Friday, February 9, 2018

ဆရာကြီး​ဒေါင်းနွယ်​​ဆွေရဲ့ ``မာန်​´´ဆို​သော ကဗျာ-ဝတ္ထုရှည်​ကြီးကို
ပြန်​လည်​​ဝေမျှအပ်​ပါသည်​။ ဤကဗျာ-ဝတ္ထုရှည်​ကြီးကို ​ပေးပို့လာ​သော
ညီငယ်​ ကိုကို​ဇော်​ကိုလည်း ​ကျေးဇူးတင်​ရှိပါသည်

မာန်
💘💘💘
ကဗျာဝတ္ထု

ဒေါင်းနွယ်ဆွေ

" တယောက်သောသူက ငါထံမှ အသဲနှလုံး တို့ကို ထုတ်ယူသွားကတည်းက လောကတွင် ရပ်တည်နေနိုင်ရန် မဖြစ်သော်လည်း ကဗျာရေးရန် အတွက်သာ ငါ့မှာ အသက်ရှင်နေရတော့သည်ဟု စကားဆိုလှာတတ်သော ချစ်ညီ.... တဦးသို့ "

{ ၁ }

သင်မယုံလည်း
သင်ယုံသောအခါ ၊ ဤကဗျာသည်
စီးလှာမျက်ရည် ၊ စမ်းစမ်းစိမ့်လိမ့်တကား ။ ။

{ ၂ }

သွယ်ခိုင်မြင့်သွန် ၊ ရေတံခွန်လည်း
ငွေကွန်ဇာနား ၊ လှိုင်းပန်းပွားနှင့်
ကျောက်သားတောင်ခြေ ၊ ဝဲ, ယာ, ခွေတည့်
သဲမြေဂွမ်းနု ၊ ပုလဲဥလည်း
အဖုအထစ် ၊ အရစ်ရစ်လျှင်
သစ်မြစ်လမ်းလျှောက် ၊ ဟောင်းလောင်းပေါက်နှင့်
အညှောက်စို့စို့ ၊ ထွားထွားမို့တည့်
အို့....... ဘယ်သူ့ခြေရာ ၊ ဘယ်သူလာ၍
ဘယ်မှာသို့လျှင် ၊ ခရီးနှင်လိမ့်
သမင်ရေသောက် ၊ ကျားလည်းဟောက်ပေါ့
ရှေ့နောက်ဝန်းချာ ၊ မျှော်လေရာကား
ကိုင်းဖြာယှက်ကုပ် ၊ ကျွန်းအုပ်ညို ညို
ဟီးလေးခို၍ ၊ မယိုနေခြည်
နှင်းရည်မခ ၊ ဤဒေသသည်
ကျောက်ဝကနုတ် ရဲတိုက်တည်း ။  ။

{ ၃ }

ကျွန်းအုပ်ပိတ်ဖုံး ၊ လမ်းအဆုံးကား
ပွတ်လုံးကျောက်တိုင် ၊ ပန်းခိုင်ပန်းခက်
နွယ်ခြင်းယှက်မျှ ၊ စွမ်းထက်ပညာ
ဗိသုကာ၏ ၊ လက်ရာစစ်စစ်
အမွေနှစ်တည့် ၊ ခွေရစ်သွယ်အိမ်
ကြောင်လိမ်လှေခါး ၊ ကျောက်ဖြူ သားလည်း
တိမ်ပါးသို့လု ၊ ဘယ့်နှယ့်ထုပါ့
ပန်းပုကျွမ်းကျင် ၊ မျှော်စင်,မျှော်ခမ်း
အလမ်းလမ်းတည့် ၊ လက်ရမ်းလည်းကျောက်
မုခ်အိုးကျောက်လျှင် ၊ သခင်မရှိ
မှောင်အတိမို့ ၊ အသိမမြင်
ဘယ်သို့ထင်ရ ၊ ကြာလျှင်ရွံ့ကြောက်
တစ္ဆေခြောက်လိမ့်  ၊ ကွေ့ကောက်ခြေဆင်း
ကျောက်သလင်းလမ်း ၊ ပြာနှမ်းနှမ်းလည်း
လခြမ်း ရထား ၊ နုတ်ခမ်းပါးကို
စောင့်စားနေဟန် ၊ ထီးထီးကျန်သည်
မညံဆိတ်ဆိတ် - သာတကား ။   ။

{ ၄ }

အို့ ...... နားထောင်စမ်းပါ ၊ ဤအခါဝယ်
လွင့်လှာလေတွင် ၊ ရှိုက်သံထင်၏
တံဇင်ရိတ်သံ ၊ ဗျတ်စောင်းသံလို
သံညိုလည်းရော ၊ သံချို နှော၍
အတောမသတ် ၊ လှိုင်းခြင်းထပ်မျှ
ကြွေပြတ်သည်းဆိုင် ၊ ဗျာဝှန့်လှိုင်သူ
ညှာခိုင်ဖြူ ထား ၊ မယ့်တပါးသည်
ကြောက်အားလည်းမွှန်း ၊ စိုးရွံ့လွန်၍
အားသွန်စိုက်စိုက် ၊ ခေါင်းမှေးငိုက်ကာ
ကြေးဝါသံနှောင် ၊ အကျဉ်းထောင်၏.
အမှောင်မြေခမ်း ၊ ကျောက်ခါးပန်းကို
တစမ်းဝါးဝါး ၊ ကုတ်ဖဲ့ကျားကန်
အားမတန်ရှင့် ၊ မဟန်တော့နိုင်
ခွေပြတ်ယိုင်မှ ၊ လက်မှိုင်ညှိုးလျ
သက်ပြင်းချ ပြီး ၊ " တောက် " ခေါက်ငြီးနှင့်
ရှိုက်ကြီးတငင် ၊ မျက်ရည်ယဉ်သည်
ပါးပြင်ငြိမ့်ငြိမ့် စီးသတည်း  ။  ။

{ ၅ }

မျက်ရည်အိုင်ထွန်း ၊ ငိုရလွန်း၍
ပြည့်ရွှန်းရူပါ ၊ ကြော့ရုပ်ဝါလည်း
နံ့သာပြင်လွင် ၊ ညှိုးရော်ရင့်တည့်
ကစင့်ကလျား ၊ ဆံဦးဖွားလည်း
လှုပ်ရှားလှိုင်းတွန့် ၊ လွန့်၍ဖွာလျာ
လေနှင့်ပါ၏ ၊ ဘဇာတွက်ကြောင့်
တအောင့်မနား ၊ မျက်ရည် များရှင်
လှကေသွင်သည် ၊ ပဲ့တင့်သည်းထန်
ငိုရဖန်လိမ့် ၊ ညိုစိမ့်နက်မှောင်
ကြော့မျက်တောင်ဝယ် ၊ တောက်ပြောင်ပုလဲ
တွဲရရွဲခို ၊ ရွမ်းရွမ်းစိုတည့်
အငိုရပ်သော် ၊ ရှိုက်သံပေါ်လာ.
ဂယက်ဖြာရှင့်.......
ကြောင်းရာစေ့ငုံ ၊ သည်ဖြစ်စုံကို
ကြေးမုံသဖွယ် ၊ စမ်းရေစွယ်မှ
ပုန်းကွယ်တိုးလျိုး ၊ နွမ်းနယ်ညှိုးသည့်
အမျိုးညံ့သား ၊ သူဖုန်းစားမူ
မျက်ဝါးထင်ထင် နေ့ဆက်မြင်သည်
သဇင်ကြွေမည် - စိုးယောင်ယောင်တကား ။  ။

မာန်
💟💟💟
ကဗျာဝတ္ထု.. အဆက်.. ၂

ဒေါင်းနွယ်ဆွေ

{ ၆ }

လဝန်းငွေအိမ် ၊ ထွန်းညှိချိန်ဝယ်
မြူ တိမ်ဂွမ်းဆက် ၊ ယက္ကန်းယှက်၍
လျောင်းစက်ကျွန်းအုပ် ၊ မှောင်မှာမြုပ်သော်
တပုဒ်ထံတျာ တေးကဗျာအား
ဗျတ်လွှာစောင်းရှင် ၊ နုတ်ဦးလွင်မှ
ပီယဝါစာ ၊ မြည်လှာသဲ့သဲ့
လွမ်းလှိုင်းဖွဲ့ရှင့် ၊ သံနွဲ့ လေးလေး
သံအေးဖိုဖို ၊ သံချို နုနု
သံညု ရစ်နှောင် ၊ ညှို့ လှာယောင်တည့်
အမှောင်တဝက် ၊ လရောင်ပက်ဆမ်း
သဲဖြူ လမ်းဝယ် ၊ ထမ်းငြားဗျတ်စောင်း
ညိုမောင်းမောင်းကို ၊ လက်ချောင်းညွှတ်တင်
လွမ်းကြိုးငင်သည့် ၊ လုလင်ယောင်္ကျား
သူဖုန်းစားသည် ၊ နှင်းဖွားဖြိုက်ဖြိုက်
ကျောက်ရဲတိုက်မှ ၊ ရှိုက်သံကြားရာ
ပြူ တင်းလွှာသို့ ၊ မျှော်ကာရပ်တန့်
လည်တိုင်ဆန့်ရင်း ၊ ရင်တွင်းပြည့်ကြပ်
ထားရှိအပ်သည့် ၊ ကိန်းဝပ်မေတ္တာ
ဂရုဏာနှင့် ၊ ကြင်နာသနား
သောစိတ်များသည် ၊ သည်းကြားရင်ဆိုင်
ဖူး..ပွင့်.. ခိုင်..သည်
ပင်တိုင်နွဲ့နှောင်း - မသိခေါင်ခေါင်တကား ။. ။

{ ၇ }

သည်အခါသော်
ငွေလှော်ပြည့်လှိုင်း ၊ လစက်ဝိုင်းလည်း
သင်တိုင်းတိမ်လွှာ ၊ မြူ ပုဝါတွင်
ချိတ်ငင်တွဲလွဲ ၊ လုတဲတဲတည့်
နှင်းဖွဲဝေ့သွန် ၊ ကျောက်သလွန်ခံ
ရဲတိုက်ယံလည်း ၊ ရှိုက်သံဖုံးလွှမ်း
ပြည့်ခမန်းတည့် ၊ သဲလမ်းခြေစွယ်
သစ်ရိပ်ကွယ်ကား ၊ လှုပ်ရှားတဖန်
ငြိမ်ပြန်ခဏ ၊ တည်မရတည့်
ဝဲလှည့်.. ယာပြောင်း ၊ တစေ့စောင်းလျှင်
ခြောင်းမြောင်းဆိတ်ငြိမ် ၊ မတင်းတိမ်နိုင်
ပင့်သက်လှိုင်၏ ၊ ရင့်ခိုင်ယောင်္ကျား
နှလုံးသားလည်း ၊ မြစ်ဖျားခံကာ
ယိုစိမ့်လှာသည့် ၊ မေတ္တာ နိုးဆောင်
ပင့်ကူနှောင်ဝယ် ၊ ညိတွယ်ရစ်ပတ်
အထပ်ထပ်ကြောင့် ၊ စောင်းဗျတ်လက်စွမ်း
ညှို့လက်စမ်း၍ ၊ နုတ်ခမ်းဖွင့်ဟ
လှိုင်းရွရွဖြင့် ၊ ရူပကလျာ
ကြော့ရုပ်ဝါသို့ ၊ ခွန်းသပို့သည်
တစ်ဆို့ သံတုန် - အက်အက်တကား ။   ။

{ ၈ }

အို.... ပင်တိုင်စံဦး ၊ မီးရှူးတန်ဆောင်
လှမှူးခေါင်ငဲ့ ၊ လွမ်းနှောင်ရိပ်ခြည်
ဘယ်ခင်းမည်ကြောင့် ၊ မဆည်လှိုက်လှိုက်
လောင်မိုးမြိုက်လျှင် ၊ တရှိုက်လွမ်းလွမ်း
တတမ်းတတ ၊ ငိုပါရလိမ့်
သင်ကခွင့်ပြု ၊ ငါယခုပင်
သက်လုဆံဖျား ၊ စွန့်စားစိတ်သန်
သစ္စာ နှံ၏ ၊ ဘေးရန်ဘယ့်လောက်
တောင်နှယ်မောက်လည်း ၊ မကြောက်တွန့်တွန့်
မရွံယိုင်ယိုင် ၊ ကြန့်ကြန့် ခိုင်အံ့
ပင်တိုင်ကသာ ၊ နုတ်လျှာသွက်သွက်
ခွန်းမိန့်မြွက်.... ဟု ၊ ကွဲအက်ပွင်အံ
နှလုံးယံမှ ၊ စောင်းသံ ကိုဖောက်
အကြိုထောက်သော် ၊ တယောက်အားငယ်
ပုလဲသွယ်ခင် ၊ မျက်ရည်ရှင်လည်း
ဆံပင်ဖားလျား ၊ လက်ဝါးနှင့်သတ်
ရှိုက်သံရပ်၍ ၊ အမှတ်တမဲ့
စောင်းငဲ့ ညင်သာ ၊ ပြူ တင်းလွှာမှ
ငုံကာစေ့စေ့ ၊ မျှော်ပါချေ့သော်
တကွေ့လမ်းမြှောင် ၊ ပြပြမှောင်သည့်
လရောင်မှုံမှုံ ၊ ဂမုန်းချူံ ဝယ်
နွမ်းနှယ်ညှိုးပါး ၊ သူဖုန်းစားကို
စောင်းညို ပိုက်ချီ ၊ မျက်ရည်လည်ဖြင့်
တေးသီဖွဲ့ငင် ၊ ရေးရေးမြင်သည်
ပြုံးချင်နိုင်နိုင် - မချိလောင်လောင်တကား ။   ။

{ ၉ }

ပြုံးချင်နိုင်နိုင် ၊ မပြုံးနိုင်သား
ကျောက်တိုင်တံတိုင်း ၊ ဝန်းကာဆိုင်းသည့်
အုပ်ဆိုင်းယှက်ဖြာ ၊ ယက်မလွှာမှ
မြင်ရသဏ္ဍာန် ၊ မဲမဲဟန်ကား
နွမ်းပါးကိုယ်ရည် ၊ ဝတ်ထည်ညစ်ထွေး
အဖာထေးနှင့် ၊ အသွေးအရောင်
မတောက်ပြောင်ရှင့် ၊ ကြွေလွင့်ရွက်ဝါ
သို့ပမာလျှင်​ ၊ မြင်ကာမျှ ဖြင့်
သိနှင့်ခြားနား ၊ " သူဖုန်းစား " ဟု
လှုပ်ရှားဟန်ပန် ၊ ဗျတ်စောင်းသံကြောင့်
စိုးနှောင့်မဆည် ၊ သောမျက်ရည်လည်း
မိုးစည်ကဲဝှန် ၊ မတန့်သွန်လျှင်
လူ့ကျွန်စေပါး ၊စောင်းသမားသို့
ခွန်အားကုန်ညှစ် ၊ စကားဖြစ်ရုံ
ကြာနုတ်ငုံဖြင့် ၊  သံမုံ သဲ့သဲ့
နွမ်းယဲ့ယဲ့လျှင် ၊ လွမ်းဖွဲ့မဆုံး
ပန်းနှယ်ကုံးသည် ။
နှလုံးခုန်သံ - ညက်ညက်တကား ။

ဆက်လက်ဖော်ပြပေးပါမည်

မာန်​ ကဗျာဝတ္ထု
💖💖💖

ကဗျာဝတ္ထု... အဆက် { ၃ }

ဒေါင်းနွယ်ဆွေ

{ ၁၀ }

အို... မေတ္တာ ရှေ့ထား ၊ စကားဆိုလှာ
ဒွန်းစဏ္ဍာငဲ့ ၊ သင်နဲ့ငါကား
ဘဝအားဖြင့် ၊ ခြားနားသီခေါင်
မြင့်မိုရ်တောင်တည့် ၊ စစ်အောင်နန်းရှင်
ငါ့ဘခင်ကား ၊ မြေပြင်ထက်မိုး
ပိုင်သစိုးသည့် ၊ မိုးကြိုးနွယ်စစ်
ဧကရာဇ်တည့် ၊ ရင်နှစ်သည်းချာ
ကညာပွန်းတီး ၊ ချစ်သမီးကား
ငါတပါးတည့် ၊ လွမ်းအားဗျာဝှန်
ဇာတ်စုံသွန်က ၊ လှန်ချွန်မြမြ
တရွရွလျှင် ၊ ထိုးစွအသဲ
အက်လှာကွဲလိမ့် ၊ ရှောင်လွှဲကြံစည်
ပြောရမည်လည်း ၊ မကြည်ရင်တွင်း
မပြေရှင်းတည့် ၊ ချစ်ချင်းရည်ငံ
တခါရံက ၊ သက်နှံထပ်တူ
ချစ်သွေးဆူ၍ ၊ ချစ်သူပွဲကျော်
ကြင်သည်းဖော်နှင့် ၊ ရွှင်ပျော်ယစ်မူး
ချစ်ရည်လူးကာ ၊ ကမ္ဘာနက်ရှိုင်း
ချစ်မုန်းတိုင်းလယ်.၊ နှောင်ကြိုးသွယ်ခက်
အဆိပ်တက်ငိုက် ၊ သောအခိုက်တွင်
ဘခင်ခမည်း ၊ ဒေါသသည်းထန်
ရာဇမာန်ရှ ၊ အရှက်ရ၍
ဆုံး..စ သည်ဇာတ် ၊ ပေါ်ချေလတ်သော်
မြိုင်ရပ်မြို့ ပြင် ၊ ငါ့ချစ်လင်အား
ပြည်နှင်ဒဏ်သင့် ၊ အဝေးလွှင့်၏
မင်းကျင့်ဂုဏ်ပုဒ် ၊ အိုးမဲသုတ်သည့်
အယုတ်တမာ ၊ ရင်နာသမီး
ရှု့မငြီးမူ ၊ ကျောက်ဖြူ ရဲတိုက်
အမှောင်မိုက်တွင် ၊ မြေ၌အကျဉ်း
ပိတ်လှောင်သွင်းကာ ၊ ကျိန်စာ ဒဏ်ခတ်
သေခမ်းပြတ်ကြောင့် ၊ လွတ်ရပ်ရှာမှီး
အချီးနှီးတည့် ၊ သို့ပြီးတကား
သူဖုန်းစား..... ၊ ငါ့အားလွတ်ရန်
သင်မကြံနှင့် ၊ ငါ့ကံနှင့်ငါ
ရှိပါစေတော့ ၊ စိတ်ဖြေလော့ ..ဟု
အားလျော့စကား ၊ သဲ့သဲ့ ကြား၍
စူးဝါးညံညံ ၊ ငိုရှိုက်သံလည်း
ညဥ့်ယံချောက်ချား ၊ မရပ်နားပြီ
ငိုအားမရ - နိုင်နိုင်ပါတကား ။   ။

{ ၁၁ }

ရှိုက်သံသောင်းသောင်း ၊ လွမ်းခေါင်းလောင်းသံ
ပဲ့တင်လျှံရှင့် ၊ ညဥ့်ယံကွန်ချာ
မှောင်ကမ္ဗလာလည်း ၊ ရွေ့လှာမြင့်မြင့်
သန်းခေါင်လင့်တည့် ၊ ကြယ်ပွင့်လှည့်ဘမ်း
တိမ်သရမ်းလည်း ၊ လိုက်တမ်းပြေးလွှား
ကစားမရွှင် ၊ လွမ်းတုံ့ငင်၏ ။
ကြယ်စင်လွလွ ၊ ကျောက်မျက်ရွလည်း
မြေခကြွေဖန် ၊ လွမ်းမြေဟန်ဖြင့်
ရှိုက်သံလွင့်ရာ ၊ ကောက်ကောက်ပါလျှင်
သာသာဖြည်းညှင်း ၊ ခုန်သက်ဆင်းရှင့် ။
နားစွင့်လုလင် ၊ ဗျတ်စောင်းရှင်ကား
ညှို့ မှင်သက်မိ ၊ မျက်ရည်ပြည့်လှိုင်
ငေးတိငိုင်ဖြင့် ၊ ပင်တိုင်လွမ်းဇာတ်
အတ္ထု ပါတ်ကို ၊ ရိုးပြတ်ရိတ်လှီး
ကောက်ပင်စီးသို့ ၊ တီးခေါက်လုံးစုံ
စေ့စေ့ငုံသော် ၊ ယမုံသီတာ
ဂရုဏာလျှင် ၊ မေတ္တာပေါင်းဘက်
နှစ်ကြောင်းယှက်၍ ၊ ပြောင်းညက်ပီယာ
ချို သာနုတ်ခွန်း ၊ တုန့်ပြန်ယွန်းသည်
မျက်ဝန်းငွေရီ - စက်စက်တကား ။  ။

{ ၁၂ }

အို......လွမ်းပင်တိုင်တွင် ၊ ကြမ္မာငင်သည့်
သခင်ထီးထီး ၊ မင်သမီး....... ။
လွန်ပြီးသည့်ကြောင်း ၊ ပြန်ပြောင်းငိုကြွေး
မဆွေးနွေးလင့် ၊ ဤဘေးလွတ်မြောက်
လမ်းတပေါက်ကား ၊ ကျောက်ရဲတိုက်ဝ
အံဖုံးချသည့် ၊ ယက်မသံနှောင်
ပိတ်ဆိုလှောင်သော ၊ အမှောင်ကြက်စား
ကျောက်တံခါးကို ၊ ကြိုးစားဖိကြုံး
ငါ့ပခုံးနှင့် ၊ ရုန်း၍တွန်းကန်
အမြစ်လှန်က ၊ ဝန်းရံအုပ်ဆောင်း
ကျောက်နှာမောင်းလည်း ၊ ညွှတ်ပြောင်းဦးခိုက်
မြေသို့ငိုက်အံ့ .၊ ယင်းကြိုက်သည်ခါ.
အခွင့်သာသော် ၊ ရွှေလှော်ရုပ်ပြီး
ရှင့်သမီးကို ၊ စောင်းညိုတပ်မက်
ပိုက်သောလက်ဖြင့် ၊ ပွေ့လျက်ညင်သာ
ဆောင်ကြဉ်းပါအံ့ ၊ " မင်းမှာသစ္စာ
လူမှာဂတိ " ၊ စကားရှိ၏
ဘုန်းပိယောင်္ကျား ၊ စာကြွင်းစားမို့
ယုံမှားဒွိဟ. ၊ သံသယနှင့်
သောကစိတ်နွယ် ၊ အားမငယ်လင့်
ဒုဒယ် ကြီးမား ၊ ကျောက်တံခါး၏
နောက်ပါးတွင်ကပ် ၊ သာသာရပ်၍
မြတ်သောဝတ်လွှာ ၊ ပိုးပုဝါဖြင့်
လွမ်းဗျာမိုးစည် ၊ ဝဲဝဲလည်သည့်
မျက်ရည်ကိုသုတ် ၊ စိတ်ကိုချူ ပ်လော့  ။
ကနုတ်မကဋ် ၊ ကျောက်ရဲတိုက်ကား
ရှည်လျားကာလ ၊ အကျဉ်းကျသည့်
ရူပတန်ဆောင် ၊ ညှိုးနွဲ့ယောင်ကို
အနှောင်ဖွဲ့ကျွတ် ၊ အခွင့်လွှတ်ခါ
ဂရုဏာဖြင့် ၊ ဝမ်းသာနှစ်သက်
နုတ်ခွန်းဆက်လိမ့် ၊ သို့လျက်တကား
မိမိဖျား.... ။ လွမ်း,  အား ချူ ပ်ကိုင်
စိတ်မယိုင်နှင့် ၊ ပြုံးလေလင့်.....ဟု
ရော်ရင့်ထွားကြိုင်း ၊ အသံလှိုင်းလည်း
နက်ရှိုင်းမြင့်မား ၊ ခုန်ပျံလွှား၍
လှများမှူးနောင် ၊ နွဲ့ယခေါင်အား
ရစ်နှောင်သိမ်းကြုံး ၊ သီကုံးဖွဲ့သော်
မျက်လုံးမြတိမ် ၊ ပုလဲအိမ်မှ
အရှိန်ပြင်းစွား ၊ မျက်ရည်မွှာလည်း
မိုးရွာမတန့် ၊ ပြည့်မဆန့်လျှင်
ဝှမ်းဖြန့်ဒီရေ - မြိမ့်မြိမ့်တကား ။  ။

{ ၁၃ },

ခွန်းတုံ့ပြန်ကြား ၊ စောင်းသမား၏
စကားသဝဏ် ၊ လျော်ကန်သင့်မြတ်
ယုယာတတ်သည့် ၊ ဆုံးဖြတ်စိတ်စောည
ဆန္ဒဇောကို ၊ ရင်ဖိုလှိုက်ပမ်း
မျက်ရည်စမ်းဖြင့် ၊ ညှိုးသမ်းမျက်လွှာ
ကော့လှာစင်းစင်း ၊ မှိတ်ခတ်ရင်းလျင်
သက်ပြင်းလှုပ်ရှား ၊ ရှည်လျားပင့်မ
လေးလံလှရှင့် ၊ ငိုရရက်ရှည်
သွန်းမျက်ရည်ကို ၊ ဖြေဆည်ရနိုး
မျှော်ကိုးငံ့လင့် ၊ နုတ်ခွန်းဆင့်သည့်
မချင့်မရဲ ၊ မကဲမရာ
ဒွန်းစဏ္ဍာအား ၊ ကိုယ်စားမျှတူ
သနားမူဘိ ၊ မဉ္ဇူ သည်ပန်း
မလှနွမ်းလည်း ၊ ဆင်မြန်းဖုန်းတောင်း
မပန်ကောင်းတည့် ။
ပန်ကောင်းသည်ထား ၊ ဤယောင်္ကျားသည်
ကျောက်သားကျောက်စိုင် ၊ ထယ်ထယ်ခိုင်သော
မာကြောဂဝံ ၊ ရဲတိုက်ယံကို
တဆံခြည်မျှ ၊ ရွေ့လှာကြွအောင်
စွမ်းဆောင်ဘိရေး ၊ ဝေလာဝေလိမ့်
အတွေးကျယ်ပြန့်  ၊ မဆန့်ရင်တွင်း
ဆုံးဖြတ်ခြင်းလည်း ၊ ကြိုးတင်းနှောင်မြဲ
လွန်ဆွဲပွဲတည့် ၊ ပုလဲတစက်
ရွဲတစက်လည်း ၊ ပါးထက်ယိုစီး
ညို့ညို့ညီးလျှင် ၊ ရင့်သီးခက်ထန်
တားမြစ်ရန်လည်း ၊ သက်ဆံစွန့်စား
တဘက်သားကို ၊ ထိပါးနိမ့်ချ
ရိုင်းရာကျမို့ ၊ နုတ်အ, လျှာလေး
ဖင့်နှေးနှေးလျှင် ၊ ငြိမ့်အေးခွန်းသာ
ဖွင့်လှစ်လှာသည်
ကျိန်စာလွမ်းဇာတ် နက်နက်တကား ။  ။

မာန်
💖💖💖

ကဗျာဝတ္ထု... အဆက်.. ၎

ဒေါင်းနွယ်ဆွေ

{ ၁၄ }

အို.... စိတ်လိုက်မာန်ပါ ၊ မပြုရာတည့်
မေတ္တာ ဖုန်းစား ၊ စောင်းသမား.... ။
ငါ့အားချစ်မူ ၊ ရဲတိုက်ဖြူ မှ
လာမူလမ်းတိုင်း ၊ နောက်ကျောခိုင်း၍
မဆိုင်းဆုတ်ခွာ ၊ ပြန်ချေပါလော့ ။
လွမ်းဗျာကူးစက် ၊ ငါ့အတွက်ကြောင့်
ရမက်တပ်ငြိ ၊ ညှို့သက်မိ၍
သင်၏စိတ်အား ၊ လှည့်ဖျားသွယ်ဝိုက်
မမျည်းငိုက်ရန် ၊ သတိတန်လော့
ငါ့ကံသည်ကား ၊ ကျောက်တံခါးသာ
စိုးပိုင်ရာတည့် ၊ ကျိန်စာပြင်းထန်
ရာဇမာန်ရှင် ၊ ငါ့ဘခင်က
သို့လျှင်မြွက်ကြား ၊ ဒဏ်ခတ်ထား၏
" လူသားစင်စစ် ၊ အသဲနှစ်မှ
ဖြစ်သည့်သွေးကြောင်း ၊ နီမောင်းမောင်းဖြင့်
သွန်းလှောင်းပက်လှာ ၊  သောအခါမှ
ကျေ ယက်လွှာယက်မ ၊ တံခါးဝသည်
ပွင့်ဟဟင်းလင်း ၊ အနှောင်ကင်း၍
ယမင်းဘသည်း ၊.အရှက်နည်းသည့်
မိုက်မည်းလွံ့ကျော် ၊ သမီးတော်သည်
လွတ်သော်စေကား ၊.လွတ်စေသား " ..ဟု
ကြုံးဝါးဒဏ်ခတ် ၊ ရှိဘူးအပ်ကြောင့်
ငြိမ်းသတ်သည်မီး ၊ အချည်းနှီးတည့် ။
ခရီးဝေးလံ ၊ ပြည်နှင်ဒဏ်သင့်
ထောက်လှမ်းဖင့်သည့် ၊ သဇင့်ငယ်ကျွမ်း
လာမည့်လမ်းလည်း ၊ ရက်ပမ်း , လမော
နှစ်ကုန်ကော၍ ၊ ဘယ်ရောက်နံဆီ
တတ်သိပြီဘု ၊ သိင်္ဂီရွက်ညောင်း
တနွေနှောင်း၍ ၊ တဆောင်းလည်းလွန်
တမိုးသွန်ခဲ့ ၊ တောင်စွန်ကွန်ယက်
ကြယ်ထွက် , နေဝင် ၊ တိမ်မြင်,  လပျောက်
အဆွေးလှောက်၍ ၊ မိုးသောက်,  ညဥ့်ယံ
နရီသံလည်း ၊ ကြိမ်ဖန်ကဲကဲ
လွမ်းဝှန့်သဲလျှင် ၊ ပြောင်းလွဲစက်ဝိုင်း
ပမာနှိုင်းက ၊ ဆုံးစ..မထင်
ရိပ်မမြင်မို့. ၊.အသင်ငါ့အား
သနားယိုဖိတ် ၊ သောရှိစိတ်မူ
တိတ်ဆိတ်ဖြည်းသာ.၊ ဤနေရာမှ
ဆုတ်ခွာလှည့်လော့ ၊ မြန်အသော့  " ဟု.
ကေကြော့နန်းမှူး ၊ လှခေါင်ဖူးလျှင်
လွန့်​လူး ယဲ့ကျန် ၊ ရှိုက်ငင်သံဖြင့်
ဖွင့်အံတီးတိုး ၊ နှောင်းဇာတ်ပျိုးသည်
လွမ်းမိုးမျက်ရည် - သွန်သွန်တကား ။   ။

{ ၁၅ }

ဇာတ်ဝင်္ကပါ ၊ လွမ်းကျိန်စာ၏
ကြောင်းရာဇစ်မြစ် ၊.နှောင်းသနစ်အား.
အသစ်တဖန် ၊.နှိုးဆွပြန်မှ
ဆင်းကြန်လှထွဋ် ၊.လွမ်းမိမွတ်လျှင်
ခွေညွှတ်လည်တိုင် ၊.မရှိုက်နိုင်တော့
ရပ်ငိုင်ငေးမော ၊ ယခင်စောက.
ချစ်သောယေင်္ကျား ၊ စောင်းသမားလည်း
စကားမတုံ့ ၊ ခွန်းမလှုံ့လျှင်
တမုံ့နွှဲဆင့် ၊ အသဲနင့်မျှ
သဇင့်ဆန္ဒ ၊ တစွန်းစကို
ရိပ်ပြကောင်ထင် ၊ အမြွက်မြင်၏
သခင်နှင့်ကျွန် ၊ သလွန်နှင့်ညောင်စောင်း
မယှဉ်ကောင်းသား ၊ ဦးခေါင်းနှင့်ခြေ
သပြေနှင့်ကုက္ကို  ၊ နန်ပျို နှင့်ဖုန်းစား
တသန့်ထား၍ ၊ ခြားနား သတ်မှတ်
မပြောလတ်လည်း ၊ သိတတ်မြင်မြှော်
ရိပ်ခြည်ပေါ်ရှင့် ။
" ရွှေလှော်ရုပ်လု ၊ ပန်းပွတ်နုအား
သွန်းထုလိမ္မာ ၊ ဗိသုကာပင်
ရာဇနန်းလက် ၊ တင်ပြီးဆက်မှ
စွဲမက်တပ်ငြိ ၊ လည်ပြန်ကြည့်ကြောင့်
ယင်းသည့်ဦးခေါင်း ၊ ဒါးစက်ညောင်းသို့.... ။
ထုံးဟောင်းသာဓက ၊ ရှိဘူးစွတည့် ။
နိမ့်ကျ. မြင့်တုံ ၊ လူ့ဇာတ်ခုံကား
သဲမှုံမြေဝါ ၊ နှိုင်းဝံ့စွာလျှင်
ပမာမိုးတင့် ၊ သောက်ရွှန်းပွင့်သို့
ယမင့်စကား ၊ ဆတ်ဆတ်ကြားသော်
လွမ်းအားဆည်နိုင် ၊ မျက်ရည်စိုင်လည်း
ဖြိုင်ဖြိုင်သွန်းထွေ ၊ စွေစွေသွန်းဖြိုး
လွမ်းသည်းမိုးဖြင့် ၊ တီးတိုးညက်ညံ
ခွန်းလင့်ပြန်သည် ။
လွမ်းသံလှိုင်းမြင့် - လွန်လွန်တကား ။   ။

{ ၁၆ }

အို...ရဲတိုက်မြင့်ယံ ၊.တင့်တင့်စံသော
ရူပံများမှူး ၊ လှခေါင်ကြူးသည့်
နန်းငူးရင်သွေး ၊ နတ်မိကျေး.... ။.
ကလေးကလား ၊ ကျွန့်စကားကို
နွဲ့ဖျားခွင့်လွှတ် ၊ မှတ်မဆွတ်လင့်
စိတ်လွှတ်လွင့်ရာ ၊ ဂရုဏာကြောင့်
နုတ်အာသောသော ၊ ခွန်းလျှင်စောလည်း
မြင့်ပြောကောင်းကင် ၊ ပြပြထင်သည့်
ကြယ်စင်ဗဟိုရ် ၊ သောက်ရူးဗိုလ်အား
ဆိပ်လူးမြှားခွင်း ၊ မုတ်ဆိုးချင်းသို့
အခင်းမလှ ၊ ကြံကောင်းစွတည့်
ရူပသက်နှံ ၊.ချစ်စွမှန်သော
နှင်ဒဏ်ခတ်လင့် ၊.အဝေးလင့်သူ
ငယ်ကျွမ်းဖြူ သာ ၊ သင့်ကြမ္မာကို
စိုးလှာပိုင်ပိုင် ၊ ဖန်တီးနိုင်လိမ့်
ဝံ့ပြိုင်ကိုးစား ၊ နှလုံးသား ကို
ထွားထွား ကြေညက် ၊ ခွဲချေဖျက်၍
သွေးထွက်သံယို ၊ မပြုလိုကဲ
မရွံ့ရဲတည့် ၊ ပုလဲ ကြော့ဆုံး
လှမျက်ကုံး၏ ၊ လွမ်းထုံးပြေပိမ့်
သက်သာစိမ့်ငှါ ၊ နှစ်သိမ့် ညွှတ်ပြောင်း
ဗျတ်လွှာစောင်းဖြင့် ၊ လွမ်းကြိုးငင့်ပြီး
သခင်ခြေဖျား ၊ ရဲတိုက်ပါးမှ
ဖုန်းစားအကျွန် ၊ မျက်ရည်သွန်၍
နယ်လွန်ဝေးဝေး ၊ ရပ်ခေါင်ကျေးသို့
မနှေးကြန့်ကြာ ၊ ယွန်းမည်သာမို့
ထံတျာလက်ဆောင် ၊ ဖြေဖျော်ယောင်ကို
နားထောင်ဆင်သ ၊ နောက်ဆုံးမျှ.....ဟု
စောင်းရွသံညှိ ၊ စမ်းတို့ထိ၍
လွမ်းမိရှေ့မှောက် ၊ သံဝါလှောက်သည်
လှိုင်းမောက်ရွှေရင် ၊ ခုန်ခုန်ရန်တကား ။   ။

{ ၁၇ }

သံဝါငြိမ့်ညောင်း ၊ လွမ်းဗျတ်စောင်းသံ
ညက်ညက်ညံကား ၊ စီးလျှံ စမ်းယဉ်
တသွင်​သွင်​သို့ ၊ ညှို့ငင်လေတိုင်း
ဝေ့ဝေ့ဝိုင်း၍ ၊ တေးလှိုင်းချင်းဆုံ
လွမ်းယမုံတည်း ၊ သံစုံနွဲ့ညှင်း
ရစ်ပတ်ခြင်းလည်း ၊ မြှင်းမြှင်းမြမြည်
မဆုံးပြီတည့်​ ၊ ညဥ့်လည်ဆည်းဈာ
သာကောင်းသာတည့် ၊ တိမ်လွှာလည်းငို
ကြယ်-လည်းငို၍ ၊ လငို - လေငို
ရေမြေငိုဟန် ၊ ထင်ရဖန်အောင်
လွမ်းသံလွှမ်းလွှမ်း ၊ စွမ်းစွမ်းသီဖွဲ့
တနွဲ့နွဲ့လျှင် ၊ ပဲ့တင်သံ ကို
ရှိုက်သံမျို ရှင့် ၊ ယမင့်ကြော့ဖူး
ရဲတိုက်မှူးရှင် ၊ လှသခင်ကား
သောင်ပြင်ကမ်းအိ ၊ လှိုင်းပုတ်ဘိသို့
လွမ်းရှိသမျှ ၊ နှစ်.နှစ်​. လ၏
ချူံးချငိုရန် ၊ တာတမံသည်
စီးအံဖိတ်ယို ၊ စောင်းသံ ညိုဝယ်
အတိတ်တွယ်ရာ ၊ လွမ်းမြစ်ဖြာ၍
ရှိုက်ခါငင်ကြီး ၊ မျက်ရည်စီးလည်း
မိုးသီးမိုးပေါက် ၊ အိုင်သွန်း မှောက်ရှင့်
တယောက်လုလင် ၊ ဗျတ်စောင်းရှင်မူ
ဦးပြင်လှည့်မော့ ၊ တေးငင်သော့ဖြင့်
လွမ်းလျှော့ ပြေအောင် ၊ ဖြေယောင်နိုးနိုး
မျက်လွှာညှိုးသား.၊ စောင်းကြိုးခုလပ်
တကြိုးပြတ်က ၊ နောက်ထပ်တကြိုး
အသစ်ပိုး၍ ၊ တီးတိုးသံမျှ
မဖွင့်ဟတော့ ၊ ဖွဖွ စကား
ပြန်ကြားမျို သိပ် ၊ ခတ်မဆိတ်တည့်
သစ်ရိပ်ရွေ့ပြောင်း ၊ သန်းခေါင်ညောင်းမှ
ဗျတ်စောင်းကိုပိုက် ၊ ခေါင်းငိုက်စိုက်လျှင်
ရဲတိုက်မှာဖဲ ၊ ခြေလှမ်း ကြဲဖြင့်
နှင်းဖွဲဖုံဖုံ ၊ သောက်အရုဏ်ကျင်း
ဝေလီလင်းဝယ် ၊ ဖြေးညှင်းရွေ့လျား
ဝေး.....ဝေး....သွားသည်
မှုံမွှားနေခြည် - ပြပြပြု ချိန်တိုင်သတည်း ။   ။

ဆက်လက်ဖော်ပြပေးပါမည် ။
2း26 p.m.

No comments:

Post a Comment