Friday, February 9, 2018

လွမ်းလိပ်​ပြာ​တောင်​ အပိုင်း(၃)


လွမ်းလိပ်ပြာတောင်
💗💗💗💗💗💗💗💗💗

ဒေါင်းနွယ်ဆွေ ( ကဗျာဝတ္ထု  )


{ ၃၆ }

ရိုင်းခဲ့သစ္စာ ၊ ယွင်းလွန်စွာလျှင်
မှန်လွှာမှထွင်း ၊ သျှင့်မြင်ကွင်းဝယ်
မဖွယ်မရာ ၊ မြင်ရဲစွာတည့်
ကမ္ဘာအပျက် ၊ အိပ်မက်ဆိုးဝါး
မက်မြင်မှားသို့ ၊ အသားဆတ်ဆတ်
တုန်လာလတ်ကာ ၊ မတ်တတ်ခြေမြဲ
ခွေမလဲအောင် ၊ သတိဆောင်ရ ။
ရစ်နှောင်နွယ်လက် ၊ လည်ချင်းယှက်၍
ချစ်သက်သေတိုင် ၊ လှပင်တိုင်သည်
ညိုခိုင်လူထွား ၊ လက်မောင်းကြားတွင်
ခေါင်းတင်စက်မှေး ၊ ပြုံးရေးရေးဖြင့်
ကလေးကနွဲ့ ၊ ချစ်တုန့်လှဲ့ကာ
" မြနန္ဒာတွင် ၊ သည်သခင်သာ
သဲလွှာပိုင်စိုး ၊ တမိုးမြေအောက်
တယောက်သာပင် ၊ ယုံစေချင် "....ဟု
သံညု ညှင်းညှင်း ၊ သံချို မြှင်းဖြင့်....
ပါးချင်းတိုးကပ် ၊ ရင်ချင်းအပ်ကာ
ဆိုချေပါသော် ၊ ပြုံးလှာလုလင်
တယောက်ရှင်သည် ၊ သဇင်ငွေဖော့
လည်တိုင်ကြော့ကို ၊ မရှော့မတင်း
ရင်ခွင်တွင်းသို့ ၊ ဆွဲသွင်းပွေ့ယူ
မွှေးမွှေးကြူ နမ်း ၊ နှုတ်ခမ်းနှစ်လွှာ
ထိတွေ့ပါကြ ၊ မြင်လေရလျှင်
ဒေါသယမုံ ၊ သျှင့်ရင်အုံတို့
တုန်ရီလှုပ်ရှား ၊ ချောက်ချားကြီးစွာ
မဖြေသာတည့် ၊ မဟာပထဝီ
မြေမညီအောင် ၊ တောင်တို့ပြိုကွဲ
ချစ်ငရဲတွင်......
အသဲမီးမြိုက် လောင်လောင်တည်း ။

{ ၃၇ }

မုသားသစ္စာ ၊ မေတ္တာ ငရဲ
လွမ်းဝှန်ကဲစွာ ၊ အသဲကျွမ်းမြိုက်
မီးလောင်တိုက်တည့် ၊ ကြိတ်ကိုက်၍ထား
သျှင့်အံသွားလည်း ၊ လျှာများပြတ်လု
သွေးယိုစုခဲ့ ၊ ယခုနှင့် ယခင်
ပြင်ပြင်ပြောင်းလွှဲ ၊ မမြဲချစ်ခြင်း
လှယမင်းကို ၊ လည်ပင်းညှစ်ကာ သည်နေရာဝယ် ၊ တခါပြောကြား
ချစ်စကားဝေဝေ ၊ ပြန်ပြောလေအောင်
ဘယ်သို့ဆောင်ရ ၊ သန်းခေါင်ဟိုဘက်
ညည့်နက်လေလေ ၊ မုန်းတစ္ဆေချောက်
စိတ်ရူးနှောက်၍ ၊ တယောက်အသျှင်
ကြာလျှင်သည့်ထက် ၊  ခံသာခက်လိမ့်
မပြေစိမ့်ရာ ၊ ပြဿ     နာကို
လိပ်ပြာငယ်ဆွေ ၊.မဝေခွဲတတ်
အကဲခတ်ရင်း ၊ ရင်တွင်းလေးလံ
ညကံကြမ္မာ ၊ ဘယ်မှာပြီးဆုံး
လွမ်းနိဂုံးကို ၊ ပြည်ဖုံးကားချ
မြင်နိုင်စွမို့ ၊ သောကလှိုင်လှိုင်
မဖြေနိုင်ခက် ၊ သျှင့်အတွက်ကြောင့်
ပျံသက်ဝေ့ဝဲ ၊ ညမှောင်ထဲတွင်
ကြိတ်ခဲမရ နိုင်နိုင်တကား ။  ။

{ ၃၈ }

အတန်ကြာသော်.......
မှန်သာခန်းမ ၊ ပြူ တင်းဝမှ
ငွေလရောင်အောက် ၊ လှမ်းလာရောက်၍
နှစ်ယောက်ချစ်သူ ၊ ကလူကြည်စား
ပြေးလွှားလိုက်ဘမ်း ၊ မမောတမ်းဟု
လာလမ်းမှခွဲ ၊ ပုလဲကေခင်
လှသဇင်သည် ၊ သမင်မလေး
မြိုင်တကျေးသို့ ၊ ထွက်ပြေးလေဟန်
ခြေတန်ဖွဖွ ၊ ဖော့ဖော့ကြွ၍
ရှေ့မှလှည့်ပတ် ၊ ပြေးလေလတ်သော်
ချစ်ဖော်လုလင် ၊ တယောက်ရှင်သည်
လျင်မြန်စွာလိုက် ၊ ခလုတ်တိုက်လဲ
သိနိုင်ဘဲလျှင် ၊ ချစ်ကြင်ဇောဟုန်
သိမ့်သိမ့်ခုန်၍ ၊ ခြေကုန်တလွှား
လိုက်လေငြားသော် ၊ စကားဝါပင်
သည်တွင်တကွေ့ ၊ ပက်ပင်းတွေ့ကြ
ယင်းကာလတွင် ၊ ရုန်းရသော်လည်း
အချည်းနှီးသာ ၊ ပွေ့ကာပိုက်ဘမ်း
ဝှေ့ဝှေ့ကြမ်းမျှ ၊ အနမ်းချင်းပြိုင်
လည်တိုင်နှစ်သွယ် ၊ ကြစ်ကြစ်တွယ်၍
ကြိုးနွယ်လိမ်ခက် ၊ မြဒါန်းထက်သို့
ဆောင်လျက်သယ်လာ ၊ မြနန္ဒာအား
ထိုင်စေငြားလျက် ၊ တအားနွဲနွဲ
ဒါန်းကြိုးလွှဲသည်...............
အသဲမြမြ ဖိုဖိုအေးအေးတည်း ။  ။

{ ၃၉ }

" အိုင်တွေ့ခြေဆေး " ၊ ရေးခဲ့လင်္ကာ
သည်မှာလွဲမှား ၊ ယောက်ျားမဟုတ်
မိန်းမယုတ်တည့် ၊ သစ်ငုတ်သော်မှ
စုန်းဖြစ်ရသို့ ၊ ချို စွစကား
လှည့်စားမေတ္တာ ၊ သစ္စာ မျက်ကန်း
ဒါန်းပေါ်မှာထိုင် ၊ ကြိုးစကိုင်ကာ
အတိုင်အဖောက် ၊ တယောက်တလဲ
ဒါန်ကြိုးလွှဲကြ ၊ မြင်ရပါလျှင်
သခင်ဖြေသက် ၊ အနေခက်စွာ
အမျက်ဒေါသ ၊ ချောင်းချောင်းထလျက်
ခါးမှချိတ်ထား ၊ ကျောက်စီဒါးကို
လက်များစမ်းမိ ၊ ကိုင်ကာဖိ၍
မချိသော်လဲ ၊ ခံခက်ခဲမို့
ဒင်းတို့နှစ်ယောက် ၊
လည်ချောင်းဖောက်ကာ
ကျောက်လွှာထက်တွင် ၊ သွေးလင်္ကာရေး
ကမ္ဗည်းတေးမှ ၊ တန်ကာကျဟု
နှလုံးပြု၍ ၊ ချွေးစုစုဒီး
အံကြီးကြီးကြိတ် ၊ ရင်ဒိတ်ဒိတ်ခုန်
လှပ်လှပ်တုန်ရင်း ၊ ချူံ နွယ်ဂမုန်း
ကွယ်ပုန်းနေရာ ၊ မှောင်ရိပ်လွှာမှ
ထွက်လာရဲရဲ ၊ ခြေလှမ်းကြဲဖြင့်
ကျောက်ခဲဒီလုံး ၊ နီနီဖုံးသည့် 
လမ်းဆုံးသို့ရောက် ၊ ရွေ့ရွေ့လျှောက်သော်
နှစ်ယောက်ချစ်သူ ၊ ရှက်သွေးဆူ၍
လူချင်းခွဲခွာ ၊ မျက်နှာစိုးရွံ့
နှုတ်ဆွံ့ငိုင်ငေး ၊ လွတ်လမ်းဝေးသည်
မုန်းကြွေးဆပ်ရန် နီးပြီးတည်း ။  ။

{ ၄၀ }

ကြမ္မာ ညွှန်းရာ ၊ ဇာတ်ကြောင်းနာခဲ့
လိပ်ပြာသျှင့်ကျွန် ၊ လွန်ဆန်လေပြီး
သည်ခရီးကို ၊ တားဆီးပိတ်ပင်
ဘယ်သို့ပြင်ရ ၊ သခင်ကလေး
ဒေါသွေးဆူပွက် ၊ ရှေ့တိုးလျက်လာ
မျက်လွှာကြုတ်ကြုတ် ၊ မှောင်မှောင်ကုတ်၍
" ဟုတ်လှလေပြီ ၊ မြနန္ဒီ.....
လော်လီဖောက်ယွင်း ၊ သင့်သေမင်းကို
ချစ်ခြင်း မေတ္တာ ၊ သစ္စာ စကား
နောက်ဆုံးကြားလော့ ၊ ငါ့ဒါးဦးထက်
သွေးနှစ်စက်လည်း ၊ တသက်တိုင်တာ
တကမ္ဘာလုံး ၊ ပုံထုံး...သာဓက
ကျန်ရစ်စကောင်း ၊ ဇာတ်မပေါင်းမီ
သင့်လည်ချောင်းသွေး ၊ ငါခြေဆေးမှ
ကြေအေးရလိမ့်....  " ၊ ဆိုပါချိမ့်လျက်
လက်မှကိုင်ထား ၊ ကျောက်စီဒါးကို
တအားဆွဲနုတ် ၊ ဒါးအိမ်ထုတ်ကာ
ခုတ်မည့်တဲတဲ ၊ တကဲကဲလျှင်
နီရဲမျက်စေ့ ၊ ခြသေ့င်္မျက်လုံး
ဖုံးခဲ့သွေးရောင် ၊ ညအမှောင်တွင်
လရောင် မမြင်ကန်းကန်းတည်း ။   ။

ဆက်လက်ဖော်ပြပေးပါမည်
#Crd
#May Oo
1း15 p.m
9.9.2017

လွမ်းလိပ်ပြာတောင်
💞💞💞💞💞💞💞💞

ဒေါင်းနွယ်ဆွေ ( ကဗျာဝတ္ထု  )
အဆက် { ၉ }

{ ၄၁ }

ထိုရောအခါ ၊ မြနန္ဒာလည်း
ပြင်းစွာတုန်လှုပ် ၊ သွေးဆုပ်စပြု
ဇောချွေးဥ၍ ၊ အားနုမိန်းမ
သဘာဝမို့ ၊ ချစ်စွမောင်တော်
လှမျက်ဖျော်ကို ၊ ခေါင်းမော်မော့လှည့်
လည်ပြန်ကြည့်ကာ ၊ မောင့်ညာလက်ရုံး
နွဲ့မှီအုံးသော် ၊ ကြော့ဆုံးအတွက်
အသက်နှင့်လဲ ၊ ပြိုင်ဝံ့နွှဲမည်
ရဲဝင့်ကိုးစား ၊ သူ့အပါးမှ
မားမားရပ်ကာ ၊ ချစ်သက်လျာလည်း
ငေးကာငိုက်လျက် ၊ မှင်သက်မိရင်း
ချောင်းဟန့်ရှင်း၍...........
" မင်းမှားမည်ပ ၊ မောင်ဝဏ္ဏ ။
ဒါးချ ၍ပြန် ၊ ရန်ကိုရန်ချင်း
မတုန့်နှင်းလို ၊ ငါတောင်းဆို၏
ကိုယ်ပိုင်သည်ပန်း ၊ ကိုယ်သာနမ်း၍
ကိုယ်လမ်းကိုယ်သွား ၊ ငါတို့ကြားတွင်
ဆိုးဝါးရန်စ ၊ မထားကြသင့်
မင်းနှင့်ငါကား ၊ စကားဖော်သင်း
မိတ်ဆွေရင်းမို့ ၊ အချင်းပွားလည်း
အချည်းနှီးသာ ၊ မဟုတ်ပါလော့
တခါမှားလျှင် ၊ ပြင်၍မရ
ဖြစ်တတ်စွမို့ ၊ ရန်စကိုဖြေ
ပြန်ပါလေ.." ဟု ၊ နှုတ်ချေငံစွာ
ဆိုလှာပြန်ကြား ၊ သူ့စကားကြောင့်
အသားဆတ်ဆတ်တုန်သတည်း ။    ။

{ ၄၂ }

" ကိုယ်ပိုင်သည့်ပန်း ၊ ကိုယ်သာနမ်း " ဟု
သော့သွမ်းစီးပိုး ၊ စကားမျိုးကား
နားခါးစရာ ၊ အတည်သာမို့
ရင်မှာဆို့နင့် ၊ မချင့်မရဲ
ကျူးလွန်ကဲစွာ ၊ မောက်မာရိုင်းပြ
သွေးဆွလှုံဆော် ၊ " ရန်သူတော် " ၏
ကရော်ကမယ် ၊ ပြက်ရယ်သံနှော
ကြားလေသောခါ........
" ရာရာစစ ၊ ဟေ့... ဒေါန ",
မင်းကရှောင်လွှဲ ၊ မဝံ့ရဲလည်း
အသဲယဇ်ပလ္လင် ၊ ဥဒါန်းတွင်အောင်
တမင်တကာ ၊ ငါလာခဲ့သည်
ငါ့မျက်ရည်များ ၊ ယင်းကိုယ်စားကို
ဒါးနှင့်သာပင် ၊ ဖြေရှင်းချင်တည့်
သင်ပိုင်သည့်ပန်း ၊ ငါမနမ်းပါ
မေတ္တာမဲ့ကင်း ၊ သစ္စာ ယွင်းသည့်
မင်းတို့နှစ်ယောက် ၊ ဂုတ်သွေးဖောက်ခါ
မဟာအဝီစိ ၊ ဘဝဂ်ထိလဲ
ဆိုခဲတတ်စေ ၊ မြဲတတ်စေမို့
" မသွေဒီည ၊ ငဝဏ္ဏသည်
ဒေါနကိုသတ် ၊ ဦးခေါင်းဖြတ်ရန်
ငါမပြန်..." ဟု ၊ သည်းထန် မာကြော
ဒေါသသွေလျှမ်း ၊ သျှင့်နုတ်ခမ်းတို့
ကြမ်းကြမ်းလှုပ်လျက် ၊ မငြိမ်သက်လျှင်
လက်မှကိုင်ထား ၊ ကျောက်စီဒါးမှ
အသွားမြမြ ၊ လက်လက်ထကာ
ဒေါသမုန်တိုင်း ၊ စိတ်ဆင်ရိုင်းသည်
ထူးဆိုင်းချွန်းအုပ် မနိုင်တည်း ။  ။

{ ၄၃ }

ထိုသမယ ၊ မောင်ဒေါနလည်း
မြနန္ဒာအား ၊ ဖယ်ရှားနောက်မှာ
ထားပြီးကာလျှင် ၊ မဟာအရှက်
ကြီးစွာပျက်၍ ၊ ပင့်သက်လေးလံ
မခံရပ်နိုင် ၊ ယိုင်ခဲ့ခြေများ
တုန့်ဆိုင်းသွားလျက် ၊ စူးဝါးမျက်လုံး
ညို့ညို့ ဖုံးကာ ၊ ပခုံးအောက်ကွယ်
ဒါးစလွယ်ကို ၊ ကိုင်တွယ်လက်ဖြင့်
အသာငင့်၍ ၊ ကျားလင့်မုဆိုး
မျက်နှာမျိုးသို့ ၊ ဒေါမိုးမှောင်လာ
ရွာတော့မလို ၊ မည်းမည်းညို လျှက်
" ငါ့ကိုအံတု ၊ ဒါးရေးပြုသည့်
နုနယ်သွေးစ ၊ မောင်ဝဏ္ဏ... ။
ငါကတောင်းပန် ၊ မင်းမပြန်ဘဲ
လွန်ဆန်မြဲသာ ၊ ကဲလွန်စွာလျှင်
ခေါင်းမာ သည့်ထက် ၊ ရှေ့မတက်လင့်
သင်နှင်မတန် ၊ တပွင့်ပန်အား
တရန်တမင်း ၊ လူစိတ်ကင်းစွာ
ဆိုခဲ့ပါငြား ၊ မင်းစကားကို
အသားလောက်ထွက် ၊ မင်းမရှက်လည်း
ငါရှက်မိသည် ၊ လူရည်လူသွေး
အပွေးထူထူ ၊ မင်းလိုလူက
ရိုင်းပြမောက်ကြွား ၊ ရန်စကားနှင့်
အံတုလင့်လည်း ၊ သင့်ကိုသနား
ထောက်ထားညှာတာ ၊ နောက်ဆုံးသာ.... " ဟု
မျက်နှာရင့်ကျက် ၊ တင်းတင်းခက်၍
မျက်လုံးဝင်းပြောင် ၊ ထိုသန်းခေါင်ဝယ်
ညမှောင်ညရိပ် မဲမဲတည်း ။  ။

{ ၄၄ }

ညရိပ်မဲမဲ ၊ မသဲကွဲစ
ကြယ်စ..ကြယ်ပေါက် ၊ မိုးဖြောက်ဖြောက်ဝယ်
တိမ်နွယ်ရွေ့လျား ၊ ပန်းချီကားလည်း
နဂါး..ဂဠုန် ၊ ရန်ဟုန်ပြင်းပြင်း
စစ်ခင်းသည့်ပုံ ၊ ကြေးမုံကောင်းကင်
အရိပ်ထင်တည့် ၊ မတင်မကျ
ဆိုကြစကား ၊ ရန်မီးပွားလည်း
ကြီးမားတောက်လောင် ၊ မရှောင်နိုင်ကြ
မောင်ဝဏ္ဏ သည် ၊ ဒေါသဖြေကြား
စကားကောက်ကွေ့ ၊ နားစွေ့စွေ့စွင့်
မျက်တောင်ပင့်ကာ ၊ ယင်းအခါဝယ်
ပြုံးလှာထေ့ထေ့ ၊ ရယ်ပါချေ့လျှင်
" သင်တို့နှစ်ယောက် ၊ သစ္စာဖောက်ပင်
ရှက်ကြောက်သလေး ၊ ပြောတတ်သေးက
ဝဏ္ဏ တယောက် ၊ ပျော်နိုင်လောက်ပြီ.....
ခေါင်းအောက်ငုံ့ကာ ၊ မိနန္ဒာကို
ဘဇာတရေး ၊ ငါမမေးလို
သွေးနှင့်သစ္စာ ၊ အဖြေလွှာကို
ကြိုက်ရာရွေးကြ ၊ ငဒေါန..." ဟု
ပြင်းစွအဟုန် ၊ သံဟုန်ဟစ်ကာ
ရှေ့တိုးလာသော် ၊ တုန့်ကာရန်ချင်း
ယမင်းအတွက် ၊ ရမက်ဆူဝေ
သည်မိုးမြေအောက် ၊ လူနှစ်ယောက်သည်
မကြောက်နိုင်ရဲ ၊ သွေးမြေကြဲအောင်
အသဲတလွှာ ၊ မြနန္ဒာ ၏
ကြမ္မာ ကြိုးဆင် ၊ ပင့်ကူမြှင်ဝယ်
ရုန်းငင်ကြရင်း ၊ ဒါးရေးခင်းလျက်
သေမင်းခြေအောက် ၊ ပြေးဝင်ရောက်သို့
တယောက်အသွေး ၊ တယောက်လွေးရန်
မုန်တိုင်းထန်သဲ ၊ ပြိုင်ကြနွဲသော်
တိမ်မဲအုပ်လွှမ်း ၊ ငွေလခြမ်းပင်
ညှိုးနွမ်းရင်ဖို ၊ မကြည့်လို၍
တိမ်ညိုရထား ၊ ကြယ်တံခါးပိတ်
နုတ်မဆိတ်လျှင် ၊ နမိတ်ဆိုးဝါး
လူသားနှစ်ဦး ၊ သွေးလူးသည့်မြေ
မမြင်ချေအောင် ၊ ပုန်းကွယ်ရှောင်သည်
ဒါးရောင်ပြိုးပြိုးပြက်ပြက်တည်း ။   ။

{ ၄၅ }

ဒါးနှစ်စင်းလည်း ...
ဝင်းဝင်းပြက်ပြက် ၊ လင်းလင်းလက်၍
ဆုတ်တက်မှန်မှန် ၊ ဒါးလှန်.ဒါးလူး
ဒါးကူး.ဒါးပြောင်း ၊ ဦးခေါင်းထက်ဝဲ
သဲသဲခုတ်ထစ် ၊ လျှပ်စစ်ပမာ
မြန်လှစွာသား ၊ ရှောင်ကာတိမ်းလှဲ့
ယိမ်းယိမ်းသွဲ့လျက် ၊ အနွဲ့အညွှတ်
ပွတ်ကာသီကာ ၊ တွက်လာသည့်ဒါး
တလျားလွင့်ခုန် ၊ အားကုန်စိုက်စိုက်
လွှားလွှားလိုက်၍ ၊ ပင့်ဝိုက်ပိုင်းပိုင်း
ငုံကိုင်းငဲ့ယောင် ၊ လွတ်ယုံရှောင်ကာ
ကြောင်လိမ်ကြောင်ဆင်း ၊ ဒါးဦးသွင်းမွှေ
ရင်ဆိုင်တွေ့ကြ ၊ ဝဏ္ဏရှေ့တက်
ဖိလျက်လိုက်ခုတ် ၊ ဒေါနဆုတ်တည့်
ဒါးသုတ်သွက်သွက် ၊ ဒါးချက်ပိုင်ပိုင်
မငိုင်နှောင့်နှောင့် ၊ အငိုက်စောင့်နေ
ဇီဝိန်ချွေရန် ၊ ဇောသန်သန်ပြင်း
စစ်တလင်းကား ၊ သေမင်းသရဖူ
မည်သူ၏ခေါင်း ၊ အုပ်ဆောင်းလေမည်
သိနိုင်ရည်မျှ  ၊ မရှိကြတည့် ။
ဝဏ္ဏ လိုက်တိုင်း ၊ ဒါးရိုင်းနှင့်တွက်
ဒါးလက်နှင့်ခံ ၊ ငှက်ပျံ ကြွကြွ
မောင်ဒေါနလည်း ၊ ရဲစွရင့်ရင့်
လမ်းဖွင့်၍ပေး ၊ လက်မနှေးလျှင်
မပြေးကြန့်ခိုင် ၊ မယိုင်ခြေလှမ်း
လက်တကမ်းမှ ၊ ဒါးစွမ်းလိမ္မာ
ဒါးလွှာရဲရဲ ၊ ဒါးကဲစောင့်ကြည့်
အလှည့်ပြောင်းပြောင်း ၊ တစောင်းစွေစွေ
ခုတ်လေဘိငြား ၊ ဝဏ္ဏ ဒါးကို
ရှောင်ရှားခုခံ ၊ ဤညဥ့်ယံတွင်
ဒါးသံချွင်းချွင်း မြည်မြည်တည်း ။  ။

ဆက်လက်ဖော်ပြပေးပါမည်

1း20 p.m
10.9.2017
#Crd
#May Oo


လွမ်းလိပ်ပြာတောင်
💘💘💘💘💘💘💘💘

ဒေါင်းနွယ်ဆွေ ( ကဗျာဝတ္ထု )
အဆက် { ၁၀ }

{ ၄၆ }

အော်......
" အချစ် " အတွက် ၊ ကမ္ဘာပျက်အောင်
" အသက် " ကိုပင် ၊ " သစ်ရွက်ထင်ကြ
တိမ်ပြင်မည်းမည်း ၊ သိပ်သည်းလေလှိုင်း
သစ်ကိုင်းအရိပ် ၊ ကွက်စိပ်ကွက်ကြား
မှုံဝါးဝါးတွင် ၊ လှုပ်ရှားရွေ့ရွေ့
တွေ့ကြသည့်ဒါး ၊ ထိဖန်များသော်
မီးများပွင့်ပွင့် ၊ လျှပ်လျှပ်လွင့်၍
မချင့်ချိန်တတ် ၊ ယင်းသည် ဇာတ်တွင်
သွေးငတ်ကြသူ ၊ နှစ်ယောက်လူတို့
တဘို့တည်းသာ ၊ မြင်တတ်စွာတည့်
မာယာထောင်ချောက် ၊ တံခါးပေါက်မှ
မြွေဟောက်ခံတွင်း ၊ တိုးဝင်ဆင်းသို့
သေမင်းမရဏာ ၊ သူဝမ်းသာအောင်
လူ့ဘောင် လှည့်စား ၊ ချောက်ကမ်းပါးထက်
ရှိုင်းနက်နက်သို့ ၊ အသက်သွေးခဲ
" သဲ " တပွင့်မျှ ၊ ပမာဏပင်
မထင်သလော ၊ ဘယ်သို့ပြောရ
မမောကြနိုင် ၊ ယှဉ်ပြိုင်ဒါးရေး
" သွေး " တစက်ကျ ၊ အသေလှအောင်
" မ " အဘိဓမ္မာ ၊ မုန်းပုစ္ဆာကို
ဖွေရှာအဖြေ ၊ လွဲကြလေပြီ
မိုးမြေ ရယ်ဘွယ် သောင်းသောင်းတည်း ။  ။

{ ၄၇ }

ခြင်္သေ့နှင့်ကျား ၊ တွေ့ကြငြားသို့
အားမာန်ဖီးဖီး ၊ ရန်ငြိုးကြီးကြ
ဒေါသဘီလူး ၊ ဝင်ပူးဝိညာဉ်
ပြိုင်ယှဉ်ဒါးရေး ၊ သူတို့သွေးကား
" ရော်ကြေး "ဟူ၍် ၊ နှမ်းတစေ့ပင်
ဆံတမြှင်မျှ ၊ မရှိစွတည့်
ဝဏ္ဏ ဖိလွန် ၊ ဒါးဦးကျွံ၍
အားသွန်ပြေးလိုက် ၊ ရိုင်းရိုင်းတိုက်လျှင်
ယိမ်းငိုက်ညွှတ်ခါ ၊ ဒါးတလွှာမှီ
သီသီလွတ်အောင် ၊ ဒေါနရှောင်သော်
နွယ်မြောင်တန်းကျ ၊ ဒါန်ကြိုးစထိ
ခုတ်ပိုင်းမိကာ ၊ တိတိပြတ်စင်
ဒါးအငင်ဝယ် ၊ အဝင်..အထွက်
အတက်..အဆင်း ၊ လူချင်းပူးကာ
တရံခါတွင် ၊ ခွာ၍တလှည့်
စောင့်ကြည့်ဒါးကွက် ၊ လျှပ်တပြက်၌
ဒါးချက်ညီညာ ၊ ရှိကြပါတည့်
မေတ္တာ တခု ၊ အရင်းပြုသည့်
ချောနုလှဝါ ၊ မြနန္ဒာ ကား
မျက်နှာဝှက်မြှု ပ် ၊ လက်နှင့်အုပ်ယင်း
ဒါးနှစ်စင်းကြား ၊ သောကများ၍
မတားဝံ့နိုင် ၊ ကြောက်ရွံ့စိုးစိုး
ငုံ့ဝပ်လျိုးကာ ၊ ရှေ့တိုးနောက်ငင်
ရွှေရင်ဖိုလှိုက် ၊ ငိုတရှိုက်ဖြင့်
အို...အမိုက်ညဥ့်မှောင် နက်နက်တည်း ။   ။

{ ၄၈ }

အချစ်မီးတောင် ၊ တောက်လောင်ပေါက်ကွဲ
ဤရန်ပွဲကား ၊ ရှည်လျားမဆုံး
ချွေးရုံးရုံးစို့ ၊ အမောဆို့ကြ
မောင်ဒေါနလည်း ၊ ပြင်းစွအဟုန်
မြှောက်လွှင့်ခုန်၍...........
ဂဠုန်တောင်ခုတ် ၊ စွန်ပျံ သုတ်သော်
ဆုတ်ရှောင်သော်ငြား ၊ လွတ်နိုင်သားနှင့်
ဒါးဦးစိုက်ခတ် ၊ စလွယ်ဖြတ်ကာ
စုတ်ပြတ် အင်္ကျီ ၊ ပိုးသိင်္ဂီတွင်
သွေးနီစွန်းလာ ၊ ရဲရဲဖြာသော်
ယို့ကာခြေတုံ့ ၊ ကိုယ်ကိုကြုံ့လျက်
ခေါင်းငုံ့လျောကျ ၊ မောင်ဝဏ္ဏလည်း
ရင်ဝလက်အုပ် ၊ ပခြုပ်လွှတ်မြွေ
ဒေါသဝေသို့ ၊ ထိလေသည့်ဒါး
တအားပက်ထုတ် ၊ နောက်မဆုတ်လျှင်
လိုက်ခုတ်အတင်း ၊ ဒါးသွင်းဝိုက်ဝှေ့
ဆွေ့ဆွေ့ခုန်ပျံ ၊ နိုင်မခံသည်
သွေးသံရဲရဲ စိုစိုတည်း ။  ။

{ ၄၉ }

သွေးသံရဲရဲ ၊ ဒါးမိုးသဲစွေ
မဆုံးချေတည့် ၊ ကျွန့်ဆွေရင်းချာ
ပန်းလိပ်ပြာမောင် ၊ သောကနှောင်ခဲ့
ဒါးရောင်ဝင်းဝင်း ၊ စစ်တလင်းဝယ်
သွေးချင်းချင်းမြင် ၊ အသျှင့်ရင်မှ
ယိုစီးကျသော် ၊.ရေးတော်ပုံနိမ့်
ဖြေသိမ့်ခြင်းငှါ ၊ မစွမ်းပါတည့်
သည်မှာသခင် ၊ သေပွဲဝင်က
သို့လျှင်တွေးကြံ ၊ စံအိမ်တော်တက်
ပြန်ရေးခက်လိမ့် ၊ ခုတ်ချက်ပိုင်ပိုင်
ဆိုင်ကြသည့်ဒါး ၊ နှစ်စင်းကြားဝယ်
ကြောက်အားကြွယ်ကြွယ် ၊ စိုးစိတ်နွယ်၍
ရန်စွယ်မီးတောက် ၊ မကြောက်တရား
နှစ်ယောက်သား၏ ၊ မှောက်မှားတိမ်းယွင်း.
" သွေး " နှင့်ရှင်းသည့် ၊  သေမင်းအကြိုက်
လမ်းမှားလိုက်သော ၊ သျှင့်သဘောကို
တွေးတောဝေဖန် ၊ ဖြေဖြန်တားဆီး
အချည်းနှီးတည့် ၊ သွေးစီးစစ
သျှင့်ရင်ဝမှ ၊ ဖိတ်ကျယိုဆဲ
မမြင်ရဲနိုင် ၊ အသဲဆိုင်ကို
ဆွဲကိုင်လှုပ်ခါ ၊ ရှိခဲ့ပါကြောင့်
လိပ်ပြာကလေး ၊ သျှင့်အရေးတွက်
ဝဲလျက်ဝေ့ပျံ ၊ တောင်ပံလွန့်လွန့်
နောက်တွန့်ရနိုး ၊ ကြောက်ရွံ့စိုးဖြင့်
စိတ်ညှိုးငယ်နွမ်း ၊ ကြောက်စိတ်လွှမ်းသည်
ပြန်လမ်းမမြင်နိုင် တော့ပြီသာတည်း ။   ။

{ ၅၀ }

အနိုင်မခံ......
ဒါးသံခြွင်းခြွင်း ၊ မီးဝင်းဝင်းလက်
ထိုး - ပက် - ပိုင်း - သုတ် ၊ သိုင်းခုတ် - ပင့်တွက်
ကျားကွက် - သမင် ၊ အဝင်တလျား
ဒါးသွားမြှောက်ထောင် ၊ အိမ်မြောင်..တက်..ဆင်း
သူသွင်း - ကိုယ်ကာ ၊ ကြုံရာဒါးချက်
ဇယ်စက်လျင်မြန် ၊ ဒါးလှန် - ဒါးလွှဲ
ဒါးရေးမြဲကြ ၊ မောင်ဝဏ္ဏလည်း
ရင်ဝမှသွေး ၊ လက်နှင့်ဖေး၍
" ဟေးး.....ဒါးရေးကြွယ်စ ၊ ငဒေါန ။.
မင်းကဇက်ကောင်း ၊ ဒါးတောင်းသလော
ကြောက်သော ရွံ့သော ၊ သွေးကပြောလိမ့်
တက်သောခြေလှမ်း ၊ မဆုတ်တမ်းသာ
ချီခဲ့ပါလော့ ၊ ကမ္ဘာရန်ငြိုး
ကြမ္မာဆိုးအောင် ၊ ငါ့ငှက်တောင်ဒါး
လည်ချောင်းသားကို ၊ စားချင်ပါသေး
လွတ်အောင်ပြေးလော့ ၊ သင့်သွေးကိုမှ
မသောက်ရလျှင် ၊ ဒီညလူ့ပြေ
ငါမနေ..." ဟု ၊ သွေးပေသောလက်
လျှာဖြင့်ရက်၍ ၊ ဒါးသွက်သွက်သွင်း
ကြန့်ကြန့်ခင်းသော် ၊ ဒေါဝင်းဝင်းထ
မောင်ဒေါနလည်း ၊ သွေးကြွလှုပ်ရှား
ရှေ့တလွှားတိုး ၊ ပိုင်းခုတ်မိုးကာ
ဟင်္သာလည်ယှက် ၊ ဒါးကွက်ဂဠုန်
ကြွကြွခုန်၍ ၊ တဟုန်ထိုးလိုက်
အပြင်းတိုက်သော် ၊ ညမိုက်သန်းခေါင်
ငွေလရောင်ရွှန်း ၊ ပြပြယွန်းဝယ်
သွေးသွန်းသစ်သစ် လောင်းလောင်းတည်း ။   ။

ဆက်လက်ဖော်ပြပေးပါမည်
#Crd
#May Oo
12း50 p.m
11.9.2017

အရမ်း အံသြစရာ ကောင်းတဲ့ စကားလုံး ရွေးချယ်မှု့ နဲ့
ထူးခြားပြောင်မြောက်သော အလင်္ကာများကြောင့်
ဆရာကြီး ဒေါင်းနွယ်ဆွေ ၏ စာကဗျာ များကို
လေးစားစွာ ဖြင့် မြတ်နိုး တန်ဖိုးထားမိပါသည်

လွမ်းလိပ်ပြာတောင်
😨😨😨😨😨😨😨😨

ဒေါင်းနွယ်ဆွေ ( ကဗျာဝတ္ထု )
အပိုင်း { ၁၁ }

{ ၅၁ }

သွေးကြွလှုံဆော် ၊ ဟစ်အော်ကြုံးဝါး
စကားထေ့ထေ့ ၊ ဒါးချင်းတွေ့ကြ
မောင်ဒေါနလည်း ၊ လွှဒေါင် - လွှတိုက်
သုတ်စိုက်ဇင်ယော် ၊ ဒါးကျော်လက်လွှဲ
သိန်းဝဲခြေကုတ် ၊ ဆင့်ခုတ်ပိုင်းပိုင်း
မြင်းစိုင်းဇက်လွှတ် ၊ ငှက်တောင်ကျွတ်သို့
" ချွတ်မိငါ့ဒါး  ၊ မင်းစကားကြောင့်
သနားမိစွ ၊ မောင်ဝဏ္ဏ... ။
ရိုင်းပြစော်ကား ၊ မင်းစကားကို
နားနှင့်မကြား ၊ ဒါးနှင့်ကြားသည်
ငါကားမင်းထက် ၊ အသက်အားဖြင့်
အရွယ်လင့်မို့ ၊ ချင့်ချိန်စာနာ
ရှိခဲ့ပါလည်း ၊ မောက်မာသသူ
မင်းလိုလူ၏ ၊ သွေးဆူသောဇက်
လည်တိုင်ချက်ကို ၊ ငါ့လက်မှဒါး
အယားဖြေရန် ၊ အချိန်တန်မို့
တုန့်ပြန်ဖြေကြား ၊ မင်းစကားကို
ငါ့ဒါးကသာ ၊ ဖြေလိမ့်ရာ "..ဟု
သံဝါနက်နက် ၊ ဟစ်လျက်ဟိန်းဟိန်း
ကျောဖိန်းဖိန်းကြွ ၊ ကြက်သီးထအောင်
လရောင်ပြဲ့ပြဲ့ ၊ ကြယ်လဲ့လဲ့တွင်
သွဲ့ကြသည့်ဒါး ၊ ယိမ်းနွဲ့ပါးတို့
သွေးသားဆာလောင် ၊ အာခေါင်သေမင်း
သောက်ရေတွင်းဆက် ၊ မိုက်တွင်းနက်သည်
အို.....ညဥ့်ငှက်တို့ပင် ရှဲပျံသတည်း ။   ။

{ ၅၂ }

စကားနှင့်ဒါး..........
တွေ့များကြိမ်ဖန် ၊ ရန်ဆိုသည့်မီး
ငြိမ်းမပြီးတည့် ၊ ချွေးဒီးဒီးစို
စိမ့်စိမ့်ယိုတိုင် ၊ မသုတ်နိုင်အား
မောသလားပင် ၊ မထင်မိကြ
မောင်ဝဏ္ဏလည်း ၊ ဒေါနငိုက်ကွက်
လျှပ်တပြက်တွင် ၊ လက်မှကျောက်စီ
ဒါးသိင်္ဂီကို ၊ ကတ္တီပါကိုယ်ကြပ်
စီးကြိုးပြတ်အောင် ၊ ဆတ်လိုက်တအား
ပက်ပင်ငြားသော် ၊ မေးဖျားကိုထိ
စိုက်ဝင်မိကာ ၊ စီးဖြာသွေးစက်
ရဲရဲသက်လှာ ၊ ယင်းအခါတွင်
သီတာခုနစ်တန် ၊ လှိုင်းထန်မြစ်မ
ဝဲယက်ထသို့ ၊ ဒေါနမျက်လုံး
ဖုံးခဲ့သွေးရောင် ၊ မှောင်ခဲ့မဲမဲ
သဲခဲ့မုန်တိုင်း ၊ ဆင်ရိုင်းချွန်းပေါက်
မုန်တိုင်း နှောက်သို့ ၊ ခလောက်ပြတ်ဆွဲ
တဲတဲလည်တိုင် ၊ အကွက်ပိုင်...ဟု
မြှောက်ကိုင်မြဒါး ၊ ကျားလွှားအုပ်ခုန်
အားကုန်မဆိုင်း ၊ လွှဲ၍ပိုင်းသော်
တလှိုင်းခြေဆင်း ၊ ဒါးကွင်းလွတ်အောင်
ဒူးညွှတ်ကြောင်ကျ ၊ ခါးပုံစသိမ်း
ခါးနွဲ့ယိမ်း၍ ၊ တိမ်းရုံကပ်မြှောင်
သီသီရှောင်ရ ၊ မောင်ဝဏ္ဏ ၏
လက်ဆမှန်မှန် ၊ တုန့်ပြန်သည့်ဒါး
အသွားလွှလွှ ၊ ဒါးမြမြလျှင်
ဒေါနလက်ဆစ် ၊ စူးဝင်ခြစ်ကာ
" စစ် " ကနဲကျင် ၊ လက်တွင်ကိုင်ထား
ဒေါနဒါးသည် ၊ လွင့်သွားလက်မှ
လွတ်၍ကျသော် ၊ ဝဏ္ဏရယ်သံ
သိမ့်သိမ့်လျှံသည်.............
ညဥ့်ယံချောက်ချောက်ချားချားတည်း ။     ။

{ ၅၃ }

ဝဏ္ဏ ရယ်သံ ၊ သိမ့်သိမ့်လျှံသော်
သွေးသံရဲရဲ ၊ အသဲငယ်စွာ
မြနန္ဒာလည်း ၊ မျက်လွှကိုချ
ခေါင်းမျှမဖော် ၊ မရဲသော်တည့်
မကြည့်မြင်ရက် ၊ ဒါးလက်လွတ်ကျ
မောင်ဒေါနအား ၊ ပြေးသွားပိုက်ယူ
ပွေ့ထူရနိုး ၊ မရွံ့ကိုးစွ
ထိုခဏတွင် ၊ ဝဏ္ဏ ရယ်မော
အောင်သောအသံ ၊ သောင်းသောင်းညံဖြင့်
" ကံကောင်းလေစွ ၊ ငဒေါန.. ။
ငါကမင်းကို ၊ မသတ်လိုသေး
မင်းသွေးကိုသောက် ၊ ရေတပေါက်မျှ
မလောက်မစား ၊ ငါ၏ဒါးကို
တရားသဖြင့် ၊ အခွင့်အရေး
ပေးသင့်သေးသည် ၊ မဟုတ်ပြီလော
သိင်္ဂီခိုင်ညှာ ၊ မြနန္ဒာ ကို
ကြည့်ပါလေအုံး ၊ နောက်ဆုံး အကြိမ်
သင်တင်းတိမ်မှ ၊ ဒါးအိမ်ကျွတ်နှင့်
လူလွတ်ထီးထီး ၊ အချည်းနှီးကို
သတ်လိုလေလျှင် ၊ ခုပင်မနှေး
သတ်နိုင်သေးလည်း ၊ ခလေးဆန်စွာ
မပြုရာတည့် ၊ သူငါအများ
ယောက်ျားပီပီ ၊ ဒါးရေးညီအောင်
တချီတပွဲ ၊ စမ်းကြနွှဲစို့
အသဲခါးခါး ၊ မုန်းဘိထားဦး
သင့်ဒါးသင်ကောက် ၊ သစ္စာဖောက်တွက်
နောက်ဆုံး ခွင့်ရေး ၊ လက်မနှေးနှင့်
ဒါးကောက်လင့် "....ဟု
ခြေဖြင်ဖိနင်း ၊ ပုံတော်ရင်းမှ
ဒေါနဆောင်ဒါး ၊ မြငှက်ခါးကို
ခြေဖျားနှင့်ခတ် ၊ သာသာဆတ်၍
သွေးငတ်သူချင်း ၊ စာရင်းရှင်းသော်
လမင်းခြယ်ရံ ၊ ကြယ်ပျံရထား
တိမ်မင်းသားပင် ၊ ကြောက်အားပိုကဲ
မမြင်ရဲကြောင့် ၊ ထူထဲနှင်းပြင်
မင်းလွင်တို့ကြား ၊ ပြေးပျောက်သွားသည်
ညများကြမ္မာ ဆိုးဆိုးဝါးဝါးတည်း ။   ။

{ ၅၄ }

သခင်ကလေး ၊ ဒါးရေးလိမ္မာ
အခွင့်သာသော် ၊ လိပ်ပြာငယ်ဆွေ
ပြုံးစိတ်ဝေဖြင့် ၊ ရိပ်ချေစောင့်ကြည့်
ဝဲပျံလှည့်ကာ ၊ ပီတိဖြာခဲ့
" သာတုန်းအခွင့် ၊ ဘာကြောင့်ဖင့် " ..,ဟု
အသျှင့်အတွက် ၊ ခံခက်စိတ်ထင့်
မချင့်မရဲ ၊ အခဲမကျေ
ရှိခဲ့ချေတည့် ၊ တွေဝေရွံ့အ
မောင်ဒေါနလည်း ၊ လွတ်ကျသည့်ဒါး
မြက်စပ်နားသို့ ၊ တိုးသွားရွေ့ရွေ့
မျက်စေ့ပြာပြာ ၊ မျက်နှာသွေးပျက်
ချွေးစက်သီးသီး ၊ ပေါက်ပေါက်စီးဖြင့်
လှမ်းငင့်ဒါးဆီ ၊ တုန်ရီသောလက်
တွားလျက်ဒူးထောက် ၊ လှမ်းယူကောက်ခါ
" ငေါက် " ကနဲထ ၊ ဒါးကိုဆ၍
" ဝဏ္ဏ ရှောင်လော့... သေပေတော့... " ဟု
လျှော့ခဲ့သည့်မာန် ၊ အပြန်တထောင်
တင်းခဲ့ယောင်ဖြင့် ၊ ဒါးရောင်လက်လက်
လျှပ်စစ်ပြက်သို့ ၊ ပင့်ပက်ပိုင်းပိုင်း
ဒါးမြင်းစိုင်းကို ၊ မြှားကိုင်းကွေးညွှတ်
တချက်လွှတ်လျှင် ၊ ဇွတ်ဝင်အတင်း
ဒါးချင်းထိသံ ၊ ဆူညံလှုပ်ရှား
သွေးမြေလားအောင် ၊ ညဥ့်သန်းခေါင်ဝယ်
ဒါးရောင်ဖွေးဖွေး ၊ သူတို့သွေးနှင့်
ခြယ်ရေးသေမင်း ပန်းချီ တည်း ။  ။

{ ၅၅ }

သည်တချီကား ......
ဒေါနဒါးချက် ၊  သော့သော့သွက်ခဲ့
အရှက်ကြီးစွာ ၊ မဟာဒေါသ
ပြိုင်းပြိုင်းထ၍ ၊ သွေးကြွပြီတကား
ဗညားရန်အောင် ၊ နေမျိုးနောင်တို့
အောင်ခဲ့စစ်ပွဲ ၊ ဒါးရေးနွှဲသို့
သဲမဲခုတ်ထစ် ၊ အလစ်မပေး
အပြေး...အလိုက် ၊ အတိုက်..အဆုတ်
အခုတ်..အဖြတ် ၊ ခရုပတ်..ဒါးရစ်
ဇရက်ပစ်.. ချွန်းကောက် ၊ ဂျို င်းအောက်လက်လျို
ကျားဆိုမှကျား ၊ ဒါးကိုဒါးချင်း
ပါးပြင်းမွေဟောက် ၊ ထိတိုင်းပေါက်သို့
လက်မြှောက်ပြိုင်တူ ၊ လက်ယူညီညီ
လက်ချီပြင်းပြင်း ၊ လက်သွင်းသုတ်သုတ်
ခေါင်းပြုတ် ဇက်ပြတ် ၊ လှုမတတ်လျှင်
သမင်ချို ခတ် ၊ ကျွဲချို ဆတ်သို့
စွမ်းတတ်လျို ဝှက် ၊ ဒါးချက်ချင်းပြိုင်
ရင်ဘောင်ဆိုင်၍ ၊ အနိုင်တုန့်ပြန်
ကုမ္ဘာန်မြေလူး ၊ မြဒါးဦးတို့
စူးစူးခြစ်ခြစ် ၊ ရစ်ရစ်ဝဲဝဲ
ခဲခဲခက်ခက် ၊ပြက်ပြက်ပြိုးပြိုး
ထိုးထိုးထောင်ထောင် ၊  မှောင်မှောင်မင်းမင်း
နင်းနင်းနိုင်နိုင် ၊ ဆိုင်ဆိုင်ဆုတ်ဆုတ်
ခုတ်ခုတ်ခံခံ ၊ ပျံပျံပြေးပြေး
စွေးစွေးစိုက်စိုက် ၊ မိုက်မိုက်မူးမူး
ရူးရူးရိုင်းရိုင်း ၊ ပမာနှိုင်းသော်
သင်္ချိုင်းတနေရာ ၊ မြေကွက်ရှာသို့
ဒါဏ်ရာပြည့်နှက် ၊ သွေးစက်ကိုယ်လုံး
ညို့ညို့ဖုံးလည်း ၊ အရှုံးမပေး
အချစ်ကျေးကျွန် ၊ ပီသလွန်စွာ
စမ်းတံခွန်သွေးစီး ၊ လှိုင်းဒီးဒီးတွင်
မျောပြီးရင်းသာ ၊ မျောကြပါသည်
မဟာရန်ငြိုး  အဆိုး..အကောင်းမမြင်တည်း ။   ။

ဆက်လက်ဖော်ပြပေးပါမည်
#Crd
MayOo
13း0 p.m
12.9.2017

No comments:

Post a Comment