ဆရာကြီးဒေါင်းနွယ်ဆွေရဲ့ အလင်္ကာရှည်တစ်ပုဒ်ပါ
လေ့လာစေချင်ငှါ တင်ပြအပ်ပါသည်
ပေးပို့ပါသော ညီငယ် ကိုကိုဇော်ကိုလည်းကျေးဇူးတင်ပါတယ်
အကြိမ်ကြိမ်ဖတ် အကြိမ်ခံစားလို့မဝနိုင်တဲ့ကဗျာလေးပါ
လမ်းပေါ်က မိန်းမမြတ် မိခင်ကောင်း __________________________(ဒေါင်းနွယ်ဆွေ)
(၁)
အရင်းစစ်သော်
စနစ်ကိုပင်၊ အပြစ်တင်သည်
မိခင်မွန်မြတ် သူသာတည်း။
(၂)
နွမ်းပါးစွတည့်၊ ကုဋ္ဌနူနာ
ရောဂါကြီးစွဲ၊ ခွေယိုင်လဲလျက်
ရင်ခွင်ထက်ဝယ်၊ မထွက်သောနို့
သောက်စို့ရင်သွေး၊ ဤကလေး၏
ရှေ့ရေးကြမ္မာ၊ ရင်လေးပါသည်
ကဗျာ အနိဋ္ဌာရုံ မြင်ကွင်းတည်း။
(၃)
စနစ်ဟောင်းမှ၊ ဇတ်ကြောင်းစခဲ့
တောမှမြို့တက်၊ ဈေးတောင်းရွက်ကာ
ရိက္ခာဝမ်းရေး၊ ကမ်းနားဈေးသယ်
ကုန်ဖလှယ်ခိုက်၊ လင်နောက်လိုက်မိ
ဆိုက်ကားသမား၊ ကိုဘထွား နှင့်
ထိမ်းမြား မင်္ဂလာ၊ မဆောင်သာဘဲ
တဲအိုစုတ်စုတ်၊ မှောင်ကုပ်ကုပ်တွင်
တန်းတင်ပုဆိုး၊ ခဲဘိုးမပါ
သြဘာမဖတ်၊ လူခြေပြတ်စဉ်
မွတ်ငတ်ဆာလောင်၊ ညအမှောင်ဝယ်
မီးတောင်အချစ် ပေါက်ကွဲသတည်း။
(၄)
စနစ်ဟောင်းမှ၊ ဇတ်လမ်းစခဲ့
သောကတွေ့မြဲ၊ နောက်ဆက်တွဲတွင်
ချစ်လင်ယုံစား၊ ကိုဘထွားသည်
သေရည်မူးယစ်၊ အော်ဟစ်ကြိမ်းမောင်း
နားတောင်း ဖြုတ်ယူ၊ ညတိုင်းဆူ၍
လူယုတ်မာမျိုး၊ ဗီဇဆိုးက
ဇာတိပြလျက်၊ အရက်သောက်လိုက်
ဖဲလည်ရိုက်ကာ၊ ဆိုက်ကားမနင်း
ကြွေးလည်ပင်းထိ၊ ဖြေမချိခဲ့
နေထိပန်းနှယ်၊ မထွေးငယ်သည်
ငိုလွယ် ရှိုက်ခက် ဖြစ်ခဲ့တကား။
(၅)
စနစ်ဟောင်းမှ၊ ဇတ်အိမ်စခဲ့
တညသောခါ၊ ဧည့်သည်လာ၏
လက်မှာပုလင်း၊ ရွှေမြင်းသုံးကောင်
ခုန်ပေါက်ယောင်တည့်၊ ခွက်လှည့်မြှောက်ကြွား
ကိုဘထွားက၊ တံခါးရိပ်ဝယ်
မေထြးငယ္ကို၊ ၿပံဳးရယ္ရႊင္ပ်
မျက်စပစ်ကာ၊ အတန်ကြာသော်
ငွေလာသူပေး၊ ညဈေးဆစ်ဆဲ
မုတိမ်းပွဲတွင်၊ ရစ်ဝဲမျက်ရည်
ဖြေမဆည်တော့၊ လင်သည်ကိုယ်တိုင်
ပုခုံးကိုင်၍၊ မူးယိုင်ခြေလှမ်း
ငရဲခန်းသို့၊ တွန်းကာပို့သည်
သင်း တို့ လူမဆန်ကြပြီတည်း။
(၆)
စနစ်ဟောင်းမှ၊ ရင်နာရခဲ့
ညဆို လန့်ကြောက်၊ မျက်ရည်ပေါက်များ
မထွေး ပါးပြင်၊ ပင်လယ်ထင်ရ
လာသမျှလူ၊ မကြည်ဖြူလည်း
လင်ဆူမည်ကို၊ ကြောက်အားပိုလျက်
ညဉ့်နက်သန်းခေါင်၊ ခွေးဟောင်သံကြား
ကိုဘထွားက၊ တံခါးဖွင့်ပေး
အရက်ကျေးကျွန်၊ ကာမဝန်ကြီး
ဖိစီးနှိပ်စက်၊ ခံပြင်းခက်လည်း
မျက်ရည်သုတ်ကာ၊ ဧည့်သည်လာက
နံ့သာခြယ်လူး၊ အိပ်ချင်မူးဖြင့်
ပန်းဖူးညွန့်ချွေ၊ ကြွေရလေသည်
ငွေ နှင့် သွေးသား လဲချိန်တည်း။
(၇)
စနစ်ဟောင်းမှ၊ နာကျည်းခဲ့ရ
ဘဝဟူသည်၊ မျက်ရည်ဖြင့်ရင်း
ချောက်နက်တွင်းဝယ်၊ တွယ်ရာခိုရာ
ကင်းမဲ့ပါပြီ၊ သိင်္ဂီ ရောင်ရွှန်း
မျက်ဝန်းသန္တာ၊ နီလာမျက်တောင်
မှေးမှိန်မှောင်၍၊ လူ့ထောင်တံခါး
ပိတ်ဆို့ထားသည့်၊ ဘထွားအိမ်မှ
ညတညတွင်၊ ဘဝကိုမုန်း
ကိုယ်လွတ်ရုန်းမိ၊ မြေပြင်ရှိလျှင်
အသက်ရှင်သေး၊ မငိုကြွေးတော့
မထွေးစိတ်တွင်၊ ချမ်းမြေ့ရွှင်သည်
သခင်မဲ့သော ခံပွင့်နွမ်းနွမ်းတည်း။
(၈)
စနစ်ဟောင်းမှ၊ ရုန်းကန်ရခဲ့
ဘဝမှောင်ကြမ်း၊ ခရီးလမ်းတွင်
တဝမ်းတဆုပ်၊ လက်လုပ်လက်စား
သူများအိမ်စေ၊ လုပ်ရပေလည်း
မြတ်ပေသေးသည်၊ သူ ယုံကြည်မိ
မချိသော်လဲ၊ စိတ်မာန်ဇွဲဖြင့်
မျှော်လင့်ရှေ့ဝယ်၊ အားမငယ်တော့
အုတ်သယ် ပန်းရံ၊ ကျွန်ခံ ကူလီ
စုံခဲ့ပြီလည်း၊ အညှီအဟောက်
စားသောက်ချောင်းမြောင်း၊ ပန်းကောင်းညွန့်ချိုး
သူယုတ်မျိုးတို့၊ ခိုကိုးရာမဲ့
အားနွဲ့မိန်းမသား၊ တပွဲစားကြံ
မထွေးခံရ၊ ဤလောကကို
ဒေါသပေါက်ကွဲ၊ သူ ကျိန်ဆဲသည်
အသဲဆန်ကာ ကျခဲ့ပါပြီတည်း။
(၉)
စနစ်ဟောင်းမှ၊ လေလွင့်ခဲ့ရ
သောကနက်ရှိုင်း၊ မုန်တိုင်းထန်ရာ
ဝဲလွင့်ပါသည်၊ ရွက်ဝါပုံသွင်
နာကျင်ပြင်းပြ၊ ခံစားရ၏
ခေါင်းချ ခြေဆန့်၊ ရပ်တန့်အိပ်စက်
သူ့ တွက်မြေလွှာ၊ အဘယ်မှာမှ
ရှာမရပြီ၊ ဘဝလက်ကြမ်း
သူ မွှေ့ရမ်း၍၊ လွမ်းတက် ငိုတက်
ည ဇတ်ဆရာ၊ သူ ပေါ်လာသော်
လော်မာကြိုးရှုပ်၊ အရုပ်ပမာ
ကရပါသေး၊ မထွေး စိတ်ပြောင်း
ဘဝဟောင်းတွင်၊ သစ်ခေါင်းတိုးငှက်
ပြန်ထွက်ခက်သို့၊ ရမ္မက်ညွှတ်ကွင်း
ပြန်သက်ဆင်း၍၊ ငိုရင်းရယ်ရ
တညမညား၊ ဘဝခြားသည်
တရားသစ္စာ ပျက်ပျက်ပြယ်ပြယ်တည်း။
(၁၀)
စနစ်ဟောင်းမှ၊ အမြတ်ရခဲ့
ဘဝကိုရောင်း၊ ညဈေးကောင်းခိုက်
မှောင်မိုက်ထဲတွင်၊ လင်မဟုတ်သော
ယောကျာ်းချောများ၊ လက်မောင်းကြား၌
ပျော်ပါးရင်းမှ၊ သန္ဓေရသည့်
သားလှ လူလေး၊ ဖြူဖြူဖွေးကို
လမ်းဘေးမှာပင်၊ ဖွားသန့်စင်သည်
မြေပြင်လူသားတယောက် တိုးသတည်း။
(၁၁)
စနစ်ဟောင်းမှ၊ ဆုလာဘ်ရခဲ့
လမ်းမကျဉ်းမြောင်း၊ ပလက်ဖောင်းတွင်
ဆံပင်ပြန့်ကြဲ၊ ခွေကာလဲလျက်
အုတ်ခဲ ခေါင်းအုံး၊ ဒန်းပုံးပက်ပက်
ထမင်းခွက်လည်း၊ မျက်ကန်းပမာ
ဟောင်းလောင်းသာတည့်၊ မျက်နှာတပိုင်း
ခြုံလွှာသိုင်းလည်း၊ ပြိုင်းပြိုင်းငေါထွက်
ခြေလက်ငုတ်တို၊ သွေးပြည်စိုကာ
မျက်နှာဖုဖောင်း၊ မြင်မကောင်းမျှ
ဝဲကြပျံနား၊ ယင်ကောင်များကြောင့်
လမ်းသွား လမ်းလာ၊ ရှောင်ဖယ်ခွာသည်
မေတ္တာမိုးခေါင် လေပြီတည်း။
(၁၂)
လူလောက၏၊ ဘဝခြင်းရာ
မသိရှာသေး၊ ဤခလေးကား
ငါးပြားစေ့မှ၊ ခြင်္သေ့ရုပ်ကို
ကုတ်ဖဲ့ကစား၊ လက်ကားယားဖြင့်
သနားစဖွယ်၊ ပြုံးရယ်ရွှင်မြူး
လွန့်ကာလူးလျက်၊ နို့ မထွက်လည်း
စို့ရက် ငုံနေ မြဲသာတည်း။
(၁၃)
မိခင့် ရောဂါ၊ ကူးစက်ပါသော်
ဤမှာ ရင်သွေး၊ လူကလေးတွက်
ရတက်ထွေပြား၊ လူ အများတို့
ကြုံးဝါးပြစ်တင်၊ တံထွေးစင်မျှ
မိခင်ကိုသာ၊ ကျိန်ဆဲပါသည်
မေတ္တာလွန်ကဲ လှစွာတည်း။
(၁၄)
"လူ ဝတ္တရား"၊ ပျက်ပြားလှစွာ
ပြောဆိုပါကြ၊ ရွံ့ရှာ စက်ဆုပ်
လက်အုပ် မျက်နှာ၊ ဝေးရာသို့ရှောင်
ဤ လူ့ဘောင်ကား၊ တရားဆုံးဖြတ်
တဖက်သတ်တည့်၊ ဇတ်ရင်းမသိ
မရှိပုစ္ဆာ ၊ အဖြေရှာသည်
သစ္စာ ပျောက်သုန်း ကွယ်လျက်တည်း။
(၁၅)
ရောဂါဆိုးရွား၊ တားမြစ်ပိတ်ပင်
ကင်းပစင်အောင်၊ သုတ်သင်သင့်လျက်
ဘယ့် အတွက်ကြောင့်၊ လမ်းထက်အလယ်
မဖွယ်မရာ၊ ရုပ်ဆိုးစွာဖြင့်
ရောဂါကူးစက်၊ မခက်ပေလော
တွေးတော စောင်းမြောင်း၊ တကိုယ်ကောင်းတည့်
နှာခေါင်းရှုံ့ကာ၊ ထွက်ပြေးပါသည်
မဟာသူရဲကောင်း ပီသသူများတည်း။
(၁၆)
ရင်သွေးကိုပြ၊
(၁၆)
ရင်သွေးကိုပြ၊ ယုတ်ကန်းစွတည့်
လမ်းမလယ်တွင်၊ မြင်သူ သနား
ငါးပြားစေ့ပေါင်း၊ လက်ဖြန့်တောင်းလျက်
ရက်စက်လေခြင်း၊ မိခင်ရင်းမှ
ဟုတ်ပါစ, ဟု၊ နှိမ့်ချမဲ့ရွဲ့
နှုတ်ခမ်းမဲ့ဖြင့်၊ ကဲ့ရဲ့စကား
ပြောကြားတီးတိုး၊ အမျိုးမျိုးလျှင်
ကြင်နာဟန်ပို၊ ပြစ်တင်ဆိုသည်
မျက်ရည်မကျ ရုံသာတည်း။
(၁၇)
တကယ်ဆိုမူ၊ အနူမသား
ဖြစ်လေငြားကြောင့်၊ မွေးစားကောက်ယူ
အဘယ်သူလျှင်၊ သားတော်ချင်လိမ့်
မြေပြင်သူသာ သိတော့မည်။
(၁၈)
မိခင်စိတ်ပြင်း၊ ရင်တွင်းနှောင်ကြိုး
ရစ်ပတ်တိုးသော၊ လူ့ သဘော၏
သံယောဇဉ်မှ၊ အမြစ်ကြွသည့်
သားလှ ရင်သွေး၊ လူကလေးကို
မထွေး သာလျှင်၊ ချီငင် ယုယ
ဝမ်းဝလေအောင်၊ သယ်ပိုးဆောင်လျက်
သူ့မျက်နှာမှ၊ ဖီးထ ဖူးနီ
သွေးညှီယိုလျှံ၊ လူမြင်ခံကာ
သဒ္ဓါတက်အား၊ သူတောင်းစားမ
ဤ ဘဝကို၊ လှလှခံယူ
မွန်မြတ်သူတည့်၊ ကြည်ဖြူဆကဲ
ဆင်းရဲတွင်းမှာ၊ နစ်မွန်းရှာသည်
သင်သာ မိန်းမမြတ် မိခင်ကောင်း တဦးတည်း။
(၁၉)
ဝမ်းရေးအတွက်၊ ခွက်လက်မဆွဲ
မတောင်းရဲ၍၊ ပုလဲရွှေသွေး
ကိုယ့် ရင်သွေးကို၊ ငွေကြေးဖြင့်ရောင်း
လက်ချင်းပြောင်းလျက်၊ စုံမက်တွယ်တာ
မေတ္တာမဲ့ကင်း၊ မိဘရင်းတို့
သတင်းစကား၊ မထွေးကြားလျှင်
ရွှေရင်ဆို့ရှာ ပေလိမ့်မည်။
(၂၀)
ဖြေဖျော်မှုတွက်၊ သားဖျက်ကျေးပွန်
ဆရာဝန်ထံ၊ ငွေကုန်ခံ၍
အပ်နှံသန္ဓေ၊ ဖျက်ချလေကာ
လူ့ရွာတခေါက်၊ မရောက်ရှာသေး
သွေးတုံးဖြစ်ဆဲ၊ မျိုးစေ့ခဲကို
ချေခွဲသက်သက်၊ လူသတ်ရက်သည့်
ကြောက်မက်ဖွယ်ခင်း၊ ရက်စက်ခြင်း၏
သတင်းစကား၊ မထွေးကြားလျှင်
ရွှေရင်ကွဲ၍ သေလိမ့်မည်။
(၂၁)
အချစ်အတွက်၊ ရမ္မက်သွေးဆူ
ညလူနှင့်ချိန်း၊ မူးမူးမှိန်း၍
ရှန်ပိန်း ဖန်ခွက်၊ လောင်းဖြည့်စွက်ကာ
ဂျော်ဂျက် ထဘီ၊ ဘရာစီယာ
တွန့်ကျေကာတည့်၊ ပြုံးစွာပျော်ရွှင်
ပွတ်သဘင်ပွဲ၊ ရင်အပ်နွှဲရင်း
ဝမ်းတွင်းသန္ဓေ၊ ရခဲ့လေဘိ
လူမသိအောင်၊ ညအမှောင်ဝယ်
မြောင်းဘောင်အုတ်ကြား၊ လွှင့်ပစ်ထားစဉ်
ခွေးစား ချီမ၊ မွေးစခလေး
ဖြစ်ခင်းရေးကို၊ မထွေးသိလျှင်
သူမ ရင်သည်၊ ပဲ့တင်ထပ်သံ
ဆူညံသွက်သွက် ခါရှာပေလိမ့်မည်။
(၂၂)
အို. . . စနစ်ကိုပင်
အပြစ်တင်သည်
မိခင်မွန်မြတ် သူသာတည်း။
ဒေါင်းနွယ်ဆွေ
၁၉၆၇ ခုနှစ်အောက်တိုဘာလထုတ်
ငွေတာရီမဂ္ဂဇင်း
ီ
No comments:
Post a Comment