Friday, February 9, 2018

ပျောက်ဆုံးနေသော ရဲတိုက်ကြီး
@@@@@@@@@@@@@@@

( ရကန်သီ လွမ်းချင်း )

ဒေါင်းနွယ်ဆွေ

{ ၁ }

တိမ်မင်းလွင် ၊ ကောင်းကင်ငွေလှိုင်း
                 ဝေဝေသာဆိုင်းတော့တယ် ။  ။

မှိုင်းညို့ညို့  ပြာပြာမှောင်
သာခွာရောင်  ကွန့်ကွန့်မြူး
လွန့်လွန့်ငယ်  ငုံငုံဖူးသည့်
စုံဦးဂနိုင်  ပန်းမြိုင်မြိုင်မှာ
စမ်းအိုင်ရေသွန်း
ကျောက်တောင်စွန်းရေတံခွန်
စီးသွန်တဝေါဝေါ  
ပန်းမျောမျောပွင့်ပွင့်ကြွေ
ရေကြောင်းကို စွေသော့ခါ
လှိုင်းပြာပြာကွန်ယက်
ငွေဇာခက်ပန်းပွား
ကမ်းပါးကိုဖွေးဖွေးရိုက်
ဦးခေါင်းနှင့် အပြေးတိုက်လေသော်
မျဉ်းငိုက်အိပ်ပျော်.  ရေမော်စိမ်းစိမ်း
နွဲ့နွဲ့ငယ် ယိုင်ယိုင်ယိမ်း၍
တိမ်းမှောက်လူးလူး
ဝဲယက်မှာရေဆန်ကူးကာ
ကြည်နူးပျော်ရွှင်
စမ်းရေပြင်သာသာနမ်း
လှိုင်းကြမ်းကြမ်းလှုပ်  ဝဲယက်ယက်ပုတ်တိုင်း
မြုပ်ချီ ပေါ်ချီ   သီကရီနှင့်
မြနဒီ  ရေဇလာ
ငွေလှိုင်းတွန့်တွန့် သာဖြာတော့တယ် ။   ။

{ ၂ }

ငွေတွန့်လှိုင်း ၊ စက်ဝိုင်းသွဲ့သွဲ့
                 ဝန်းဝန်းသာဖွဲ့တော့တယ် ။   ။

လဲ့လဲ့စိမ်း ကြည်ကြည်လင်
စမ်းရေပြင်  ပြာပြာအောက်
ဒိုးယိုဖောက်၍  ကျောက်ခက် ကျောက်အိမ်
ရေညိမ်ညိမ်  သဲငွေနု
ပုလဲရွှေခရုဖြူ ဖြူ
ရေနန်းသူ  ကြော့ယမင်း
သဲခင်းပြန့်သဉ္ဇာ
ငွေကမ္ဗလာကြော့ညက်
ကျောက်သလွန်ထက်တွင် ရွှေစက်တော်ခေါ်
တရေးသာပျော်ကြသည် ။
ရေပေါ်ပျံလူး
ရွှေဆူးတောင် ပြက်ပြက်လှုပ်
ငွေရေမြုပ်  ပလုံစီ
ပုလဲလုံး ဝေဝေသီသည့်
သိင်္ဂီရောင်ရွှေငါး
ရေမင်းသားကလေးနှင့်
မိတ်သင့်ဆွေဖော် ၊ ရွှေလှော်ရုပ်လွန်
ရွှေပုဇွန်မြီးရှည်  ၊ ရေကြည်ကိုဖောက်
အသက်ရှူ ပေါက်ရှာတော့ကာ
လသာသာ ကြယ်လက်လက်
ကောင်ကင်ထက် တိမ်ရထား
အရိပ်များ ကူးဟပ်ထင်
စန်းယုံရိပ်  ရေးရေးမြင်သော်
အဖော်တသင်း  ရွှေငါးကြင်း ခုန်ပျံ
ရွှေငါးတန် ရေလူး
မြူးကြငယ်တည့် တရွှင်ရွှင်
စမ်းရေပြင်  တငြိမ့်ငြိမ့်
လှိုင်းလိမ့်လိမ့်  ရေယမုံ
သာကြောင်းလွမ်းဘွယ် သွယ်သွယ်သာစုံတော့တယ် ။  ။

ဆက်လက်ဖော်ပြပေးပါမည်
1း00. p.m
27.9.2017
အပိုင်း  ( ၂ )
&&&&&&&&&&&&&&&

{ ၃ }

လွမ်းဘွယ်စုံ ၊ ရဂုံစမ်းရေ
                စိမ့်စိမ့်သာစွေတော့တယ် ။  ။

တောင်ရေတံခွန်ဖြိုင်ဖြိုင် ၊ တောမြိုင်လုံးဟီးဟီး
ရေစီးထန်ပြင်း ၊ ကွေ့ဆင်းရစ်ရစ်ဖြာ
ကျောက်ဆစ်လွှာကျောက်ခက် ၊ ပတ်ကြားအက်ဝယ်
သစ်ရွက်ကယ်ရော်ဝါဝါ ၊ ကြွေလာတသဲသဲ
တဖွဲဖွဲ သိင်္ဂီရောင် ၊ စမ်းမြှောင်ရေပေါ်
သစ်ရွက် လှေလှော်ကြသည့်နှယ်
သဗျက်နွယ်မြေရှောက် ၊
စမ်းရေကို ငုံ့ကာသောက်ကြ ၊ ဂျီဟောက်သံပြိုင်
ဒရယ်, စိုင် တွေတွေ ၊ နားစွင့်နေစဉ်
ဝံပုလွေ နက်နက် ၊ တောစပ်ဘက်မှ
ပြေးထွက်လွှားလွှား ၊ လိုက်လေငြားသော်
သားကောင်တောလန့် ၊ ခင်းပြန့်ပြန့်မြေ
မနေကြရဲ ၊ တကွဲတပြား
ကြောက်အားငယ်ဖိုဖို ၊ သစ်ရိပ်ညိုတောစပ်အရောက်
ပြေးဝင်ပျောက်ပုန်းအောင်း ၊ စားကျက်ပြောင်းမှ
ကျားချောင်းခုန်အုပ် ၊ ရွှေသမင်လယ်ချောင်းစုပ်လေသော်
သွေးမြုပ်တခဲခဲ ၊ သွေးချောင်းနီနီရဲ၍
ကိုက်ဖြဲကုပ်ခြစ် ၊ သွေးတစစ်စစ်နှင့်
ကျားသစ်လည်း ထွေထွေပေါ
တောဝက်လည်းညံညံဆူ ၊ တောခွေးအ တအူအူ
မှောင်ထဲက မျက်လုံးပြူ လျက် ၊ ရန်သူလိုသဘောထား
ရင်ဆိုင်တွေ့ကြငြားသော် ၊ ကျားလည်းမာန်ဖီ
အစွယ်ဝင့်ဝင့် ချီသော့ခါ ၊ ပြေးလာကျားသစ်
စားမုံယစ်၍ ၊ တရစ်ရစ် တရုံးရုံး
ထွေးလုံးသတ်ပုတ် ၊ တကောင့်အရေ တကောင်ဆုတ်ကာ
စီးဖြာသွေးစက် ၊ မြိုင်နက်သေလာ
ကြောက်ဖွယ်ရာသားကောင်ကြမ်း
ပြည့်ပြည့်ဝှမ်းဝှမ်းသာ ပြွမ်းတော့တယ် ။

{ ၄ },

ကြောက်မက်ဖွယ် ၊ စုံလယ်ကျေးမြိုင်
                       သွေးအိုင်အိုင်သာ ထွန်းတော့တယ် ။

သစ်ကျွန်းရိပ်ဆိုင် ၊ သည်ဂနိုင်မှာ
လွမ်းစရာလည်းနှော ၊ ကြောက်မက်ဖွယ် တောမှောင်မှောင်
စမ်းမြှောင်ကွေ့ရစ်ဆင်း ၊ တောင်ခြေရင်းတနေရာ
မြှော်၍ ကြည့်လိုက်ပါသော် ၊ ရွက်ဝါရွှေတသောသော
လေသင့်ရာ လွင့်လွင့်မျောသည့်
ချူံ တောပြိုင်းပြိုင်းတွယ် ၊ ချူံ နွယ်ကိုင်းကိုင်းပတ်
မီးလောင်သစ်ငုတ်ပြတ်တို့အပြင်
တောဆင်ခြေရာ ၊ ခွာနက်နက်နင်း
ချို င့်တွင်းတို့ပြည့်လွှမ်း ၊ လမ်းလည်းမဖောက်
မြက်ရိုင်းထူထူပေါက်လျက် ၊ ကျောက်ရဲတိုက်အို
အမှောင်ကိုကျောပေး ၊ ကောင်းကင်ကို ငေးသည့်နှယ်
ထယ်ထယ်ထီးထီး ၊ ကြီးကြီးရယ်တဲ့ ခိုင်ခိုင်
ကျောက်တိုင်ကျောက်ခုံ ၊ ကျောက်ဆုံရွေ့ရွေ့လျား
ကျောက်တံခါး အသေပိတ် ၊ သံချိတ်သံယက်မ
ကျောက်တုံးကို ဘယ်သူကြွအောင်
မ,မနိုင် မဖွင့်နိုင် ၊ သံတိုင်အချောင်းချောင်း.
သံနှာမောင်းအဆင့်ဆင့် ၊ မဖွင့်မည်မျှ ကြာ
ကြေးဝါဝါလှေးလှေး ၊ သံချေးညှိညှိတက်
ကျောက်သားလည်း ကွဲကွဲအက်ကာ
ပြိုပျက်ယွင်းပါး ၊ ကျောက်လှေခါး အထစ်ထစ်
အရစ်ရစ် အပိုင်းပိုင်း ၊ အဆစ်ဆစ် အပြိုင်းပြိုင်းငယ်နှင့်
လွမ်းချင့်သူများ ၊ သည်းကြားဆွတ်ဆွတ်ကျင်
ကြွေဘဝင်ခုန်ခုန်
ရွှေရင်တုန်တုန်လှပ်လှပ် ဖိုတော့တယ် ။

ဆက်လက်ဖော်ပြပေးပါမည် ။
1း58 p.m
28.9.2017

❄❄❄❄❄❄❄❄❄❄❄❄❄❄

{ ၅ }

ရင်လှပ်ဖို ၊ ကျောက်အိုရဲတိုက်
            အမှောင်မှာ ယွန်းယွန်းသာ, ငိုက်တော့တယ် ။  ။

နှင်းဖြိုက်ဖြိုက် တဖုံဖုံ ၊ မြူ မှုံမှုံ သမ်းသမ်းဝေ့
ကြွမ်းတမြေ့. ချမ်းသလေ့ ၊ နွမ်းတသွေ့. လမ်းမတွေ့
လွမ်းဓလေ့ ရင်နာနာ ၊ ကြင်ကြင်လှာလှဲ့
အဖော်မမဲ့သူပမာ ၊
ဆောင်သာဗွေ အခန်းခန်း
မှောင်ပြာဝေ အကန်းကန်း
တောင်လာလေ တဖျန်းဖျန်းရယ်နှင့်
ခြူးပန်းနွယ်လိမ် ၊ ကျောက်အိမ်ရဲတိုက်
အထဲသို့ ဝင်လေလိုက်လျှင် ၊ ခြကိုက်ပန်းပု
ရှေးဟောင်း ပြုသည့် ၊ အနုပညာ
လက်ရာရှေးဟောင်း ၊ ကောက်ကြောင်း ယိုးဒယား
ပန်းခက်များနှင့် ၊ ဆေးသားမှိန်မှိန်ပြယ်
ပန်းခြယ်ပန်းတမော့ ၊ ပန်းနွယ်ပန်းကတော့နှင့်
စွယ်ကော့ရုပ်နဂါး ၊ ကျောက်လှေခါးစောင့်
အမှောင်ဒေါင့်က ၊ လုံးတောင့်သွယ်ရစ်
မျက်ဆစ်နီလာ ၊ မြသန္တာ နီညိုမောင်း
ဦးခေါင်းကို မော့မော့ထောင် ၊ အာခေါင်ကို စွေစွေဟ
ဒေါဝေဝေကြွလျက် ၊ ပါးခွက်ချို င့်တွင်း
ပါးပြင်းရဲရဲမောက် ၊ အသက်တခါပျောက်အောင်
ပေါက်လေတော့မလား ?????
တခန်းသွား တခန်းဝင် ၊ တခန်းပြင်တခန်းထွက်
ငှက်ရုပ်ကိန္နရာ ၊ ချိတ်ကာတွဲလဲ
ရဲတိုက်မျက်နှာကြက်မှာဆွဲ၍ ၊ တဲတဲပြုတ်ကျ
လေတိုက်မှ နဲ့နဲ့မခံ ၊ ယိမ်းယိမ်းပျံ  နွဲ့နွဲ့လှုပ်
ဟင်္သာရုပ်တမျိုး ၊ တောင်ပံကျိုးအစ
ပင့်ကူမအိမ်တွယ် ၊ ရောင်စုံကြိုးသွယ်ခဲ့
မှောင်စွယ်တကွေ့ ၊ ဟောဟိုရှေ့မှာ
တွေ့ရလေပြန် ၊ ကုမ္ဘန်နတ်မှူး
သားစားကျူးသည့်  ၊ ဘီလူးရက္ခ
ဒူးချဆောင့်ဆောင့်ထိုင် ၊ ပတ္တမြား သံလျက်ကိုကိုင်ကာ
လာသမျှလူ ၊ ဆူလေရော့ သွေးပွက်ပွက်
သံလျက်နှင့်ပိုင်းပိုင်းခုတ်  ၊ ဦးခေါင်းကို ဖြုတ်တော့မည့်ဟန်
ဇောပြန်ချွေးစီး ၊ ကြက်သီးတမြမြ
တကျောလုံး ဖိန့်ဖိန်ထအောင် ၊ အမှောင်နှင့် မည်းမည်း
အသက်ရှူ သာ ကြပ်ကြပ်တည်းတော့တယ် ။   ။

ဆက်လက်ဖော်ပြပေးပါမည်
#####################

{ ၆ }

သက်ရှူ ကြပ် ၊ ငေးရပ်တွေဝေ
                 မှိုင်းမှိုင်းသာ ထွေတော့တယ် ။  ။

ကဝေစက် ယန္တယား ၊ ကြိုးများတပ်ဆင်
ပင့်ကူမြှင် ပင့်ကူမြှေး ၊ ထွေးထွေးသွယ်ရှုပ်
ကျောက်ရုပ်အဆင့်ဆင့်
ကျောက်တံခါး တချပ် တချပ် ဖွင့်တိုင်း
သမိုင်း ပုံပြင် ၊ ရာဇဝင်ပြတိုက်
တော်ထိုက်ပြခန်း ၊ ဆန်းဆိုသမျှ
အံသြရမကုန် ၊ ကျောက်ဂဠုန်လက်သဲ
နှုတ်သီးရဲရဲနီ ၊ ချီမယောင် သုတ်မယောင်
အတောင်ပံ ဖြန့်ဝဲ ၊ ပျားပန်းဆွဲတွင်
ချိတ်ငင်၍ထား ၊ ရှေ့ကျော်သွားသော်......
ကျောက်သားပကတိ ၊ ကျောက်မိချောင်းတကောင်
မြီးထောင်လျားလျားကော့ ၊ ဦးခေါင်းကြွားကြွားမော့၍
စားတော့မလား ၊ ဝါးတော့မလို
မျို တော့မလောက် ၊ သွားကောက်ချွန်းချွန်း
သွေးမစွန်းလည်း ၊ စွန်းခဲ့သယောင်
ပြောင်ပြောင်ရွှန်းရွန်း ၊ မျက်ဝန်းကျောက်သန္တာ
နီလာရွှေခြယ် ၊ တခန်းကွယ် တခန်းရောက်
ရွံ့ကြောက်စိုးလွန် ၊ မှောင်စွန်ဟိုတဘက်
တံခါးရွက်အနား ၊ လှမ်းတုံ့တုံ့ သွားပြန်သော်
နယားပျံ ရုပ်ထု ၊ အမှောင်ကို ဖီလာပြု ၍
ပန်းပုကျောက်စီ ၊ ကျောက်နီဥဿ     ဖရား
နဂါးဦးခေါင်း ၊ လေးချောင်းခြင်္သေ့
ပြကတေ့ ကြောက်စရာ ၊ လွန်ခဲ့ပါလျှင်
ရွှေခြင်္သေ့မျိုးဖွား ၊ တိုးနယားရှူးပျံ
ပိတုံးရုပ်ထယ်ထယ်ခံကာ ၊ အလျှံဝင်းဝင်းလက်
ဂေါ်မုတ်ရောင် ဖိတ်ဖိတ်ပြက်၍ ၊ ကျောက်ခွက်နှုတ်ခမ်း
ခြေတဘက် မြှောက်မြှောက်လှမ်းကာ
တောနင်းနှံ့နှံ့ရှာသည့်ပုံ ၊ လွန်ပြန်တုံက
ကြာမုံချပ်လွှာ ၊ ကုမုဒြာ စမ်းအိုင်
ကြာခိုင်သွယ်သွယ်ရိုး ၊ ကြာဆိုင်နွယ်နွယ်ချိုးကာ
ပျံလာကြက်စား ၊ ခွာဖျားသာသာထောက်
ဒုန်းစိုင်းသော့သော့ပေါက်လည်း ၊ ခွာအောက်ရေမစို
အဿ     ထိုရကျောက်မြင်း ၊ တောင်ပံကို ဖြန့်ဖြန်ခင်းလျက်
တိမ်မင်းမြူ လွင် ၊ ဆွတ်စားရန် ဟန်ပြင်သည့်နှယ်
အံဘွယ်စိုးစိုး ၊ လမ်းတဆစ် လှည့်ကာချိုးပြန်သော်
ဘုန်းတော်များကျွန် ၊ ကျောက်ချွန်ပန်းပု
သွန်းလုပ်ထုသည့် ၊ မနဿီဟ
နှစ်ခွနှစ်သွယ် ၊ နှစ်ကိုယ်ထယ်နှင့်
စီခြယ်ကျောက်ကြမ်း ၊ ကိုယ်တခြမ်းက ခြင်္သေ့
ဒေါကြွေ့ကြွေ့လျှင် ၊ သွင်ပြင်ကွဲပြား
ခေါင်းကားလူ့ခေါင်း ၊ လက်နှစ်ချောင်းရှေ့ပေါက်
ခြေထောက်လေးဘက် ၊ မြီးနှစ်ခက်ဖွားဖွားထောင်
လူယောင်သူယောင်ဖန်ဆင်း ၊ ခြသေ့င်္မင်း ပရိယာယ်
ကြောက်ဖွယ်ယိုးမှား ၊ ကျောက်တံခါးအထပ်ထပ်
အချပ်ချပ် စောင့်ကြည့်အုပ်ချူ ပ် ၊ ကျောက်ရုပ်အခမ်းခမ်း
အလမ်းလမ်းသာ မြိုင်တော့တယ် ။   ။

စာအုပ်ပါ စာလုံးပေါင်း သတ်ပုံ အတိုင်းဖြစ်ပါသည်

ဆက်လက်ဖော်ပြပေးပါမည်
*************************

{ ၇ }

ကျောက်ရုပ်စောင့် ၊ လမ်းဖြောင့်လမ်းကောက်
                       စမ်းစမ်းသာလျှောက်တော့တယ် ။  ။

တခေါက်လာ တခေါက်သွား ၊ လိပ်ပြာသက်ရှူ မှားအောင်
အခမ်းဆောင်ဗဟို ၊ မှောင်ညိုနှင့်မဲမဲ
မသဲကွဲ ၊ လင်းဆွဲလင်းဝက်
အိပ်မက်လန့်နိုး ၊ ယက္ကန်းစင်ဝင်ကာတိုးသည့်နှယ်
ခိုးခိုး ခက်ခက် ၊ အတောင်ပံ ဝဲဝဲယှက်၍
ပြေးသက်ပျံလွှား ၊ ခြောက်ခြားဘွယ်ရင်ဖို
နဂိုမလှ ၊ ပြိုကျပျက်စီး
ပတ္တမြား မီးအိမ် ၊ ဖလ်ကြိုးလိမ်သွယ်သွယ်
ရွှေဖယောင်းပြယ်၍ ၊ ခြတွယ်ပျားအုံ
အလင်းရောင်မှုံမှုံမှာ ၊ ကျောက်ခုံဝိုင်းဝိုင်း
တပိုင်းကညိုမှောင်မှောင် ၊ ပြောင်မလို ဝင်းဝင်း
ကျောက်မျက်စုံ ပယင်းချပ် ၊
ရွှေတပြားငွေတပြားလွှာယက်ခပ်ခါ ၊ ကတ္တီပါ ခင်းနီစ
လျောကျ တွဲလဲ ရော့ရော့ရဲ ၊ သလဲဖုံမြူ
သုတ်သူသန့်သူ မရှိမူ၍ ၊ ကျောက်ဖြူ စာပွဲ
မှိန်မွဲအလှ ၊ နေရောင်ခ,,ရာ
ကြည့်လိုက်ချေပါသော် ၊ နွမ်းဝါအိုဟောင်း
ကာလအတန်နှောင်းက ၊ စောင်းအိုတလုံး
နန်းတောင်သုံးပစ္စည်း ၊ ကြိုးလည်းသွယ်မစုံ
ဘယ်ပုံဘယ်သို့ ၊ လွမ်းစောင်းကို တီးကာညို့ရ ။
တချို့ စောင်းကြိုး ၊ ပိုးသားပကတိ
ယိယိပြက်ဆွေး ၊ လက်တင်ရုံလေးမှ ထိမခံ
စောင်းသံ လွင်လွင် ၊ ပဲ့ထပ်တင်အောင်
သမင်မဝမ်းရေ ၊ ဖုံးအုပ်လေသည့်
သပြေသားစောင်းအိုး ၊ စောင်းကောက်ရိုး , သော်က
တရွရွ လှုပ်စမ်း ၊ စောင်းနုတ်ခမ်း ကြိုးခလုတ်
အဆစ်ဆစ် အပိုင်းပိုင်း ပြုတ်၍ ၊ အငုတ်သာထီးထီး
ပျက်စီးပွန်းပဲ့ ၊ ယဲ့ယဲ့ သာကျန်
ဇာတ်နောက်ကြောင်း ပြန်ရလျှင် ၊ မထင်ဝိုးတဝါး
တပါးလှလွမ်းယမင်း ၊ နန်းတွင်းကြော့သူဇာ
မျက်ရည်သွင်သွင်ဖြာ၍ ၊ ကြမ္မာ ညှိုးနွမ်း
အလွမ်းမှပြေစေ ၊ စောင်းသံ နှင့် ဖြေလေသလား
နှစ်များတာရှည် ၊ ကြာနှောင်းပြီမို့
မမြည်စောင်းသံတိတ်တော့တယ် ။   ။

ဆက်လက်ဖော်ပြပေးပါမည်
3း20 p.m
1.10.2017
<><><><><><><><><><><><
{ ၈ }

စောင်းသံတိတ် ၊ ပိတ်ခဲ့တံခါး
                     လွမ်းအားလွန်လွန်ပိုတော့တယ် ။ ။

ခမ်းလယ်အဆောင်ဆောင် ၊ လမ်းသွယ်အနှောင်နှောင်
လွမ်းဘွယ်အောင်ဇာတ်ကြောင်း ၊ ဖြစ်စုံပေါင်း၍
ဤစောင်းအိုသာ ၊ ပမာလူသား
စကားနှုတ်မှ ၊ ပြောတတ်ကလျှင်
လွမ်းချင်သသူ ၊ ဆွေးချင်သသူ
ရွှေရင်ပွက်ပွက်ဆူလိမ့် ၊ မျက်ရည်ပူ စမ်းချောင်း
ယခင့်ယခင်နှောင်းက ၊ ဇာတ်ကြောင်းရေးရေး
စိတ်မှန်းနှင့်သာဆွေးရ ။
ထိုမှရှေ့ထွက် ၊ ခရီးဆက်ပြန်သော်
မှန်ကွက်မှန်ကူ ၊ မဟူရာကျောက်နက်
အဖြူ တကွက် အမဲစက်နှင့် ၊ ပွင့်ရုံပွင်မျှ
မစေ့တစေ့ဟသည့် ၊ ကျောက်ဝတံခါး
တွန်းဖွင့်၍ဝင်ကာသွားလေသော် ၊ ငွေမှော်ဝတ်ရုံ
ဂဠုန်ခြေထောက် ၊ နဂါးရင်ကိုဖောက်သည့်
စိန်ကျောက်ဂီဝါ ၊ ထိန်ပြာတဝင်းဝင်း
ခြင်္သေ့သားရေခင်းသည့် ၊ သလင်းမြရွှေသလွန်
အခွန်နှင့်ခေါင်းခေါင်း ၊ ဇရာရုပ်ပြောင်း၍
အကြောင်းကြောင်း အအက်အက် ၊ အဟောင်းပျက်သား
သက်ထားရွှေလှော် ၊ ဘယ်သူများစက်တော်ခေါ်လေခဲ့
ဝါယော်ယော် ညိုးနွမ်းနွမ်း ၊ ရွှေသလွန်သာသာလွှမ်းတဲ့
လခြမ်းဒေါင်းမြီး ၊ ပုလဲလုံး ဖြူ ဖြူ သီးသည့် 
ရင်စီးပိုးပုဝါ ၊ ဘဇာကြောင့်သွေးစွန်း
ဘယ်ဇာတ်ကိုညွှန်းလေသိ ၊ မချိသူ့လွမ်းဗျာပါ
ယခင်ခါ ပဝေရှေးက ၊ သွေးနှင့်သစ္စာ
လွမ်းလင်္ကာရေးခဲ့လေသလား
လှတပါးတော်ပင်တိုင် ၊ သည်သွေးအိုင်မှာ
လဲယိုင်လို့ ခန္ဓာကြွေ.......
အော်.......သေသလား......... ရှင်သလား
အတွေးမှားအောင် ၊ ကိုယ်စားပိုးပုဝါ
သဲလွန်စသာ တွေ့တော့တယ် ။   ။

ဆက်လက်ဖော်ပြပေးပါမည်
""""""""""""""""""""""""""""""""""
{ ၉ }

သဲလွန်စ ၊ သောကဖိစီး
            လွမ်းမီးကြွမ်းလောင် ၊ ဝေဝေသာမှောင်တော့တယ် ။  ။

ခမ်းသာလယ်ရဲတိုက် ၊ ရှိုက်သံလိုလို
ငိုသံသဲ့သဲ့ ၊ တနွဲ့နွဲ့တမြှင်းမြှင်း
ငေးကြည့်ရင်းက ၊ ရင်တွင်းလှိုက်လှိုက်ဆူ
" အို....လူသား ၊ သင်ယခု ထွက်ခွာသွားလော့
ဆိုးဝါးကြမ္မာ ၊ သစ္စာမဲ့ကင်း
လှယမင်းရူပါ ၊ လူတကာဝိညာဉ်ညို့
ကဝေမြို့လူ့ပြည် ၊ အဆိပ်ရည်ကို
ပျားရည်ချို မြ ၊ ထင်တတ်ကြတိုင်း
သင်္ချိုင်း အမှောင်မိုက် ၊ ကျောက်ရဲတိုက်မှာ
သေပါသော်လဲ ၊ မျက်ရည်ရွဲဖြင့်
ငရဲသက်ဆင်း ၊ သေမင်းသူ့လက်မှာ
အိပ်ပါလေ တမိုးသောက် ၊ အသက်လိပ်ပြာပျောက်ရသည် ။
မျက်ရည်သမုဒ္ဒရာ ၊ ဤကမ္ဘာဝယ်
မေတ္တာ မှောက်မှား ၊ တရားဓမ္မ
နောင်တသံဝေ ၊ မရှိလေငြား
ယောင်္ကျားမိန်းမ ၊ ဖြားယောင်းကြ " လိင် " ...လွန်ဆွဲ
လှည့်စားပွဲမှာ ၊ သင်မပါလျှင်
မကြာယခုပင် ၊ ရဲတိုက်ပြင်လှမ်းထွက်
အိပ်မက်သလို သဘောထား
အမြန်ဆုံး ရှောင်ကာရှားပေလော့ " ..။
စကားခွန်း တထောင် ၊ အသံယောင်တကုဋေ
ပဲ့တင်လေမှာ ၊ အော်မြည်လာတော်လဲ
လင်းဆွဲထပျံ   အုပ်အုပ်ညံ ၊ ကျောက်နံရံကြီးများ
လှုပ်လာသလားထင်ရ ၊ ရင်တဖိုဖို တမြမြနှင့်
သလွန်ပေါ်က ပိုးပုဝါ ၊ လွန့်ကာလူးလူး
အသက်ဝိညာဉ် ကူးသယောင် ၊ အမှောင်ကြီးမဲမဲကျ
ဘယ်ဆီက အသံလာ ၊ မခန့်မှန်းတတ်ပါပြီ
တိမ်သိင်္ဂီလွှာ ၊ ညို့ညို့ပြာ၍
သံဝါနက်နက် ၊ ရယ်သံတို့ အက်အက်လွှမ်း
လာလမ်းလည်းတိတ်ဆိတ် ၊ ကျောက်တံခါး အထပ်ထပ်ပိတ်လျက်
မဲချိတ်ချိတ် ညို မှိုင်းမှိုင်း ၊ ဆင်မုန်တိုင်း ရောင်နီနီ
ဒေါမာန်ဖီ ၊ တရှီရှီ တရှဲရှဲ
အမြစ်ကျွတ် သစ်ပင်လဲသား ၊ ရဲရဲမြဝါဝါ
လျှပ်ပန်းခက် နွယ်နွယ်ဖြာ၍ ၊ ကမ္ဘာလည်းပျက်
သည်တသက်တွင် နိုးရက်မရှိအိပ်တော့တယ် ။    ။

ပြီးပါပြီ
1း05 p.m
3.10.2017

မှတ်ချက်
ဤ ကဗျာတွင် လွမ်းချင်းအချီအချ " သာတော့တယ် "
အလိုက်ဖြင့် သီကုံး ကာ စာကိုယ်ကဗျာတွင် လုံးထပ်ကြော့ ပြန်ချိတ်ဆက်ရေးသား ဖွဲ့နွဲ့လေ့ရှိသော
ရကန်ဟန် နှော၍ ပေါင်းစပ်သီကုံးအပ်သဖြင့် ဤကဗျာ
စပ်နည်းကို " ရကန်သီ လွမ်းချင်း " ဟု စမ်းသပ်အမည်
ပေးရခြင်းဖြစ်လေသည် ။

No comments:

Post a Comment