ဘဝမရှိ ကဗျာမသိ
**************
နေ့သီချင်းဆို ညမှာငို၍
သွေးကိုမင်အိုး အရိုးကလောင်
တိမ်တောင်စာရွက် ညငှက်ကာရန်
စောင်းသံအတွေး ပင့်ကူမြှေးသို့
လက်ရေးမုန်တိုင်း ကဗျာရိုင်းကို
ဖတ်ခိုင်းသောခါ လှကလျာသည်
လိပ်ပြာလန့်၍အော်လေသတည်း။
အို....ရှင်
ရွှေရင်ထိတ်ပျာ ကြောက်စရာနှယ်
အဘယ်မှာလဲ အသည်းလင်္ကာ
လိပ်ပြာပန်းကြယ် ဝိညာဉ်တွယ်ရာ
မဟုတ်ပါလော ကဗျာမည်သည်
မျက်ရည်တစ်စက် စာတစ်ရွက်မို့
ခဲခက်တင်စား အယူမှားသည့်
ချောက်ခြားစရာ သင့်ကဗျာကို
ငါမဖတ်ဘူး အိုအရူး။
ကဗျာဆရာ ထိုအခါမှ
စုပ်တသနှင့် ဘဝမရှိ
အဘိဓမ္မာ ယွင်းပျက်ရှာသော
လင်္ကာတင်စား သူ့အနားမှ
စကားမဆို မျက်နှာအိုဖြင့်
ရှေ့ကိုလှမ်းလျက် လမ်းခွဲထွက်၍
ခွက်ထိုးခွက်လန် တိုက်လေသတည်း။ ။
ဒေါင်းနွယ်ဆွေ
``မိုးသောက်လင်္ကာပန်းကဗျာများ´´စာအုပ်မှ
No comments:
Post a Comment