ဆရာကြီးဒေါင်းနွယ်ဆွေ၏ ကဗျာတစ်ချို့
စမ်းချောင်းအိပ်မက်နှင့် ကဗျာသစ်ရွက် - ဒေါင်းနွယ်ဆွေ
~~~~~~~~~ ~~~~~~~~~~~~~~~~~~~
အသူတရာ နက်ရှိုင်းစွာတည့်
ကဗျာအိပ်မက် စမ်းချောင်းထက်တွင်
သစ်ရွက်ကြွေမျော ထိုသဘောသည်
ငိုသောသူတို့ လင်္ကာတည်း ။
ရာသီလှည့်ပတ်
နက္ခတ်စက်အိမ် ငွေတိမ်ရွေ့လျား
ကြယ်ရထားလည်း ဘယ်များပြေးပျောက်
ကိုယ်တယောက်တည်း မှောင်မည်းကမ္ဗလာ
ပန်းသဉ္စာတွင် လွန့်ကာလူးလူး
စိတ်ကူးရဲတိုက် လင်္ကာသိုက်ကို
ဖွင့်လိုက်တံခါး ရှိုက်သံများသာ
ကြားရပါသော် ရင်နာကြေကွဲ
ပုလဲကာရံ စီးလျှံမျက်ရည်
မဆည်တော့နိုင် တောမြိုင်နက်နက်
အိပ်မက်ရှည်ရှည် မြင်မက်သည်တွင်
မျက်ရည်သွန်းလောင်း ဤစမ်းချောင်း၌
ပွင့်နှောင်းကဗျာ ကြွေရွက်လွှာတို့
မျှောကာ...မျှောကာ...စီးဆင်းသတည်း ။ ။
ဒေါင်းနွယ်ဆွေ
*** လောကတံခါးဖွင့်ချိန် **
~•~•~•~•~•~•~•~•~•~•~•
# ကျောက်တုံးပမာ
အိပ်ပျော်ပါသော
နှလုံးသားသည်
လှုပ်ရှား ဘယ်တော့နိုးမည်နည်း။
# အို…နေ့နှင့် ညသည်
သင့်တိုင်းပြည်တည့်
မျက်ရည်မကျ
ဘဝစမ်းရေ
ရစ်ပတ်ခွေမြဲ
သင့်အသဲမှ
အလှသစ္စာ
မြင်ရပါသော်
ရင်မှာ မီးလျှံ ငြိမ်းပြီတည်း။
# ကျောက်တုံးပမာ
အိပ်ပျော်ပါသော်
ကဗျာမွေးဖွား
နှလုံးသားသည်
လှုပ်ရှားတက်ကြွ
လူးလွန့်ထသော်
လောကတံခါး ဖွင့်ချိန်တည်း။ ။
ဒေါင်းနွယ်ဆွေ
[၁၉၇၂ ခု၊ စက်တင်ဘာလထုတ် ရှုမဝမဂ္ဂဇင်းမှ]
လူ့စက်ဝိုင်း
°°°°°°°°°°
*
မြတ်နိုးလှစွာ၊ ပစ္စည်းသာမို့
ဇာတာခေါင်မိုး၊ အတူထိုးခဲ့
ပိုးဟပ်လည်းကိုက်၊ ကြပ်ခိုးရိုက်၍
စာသိုက်လဲဖြစ်၊ နှောင်းကျန်ရစ်သော
ငယ်ချစ်သူပေး၊ စံပယ်မွှေးကို
ငါ့မြေးဆော့ရင်း၊ ခြေဖြင့်နင်းသော်
ရင်တွင်းဘယ်သို့၊ ရှိချိမ့်နည်း။ ။
ဒေါင်းနွယ်ဆွေ
©©©©©©©©©©©©©©©©©©©©©©©©©©
photo....credit
``ညပေါင်းများစွာ လွန်ပြီးမှ´´
••••••••••••••••••••••••••••••••
( ဒေါင်းနွယ်ဆွေ )
ချစ်သူ့မျက်လုံး
ကြယ်ပွင့်ကုံးတည့်။
ချစ်သူ့ပါးမို့
နှင်းဆီမြို့တည့်။
ချစ်သူ့နှုတ်ခမ်း
ချယ်ရီလမ်းတည့်။
ချစ်သူ့လည်တိုင်
စံပယ်ခိုင်တည့်။
ချစ်သူ၏လက်
ရွှေကွန်ယက်တည့်။
ချစ်သူ့ခါးသွယ်
ဂမုန်းနွယ်တည့်။
သို့သော်တမူ
ချစ်သူစိတ်ထား၊နှလုံးသားသည်
စိန်သွားထက်မာ၊ဆ တရာလျှင်
မာယာပင်များ၊ရစ်နွယ်ထား၍
မုန်းခါးခါးသီး၊ဘီလူးစီးသည်
ချစ်ပြီးသော်မှ၊သိနှောင်းစွ။ ။
( ၁၉၅၉ )
ကဗျာ စဉ် (၅၅ )
ထမင်းနှင့် သွေး
♕ (လမ်းပေါ်မှဘ၀တူ ယောက်ကျား...သို့ )
" ထမင်းပေးပါ "
တောင်းဆိုလှာသည်၊
ဝမ်းသာ,၀မ်းနည်း...ဖြစ်မိတကား။ ။
ငါဝမ်းသာသည်၊
ကဗျာတပုဒ်...ရသောကြောင့်။ ။
ငါဝမ်းနည်းသည်၊
သင်လည်းငါ့တူ...ငတ်သောကြောင့်။ ။
" ထမင်းပေးပါ "
တောင်းဆိုလာလျှင်၊
" သွေး " သာပေးရန်...ရှိတော့တကား။ ။
ဒေါင်းနွယ်ဆွေ
စမ်းရေအမောဝယ် ၊ ပန်းအကြွေစောတယ် - ဒေါင်းနွယ်ဆွေ
-
ပန်းအလှကို
စမ်းကထောမနာ
ရစ်ဖြာဝိုက်ဝန်း စီးဆင်းသည်။
-
စမ်း၏အေးမြ
ထိုရသကို၊ ပန်းကချီးကျူး
ငုံဖူးဝတ်လွှာ ချွေလွှင့်သည်။
-
စမ်းချောင်းတိမ်ကော၊ မြက်ရိုင်းတောမှာ
ကျစ်စာဖုံးလွှမ်း၊ အိုလွမ်းစရာ
ပန်းခမျာလျှင်၊ နွမ်းကာခြောက်သွေ့
ရေမတွေ့ရ၊ ပူငွေ့လောင်မြိုက်
ရှိုက်ငင်တမ်းတ၊ စမ်းဘဝကို
ပန်းကငိုကြွေး မဆုံးနိုင်။
-
တစ်နေ့သောအခါ၊ ပြည့်လာစမ်းချောင်း
ပြန်ပြောင်းရေစီး၊ သူ့နီးဝန်းကျင်
ပန်းပင်ခမျာ၊ မရှိရှာတော့
မြေလွှာဗျိုက်တော၊ ကြွက်သောသောဖြင့်
ရွေ့လျောပန်းပင်၊ မြက်ခင်းပြင်ဝယ်
မမြင်လေရ၊ ထိုခဏတွင်
စမ်းက ရှိုက်ငိုပြန်လေသည်။
-
နှစ်ပေါင်းများစွာ၊ ကြာသောခါတွင်
မြေလွှာထီးကျန်၊ သဏ္ဌာန်ရွှေ့ပြောင်း
စမ်းချောင်းသစ်ပင်၊ မမြင်လေရ
ဘာမျှမမြဲ၊ မလွဲဧကန်
လောကဓံကို
လွန်ဆန်ငြင်းပယ် မရပါတကား။
-
စမ်းငိုသလို၊ ပန်းလည်းငိုခဲ့
သို့ပေမယ့်ကွယ်၊ ဆက်သွယ်မှုကင်း
ငိုချင်းနှစ်ပုဒ်၊ လွမ်းဇာတ်ထုပ်ကို
ကျွန်ုပ်စာဆို၊ ထပ်ဆင့်ငိုမိ
ဘယ်လိုမျက်ရည် တန့်ဆည်ရမလဲကွယ်။
-
ဒေါင်းနွယ်ဆွေ
-
http://www.poemscorner.com/post-type/myanmar-poems/1237
မှကူးယူဖေါ်ပြပါသည်။
ရင်ခွင်သစ္စာ
No comments:
Post a Comment