ဆရာဒေါင်းနွယ်ဆွေ၏ ကဗျာ(၄)ပါ
မဟာစန္ဒကူးပင် ကဗျာဂန္ထဝင်စစ်တမ်း
❆❆❆❆❆❆❆❆❆❆❆❆❆❆❆❆
(၁)
နှစ်ပေါင်းရာထောင်
ကြာရှည်အောင်တည့်
အခေါင်ပန်းမင်း ပျံ့သင်းဆွတ်ကျူး
``စန္ဒကူး´´ပင် ငါစိုက်ချင်၏
လင်္ကာ ကဗျာ ပန်းထွတ်တင်။
(၂)
သို့ပါသော်...
လမ်းလွဲချော်၍ တော်ရာမနေ
``ဘော်´´ ရှာဖွေရ ငါ့ဘဝသည်
ဆန္ဒဆန့်ကျင် စိတ်လျှင်တခြား
ပိတ်ကားပြောင်းပြန် ဇာတ်လမ်းသီ။
(၃)
လက်တိုဂျင်ဘူး လျှာဖြင့်လူးလျက်
ထွန့်ထွန့်တက်ငို နို့ချိုမွတ်ငတ်
အားပြတ်လွန့်တွား သားသားလေးတွက်။
(၄)
တစ်ဖက်လွတ်စာရွက် ဂဏန်းတွက်ရင်း
သက်ပြင်းဖိုလှိုက် ငိုရှိုက်လေယောင်
တောက်ခြစ်မြောက်ရေး သမီးလေးတွက်။
(၅)
ဆန်အိုးကြွက်ဖောက် ခွက်မှောက်ထမင်း
``အပင်းလျှိုဟဲ့ ဆီဆားနဲ့...´´ဟု
ရှုံ့မဲ့ညည်းတွား ချစ်မယားတွက်။
(၆)
စောင်ရေထောင်သောင်း ဈေးကောင်းမီလိုက်
အမှိုက်ထဲမှာ ရွှေမှုန့်ပါသို့
စန္ဒကူးပင် စိတ်တွင်ဖျောက်ထား...
စားရေးသောက်ရေး ဝမ်းမီးနွေးရန်
နွားချေးမြေစာ တွေ့ရာမြေကွက်
လက်ဖြင့်ယက်တူး ပွင့်ဖူးချိန်မီ
ရုံးပတီ,ချဉ်ပေါင် သီးအောင် ခရမ်း
စားလမ်းတွင်ကျယ် မြန်မြန်ဝယ်မည့်
ဆူလွယ်နပ်လွယ် ``ဝတ္ထု´´နယ်မှာ
ပြစ်မှုသွယ်ယှက် သွေးစက်စီးကျ
သဲလွန်စပျောက် ခြေရာကောက်ရင်း
မိုးသောက်နေဝင် ကလောင်နှင်ခဲ့
ဝင်ငွေကောင်းလှည့် ဗိုက်ဖောင်းပြည့်ကာ
သိုက်ပြောင်းမိသော သူကြွယ်လိုလို။
(၇)
ဘီယာသောက်ပွဲ ရေခဲသေတ္တာ
ဧည့်လာစည်ကား ဟားဟား ...ဟေးဟေး
ရယ်သွေးချိုပြုံး လူကုန်ဆန္ဒ
လောကသည်... ငွေ ရော့လေ ... ပေးအင့် ...
စားပိုးနင့်မျှ သုခတောင်ထိပ်
ခေါင်းညိတ်လိုက်ရာ ငွေရောက်လာလည်း
ဘာမျှမသိ ငါ့ရင်မှာ
ဘာမှမရှိ အနုပညာ
စာဘဝနတ္ထိ .... ကဗျာလင်္ကာ။
(၈)
လမ်းအမှား၏ ဖမ်းစားခြင်းမှ
လွတ်မြောက်ရသော် ရသလမ်းဟောင်း
စောင်းငဲ့ပြန်ကြည့် မျက်ရည်ပြည့်လျှံ
ကျောက်နံရံမှ ဖောက်တန်းယိုထွက်
စမ်းရေစက်သို့ ငါ့လက်တွင်မာန်
မုန်တိုင်းထန်စွာ ကာရန်မိုးကြီး
ရွာပြီးမစဲ တိမ်ခဲတိမ်နက်
လက်နှင့်တွန်းပုတ် မောင်းလွှင့်ထုတ်သို့
တစ်ပုဒ်ကဗျာ ရေးလာအစ
ပင်မအနှစ် ရေသောက်မြစ်ပွား
ရွက်ထွားကွန့်မြူး စန္ဒကူးပင်
ပေါင်းသင်မျိုးချ စိုက်ခွင့်ရပြီ
ဘဝတဖန် ရှင်သန်နိုးထ ကဗျာမြေ။
(၉)
ငတ်ငတ်ပြတ်ပြတ် ဘဝဇာတ်မှာ
ဗလာဟောင်းဟောင်း ဝမ်းခေါင်းအူမ
ပါးလျပွန်းပဲ့ မပူခဲ့ချေ
လူနဲ့နေသမျှ လူ့အလှကို
ဘဝမှာသာ ကာရန်ရှာမည်
သပြာငွေကြေး သွေးအဆိပ်တက်
စားခွက်ပြည့်ခိုက် မူးမိုက်ဝေယစ်
ပဆစ်ကစား ကျားစာလည်းဖြစ်
သားအပုပ်သိုး ငှက်ဆိုးစွန်ချီ
``ရှယ်လီ´´ရဲ့မာန ပြာကျသော်လည်း
အသည်းမာကျစ် ကျောက်ကြွင်းဖြစ်သတဲ့
ကျန်ခဲ့ရာစု ဘာတစ်ခုမျှ
လောကတာဝန် မကျေပွန်သေး
ကဗျာကြွေးဆပ် ငါကျေနပ်သည်
မျက်ရည်မင်စက် စာပန်းခက်တို့
အိပ်မက်ဆိုးမှ ခုန်ထွက်ပြီ။
(၁၀)
ဆင်းရဲတံခါး ငါဖွင့်ထားမည်
ငါ့ယုံကြည်ချက် ငါ့အိပ်မက်မှာ
ကဗျာ... ကဗျာ... သူသာကြီးစိုး
မိုးကောင်းကင်သည် ငါ့ဖခင်
မြင်မြင်သမျှ မြူစမြူမှုန်
အာရုံငါးပါး ခံစားဝေခွဲ။
(၁၁)
အို ... စန္ဒကူးပင်သာ
စိုက်ပါတော့မည် ငါ့အားမာန်ဖြင့်
အမှန်တရား နှလုံးသားကို
သူဖုန်းစားလုပ်၍ လက်ဖြန့်မတောင်းပြီ။ ။
ရှုမဝရုပ်စုံမဂ္ဂဇင်း၊ မေ ၁၉၈၇
ဒေါင်းနွယ်ဆွေ
စာအုပ်ပါအတိုင်း ကူးယူဖော်ပြပါသည်
ဒေါင်းနွယ်ဆွေကဗျာပေါင်းချုပ် မှ
ဆရာ့ကဲ့သို့ ကဗျာအလင်္ကာအပေါ်၌ သစ္စာစောင့်သိနိုင်ကြပါစေကုန်သတည်း။
ရင်ခွင်သစ္စာ
မာနလွန်ပြီးကာလ၏
မေတ္တာစောင်းချင်းသစ်
-----------------------
ဒေါင်းနွယ်ဆွေ
ငယ်နုစဉ်က
ဒေါသမာန်ဟုန်၊ သိမ့်သိမ့်တုန်လျက်
ဂဠုန်ခေါင်းဖြတ်၊ နဂါးသတ်ကာ
မာနမီးတောင်၊ ရဲရဲလောင်၍
အခေါင်မြင့်ကျူး၊ တောင်ထွတ်ဦးကို
နဖူးနှင့်ရိုက်၊ ဒူးနှင့်တိုက်လျက်
ရူးမိုက်သော့သွမ်းခဲ့ဖူးသည်။
ကျော်ကြားမှုလွန်၊ ကြယ်တံခွန်ကို
တိမ်စွန်မိုးမြင့်၊ လူးလွန့်ပျံတက်
မာန်ကွန်ရွက်ဖွင့်၊ ငါ့ထက်သာလျှင်
သေဖို့ပြင်လော့၊ ကောင်းကင်ပမာ
ငါ့ပညာကို၊ ဖြတ်ကာကျော်လွှား
ပမွှားထိုငှက်၊ ကျိုးပျက်တောင်ပံ
မိုးထက်ယံမှ၊ စောက်ထိုးကျလိမ့်
အတ္တကြီးမား၊ သီးခါးလှစွာ
ဆရာမွေးခံ၊ တပည့်ရံကာ
မာနစောင်းကြိုး၊ မြစောင်းကြိုးမှ
မီးခိုးမီးလျှံ ထတောက်တော့လေမယောင်။
ယခုအခါ၊ ဇရာလမ်းခွ
လက်ပန်းကျ၍၊ ဘဝသစ်သီး
မှည့်ချိန်နီးကာ၊ ကြွေလုပါသော်
မာနဖွေရှာ၊ မတွေ့ပါပြီ
ခေါင်းမှာဆံစ တံခွန်ဖြူ။
အို...မာနဟူသည်၊ နှင်းရည်နှယ်ပျော်
ကျော်ကြားမှုများ၊ ကြွေသွားပန်းပွင့်
လေဝယ်လွင့်၍၊ ရော်ရင့်စုပြုံ
အမှိုက်ပုံသာ၊ ဝတ်ရုံဒေါသ
စုတ်ပြတ်မွလျက်၊ အတ္တဓားအိမ်
ကောက်လိမ်ကျိုးပျက်၊ ပင့်ကူတက်ကာ
ငါ..ဆိုသော..ငါ၊ အဘယ်မှာနည်း
ထိုခါမျက်ရည်၊ တန့်မဆည်နိုင်
ငါသည်ခွင့်လွှတ်၊ ပန်းပွတ်သမား
နှလုံးသားဖြင့်၊ ပန်းများခိုင်ခိုင်
မွှေးကြိုင်ဆွတ်ပျံ့၊ရနံ့သင်းဖြာ
မာနအဆိပ်တက်၊ ငါ၏လက်တို့
ဆယ်ခက်သောကြာ၊ ဖူးပွင့်လာသည်
မေတ္တာစောင်းကြိုး
ပြန်နိုးသစ်သစ် တီးခတ်သတည်း။ ။
ဒေါင်းနွယ်ဆွေ
(၁၉၈၅ - မတ် ၊ ရှုမဝမဂ္ဂဇင်း)
ကြယ်မုန်းသူ့ ညလင်္ကာ
💫💫💫💫💫💫💫💫💫
ဒေါင်းနွယ်ဆွေ
ကြယ်ကလေးတွေ ချော့ကာသိပ်ပေမယ့်
မပြယ်ရှေးပဝေ, အတိတ်ဆီက
စပယ်မွှေးတွေ အဆိပ်ခတ်သလိုပ
တနယ်, တကျေး , တမြေ. , အရိပ်မှာလ
တွယ်တမှေးနေ. , မအိပ်စက်နိုင်သာဘု
မှောင်ရိပ်မှာ လင်္ကာသီလို့
လွှာမဟီ အသဲမြေနွမ်းသော်လဲ
အခဲမကြေ. ,လွဲမသွေ , ကိုယ်သာလွမ်းရမို့
ပုလဲချွေစမ်း , ခွဲချေတမ်း ပြိုင်လိုက်ချင် ။
" ကြယ် " ဆိုရင် ဘယ်သူမုန်းနိုင်မလဲ
လင်္ကာကုံး စာတခိုင်နှင့်
ဘယ်သူပြိုင် , ဘယ်သူပြုံးပေမဲ့
သူအနိုင် , ကိုယ်အရှုံးပါဘဲ
အပူဆိုင် ကိုယ်နှလုံးမှာဖြင့်
မြူ တိမ်မှိုင် မှောင်မှောင်ဖုံးသလိုပ
နှောင် နှောင်လေ. ,လွတ်လွတ် မရုန်းသာခဲ့
ချစ်ထုံးမြှင် သူဖြေတော့
အမုန်းပွေပွေပိုခဲ့
အဖြူ ဆို အမဲစက် မစွန်းရအောင်
မြှူ ချို ချို ပုလဲခက် အမွန်းတွေကြောင့်
( ကွယ် )
အသဲပျက်ယွန်းကြွေခဲ့.... သခင် ။
ဒေါင်းနွယ်ဆွေ
- ပန်းဖူးနွယ်ညွှန့်
- မလွန့်သာအောင်
- ကျောက်တောင်နှင့်ဖိ
- သတ်လေဘိလည်း
- ဘူမိမြေမှ
- အမြစ်ကြွ၍
- မိုးဝတိုင်ရောက်
- တိုးဝင်ဖောက်သည်
- အို . . . ကျောက်တောင်ကြီး
- သင်သာရှက်ဖွယ်လိလိတည်း။ ။
- ဒေါင်းနွယ်ဆွေ
- အားမာန်သစ်ကဗျာ
- (မြရွက်လှေ ကဗျာများ ကဗျာစာအုပ်မှ)
No comments:
Post a Comment