သည့် ၊ ဟန်ဆောင် " မင်းသား "
သူဖုန်းစား၏ ၊ သည်းကြားရင်ဆိုင်
နှလုံးခိုင်သည် ၊ ဆုပ်ကိုင်ရမ်းမွေ့
ပြုတ်စင်ကြွေ့သည်
သက်ငွေ့ငွေ့ကျန် - လူးလန်လွန့်လွန့်နှင့်တကား ။  ။

{ ၃၀ }

သက်ငွေ့ငွေ့ကျန် ၊ လူးလွန့်​ လန်လျှင်
မာန် - မာန် - မာန် - မာန် ၊ ဤသည့်မာန်ကား
မီးလျှံပမာ ၊ တောက်လောင်လှာရှင့်
လွမ်းလျာဖုန်းစား ၊ စောင်းသမားမူ
ကျောက်ဖြူ ရဲတိုက် ၊ ဦးခေါင်းဆိုက်၍
လှမိုက်သူခက် ၊ နန်းသူညက်၏
ရက်စက်သီးရင့် ၊ မမျှော်လင့်သည့်
ခွန်းဆင့်စကား ၊ ဆတ်ဆတ်ကြားသော်
စွင့်နားစိုက်ထောင် ၊ မယုံယောင်လျှင်
သံဒေါင်ခုနှစ်စင်း ၊ ပစ်လှာသွင်းသို့
လွန့်ရင်းသက်ငင် ၊ မမြင်လရောင်
ကြိုးကြောင်ကြောင်တည့် ၊ အမှောင်တကွက်
သွေးတကွက်လည်း ၊ အကွက်ချင်းထိ
စက်ဝိုင်းညှိရှင့် ၊ မိုးရှိကြယ်ဆိုင်
ဖယောင်းတိုင်များ ၊ အငိုင်သားလည်း
ရှည်လျားလွမ်းဇာတ် ၊ အဆုံးသတ်ကို
မပြတ်မျက်ခြေ ၊ စောင့်ငံ့လေသို့
တွေဝေဆိမ်ဆိမ် ၊ နေနေညိမ်၏
ရေတိမ်မနစ် ၊ ရေလယ်နစ်သည့်
ပျို မျစ်နုနယ် ၊ သနားဘွယ်ကို
ငြိတွယ်မေတ္တာ ၊ စေတနာပင်
စိုက်ပျိုးချင်လည်း ၊ မြေပြင်ခင်းသန့်
မရှိရန့်သူ ၊ ဖုန်းလူတောင်းစား
စောင်းသမား၏ ၊ ကြီးမားကြီးထင့်
မြှော်ကောင်းလင့်သော ၊ သွေးဖြင့်စတေး
စွန်းစွန်း ထေးသည့် ၊ အတွေးကြေးမုံ
အလုံးစုံလည်း ၊ အမှုံစိပ်စိပ်
အလိပ်လိပ်အက် ၊ ကွဲကြေပျက်တည့်
အတက်.အဆင်း ၊ ရယ်ခြင်းနှင့်ငို
စက်ဝိုင်းလိုလျှင် ၊ ငိုခြင်းနှင့်ရယ်
ဝန်းဝန်းလယ်ရှင့် ၊ လျှပ်နွယ်တခက်
စိုးစစ်ပြက်သည့် ၊ သက်တန့်ရောင်နီ
ဘမ်းရချီသို့ ၊ မမှီမိမိ
စိတ်ကသိလည်း ၊ သတိလစ်ခိုက်
ကောက်ကောက်လိုက်သို့ ၊ လှမိုက်မိမာန်
ရက်စက်ထန်ပြင်း ၊ နှုတ်မြွက်လင်းသော
ဆိုရင်းစကား ၊ စေ့စေ့ကြားသော်
ခွန်အားရှိဆ ၊ လူးလွန့်​ ထလည်း
လဲကျ ပြန်တုံ ၊ အားအင်ကုန်၍
ခြေခုံမို့မို့ ၊ စိမ်းမိပျို့ အား
တို့တို့ထိနမ်း ၊ ရွရွစမ်းစဉ်
နောက်လှမ်းတုံ့ငဲ့ ၊ ခြေဦးဖဲ့ကာ
လှနွဲ့မိကလျာ ၊ ဆုတ်လှည့်ခွာမှ
လက်သာ ကိုယ်လွတ် ၊ ပူပြင်းမွတ်လျှင်
သွေးဆွတ်ဆွတ်ဆမ်း ၊ ရှိုက်အမ်းအမ်းမေ့
လျောင်းညွှတ်ခွေ့ရှင့် ၊ မြင့်စွေ့တိမ်စွန်
ငွေရည်သွန်းမှုန်း ၊ ကြယ်အားလုံးလည်း
ကြွေပြုန်းလွင့်လှာ ၊ သည်အခါမှ
မြေမှာပြန့်ကြဲ ၊ လှုပ်လှုပ်သဲလျှင်
စိန်ရွဲမြပွင့် ၊ ဖွဲဖွဲဆင့်သည်
လွမ်းရှင့်သွေးအိုင့်
မြိုင့်မြိုင့်စီးသံ တိတ်လှဲ့ပြီတကား ။  ။

{ ၃၁ }

လွမ်းရှင့်သွေးအိုင့် ၊ မြိုင့်မြိုင့်မြန်းနီ
လွမ်းပန်းချီ၏ ၊ ဇာတ်အိမျောမျော
ဆုံးအံ့သောတည့် ၊ သည်ရောစဉ်ခါ
သမယာဝယ် ၊ မြင်းခွာသံကုန်
ကဆုန်စိုင်းပေါက် ၊ ထိုးထိုးထောက်ထင့်
ကွေ့ကောက်သဲမျဉ်း ၊ မြူ ပါးပျဉ်းနှင့်
လမ်းကျဉ်းမြှောင်မြှောင် ၊ ကျွန်းရိပ်မှောင်မှ
တကောင်းမြင်းနက် ၊ ကုန်းနှီးထက်ဝယ်
ခံ့ထယ်ခိုင်ထွား ၊ ကြန့်ကြန့် ကြွားသည့်
ယောက်ျား လုလင် ၊ နောင့်မြင်းရှင်သည်
မည်းလွင်ဝတ်ရုံ ၊  နှောင်သိုင်းခြုံ၍
မြှော်ပုံတော်လှည့် ၊ ဝန်းလည်ကြည့်ကာ
သွေးပြည့်ပြည့်ထွန်း ၊ ဖိတ်စက်စွန်းသည့်
ရှေ့ယွန်းရဲတိုက် ၊ ဦးလှာခိုက်မှ
ကြုံ ကြိုက်ဘိတောင်း ၊ ရောက်စွာကောင်းလျှင်
ငယ်ဟောင်းချစ်သူ ၊ သဲထပ်တူမျှ
ချစ်လှာစွပြီး ၊ ရာဇမီးမွှေ
ထောင်းထောင်းချေကြောင့် ၊ .တမြေ..တဝေး
တကျေး..တရွာ ၊ ကွဲလွန်ကွာသည့် 
သစ္စာပွင့်ဖူး ၊ လှမိဦးနှင့်
မြင်မူးမတ်မတ် ၊ ကြိမ်ရလတ်သော်
လွမ်းငတ်မွတ်ဆာ ၊ မေတ္တာ စောင့်စည်း
မအောင့်အီးနိုင် ၊ လှကေခိုင်၏
လည်တိုင် ညွှတ်ပြော့ ၊ ကော့ရရော့အား
အသော့လှမ်းဖက် ၊ နွယ်ရစ်လက်ဖြင့်
ညံ့ညက်ပိုက်ပွေ့ ၊ မိုက်တမေ့ဝယ်
ဆွေ့ဆွေ့ မြှောက်ပါ ၊ သောအခါမှ
 ကညာနုနယ် ၊ ဆင်စွယ်ရုပ်ပြီး
မင်းသမီးလည်း ၊ ဟီးလေးတွဲခို
မငိုရှိုက်ရှိုက် ၊ မငိုက်မျည်းမျည်း
မသည်းကြွေကြွေ ၊ မဝေနှောင့်နှောင့်
မထောင့်ဖင့်ဖင့်၊ မလင့်သာသာ
ပြုံးမျက်နှာဝန်း ပီတိရွှန်းရှင့်
နစ်မွန်းဦးခေါင်း ၊ မှီတစောင်းတင်
သခင့်ရင်ဝယ် ၊ မျက်ရည်ပြယ်၍
မှေးတွယ်အိပ်စက် ၊ မှိန်းမှိန်းမှိတ်ကာ
သစ်ရိပ်ရှည်ငိုက် ၊ ကျောက်ရဲတိုက်နှင့်
နှစ်ခြိုက်အိပ်ပျော်၊ မနိုးသော်မည့်
သွေးဖျော်ဖုန်းစား ၊ စောင်းသမားအား
ချန်ထားရစ်လှဲ့ ၊ နောက်မငဲ့လျှင်
တေးနွဲ့သံညှင်း  ၊ သီချင်းသီလွင်
လည်ချင်းယှဉ်၍ ၊ ခွာလျှင်မြန်သော့
မြင်းနက်ကြော့၏ ၊ ဦးကော့မြီးဖွား
လွှားလွှားလွှင့်ပျံ ၊ ညိုးညိုးညံဝယ်
ရယ်သံ သိမ့်သိမ့် ၊ လှိုင်းလှိမ့်လှိမ့်ဖြင့်
ယိမ့်ယိမ့်ယိမ်းယိုင် ၊ ပျော်ပိုင်ပိုင်ပေ့
မီးတိုင်မှိတ်တုတ် ၊ ကြယ်လှုပ်လှုပ်လည်း
ကနုတ်ရှစ်ချွန်း ၊ ခရီးစွန်းအား
ညှိထွန်းလမ်းပြ ၊ ရွှန်းရွှန်းပသည်
ဝန်းလဝါဝါ
သာသာ မွန်းတည့်ချိန်တကား ။  ။

{ ၃၂ }

ဝန်းလဝါဝါ ၊ သာသောင့်သာသား
ခွာသံပြင်းပြင်း ၊ ဒုန်းမြင်းနက်ပျံ
ကဆုန်သံမူ ၊ နဘံကောင်းကင်
ရောက်အံ့ထင်တည့် ၊ သဇင်နှစ်ခိုင်
နှစ်ပင်တိုင်ကား ၊ သွေးအိုင်ဖြင့်ပြ
ဝန်းလဝါဝါ ၊ သာသောင့်သာသား
ခွာသံပြင်းပြင်း ၊ ဒုန်းမြင်းနက်ပျံ
ကဆုန်သံမူ ၊ နဘံကောင်းကင်
ရောက်အံ့ထင်တည့် ၊ သဇင်နှစ်ခိုင်
နှစ်ပင်တိုင်ကား ၊ သွေးအိုင်ဖြင့်ပြီး
ရင်းနှီး စွန့်ရဲ ၊ ကြိုးပြတ်လဲကြွေ
အိပ်ပျော်ချေသော ၊  ပဝေရှေးခါ
သာယာစောင်းညှင်း ၊ လွမ်းကြိုးတင်းသည့်
ယမင်းမိမွန် ၊ တယောက်ကျွန်သား
သူဖုန်းစား ကို ၊ လားလားမျှပင်
မခင်အသိ ၊ သတိမရ
ယစ်မူးစွဖြင့် ၊ မြင်းက.ခွာလျင်
စိုင်းနှင်သော့သွက် ၊ ဖျားမောင့်လက်ဝယ်
မှေးစက်အိပ်ရင်း ၊ မျက်တောင်စင်းဖြင့်
သီချင်း ဇာတ်ပေါင်း ၊ တငြောင်းငြိမ့်ငြိမ့်
နှုတ်ချို ဆိမ့်စွ ၊ ကျောက်အိမ့်ရဲတိုက်
ဦးခေါင်းစိုက်လျောင်း ၊ ဖုန်းသူတောင်းမူ
စီးချောင်းမြစ်ဖြာ ၊ သွေးမွေ့ယာဝယ်
မေတ္တာ. စောင်း.နှိုး ၊ လွမ်းကြိုးမသီ
နိုင်ပါပြီတည့် ၊ သိင်္ဂီဖူးသစ်
လှမာန်ယစ်၏ ၊ ကြွင်းရစ်ကိုယ်စား
နောက်ဆုံး ပါးသည့် ၊ လွင့်လျားလေတွင်
သဲ့သဲ့ ထင်သော ၊ တေးလွင်သံမြ
ချို စစနှင့် ၊ ဝေးမှခွာသံ
လွင့်လွင့်ပျံကို ၊ နားယံစွင့်စွင့်
မကြားလင့်တော့ ၊ သွေးဖြင့် ယက်ဖောက်
အနီသောက်သည့် ၊ ဟောက်ပက်ရော်ရော်
မိုးမျှော်မျက်လုံး ၊ ပွင့်နှစ်ကုံးကား
အပြုံး မပျက် ၊ မမုန်းရက်လျှင်
ပုန်းဝှက်နောက်ကွယ် ၊ အနက်ကျယ်သည့်
ရယ်ဘွယ် သောသော ၊ ဤလူ့လော၏
သဘောသကန် ၊ သရုပ်မှန်ကို
လွန်ပြန်ပြီးမှ ၊ ရလေစွ...ဟု
နောင်တနိဂုံး ၊ သွယ်မဆုံးရှင့်
လွမ်းရှုံး ဇာတ်ရှု ၊ ရင်ထုမနာ
ဖြစ်ရစွာတည့် ၊ တိမ်လွှာ လည်းငို
ကြယ်လည်းငို၍ ၊ လငို.လေငို
အားလုံး ငိုလည်း ၊ လူညိုဖုန်းစား
စောင်းသမားမူ ၊ ကြည်ဖြူ နှစ်ခြိုက်
အိပ်ငိုက် တရေး ၊ မနိုးသေးပြီ
သွေးသည်သစ္စာ. ....
စစ်စစ်စိုးစိုး စွေစွေတကား ။   ။

{ ၃၃ }

သင်မယုံလည်း
သင်ယုံသောခါ ၊ ဤကဗျာသည်
စီးလှာမျက်ရည် ၊ စမ်းစမ်း စိမ့်လိမ့်တကား ။  ။

ဒေါင်းနွယ်ဆွေ

{ ၁၉၅၃ - ခု ဇူလိုင်လ၌ စီကုံးပြီးစီးသည် }

No comments:

Post a Comment