ခရေ
*****
ညင်းလေဆော့မြူး ကျီစယ်ဖူးလို့
ကြွေလူးမြေလွှာ ရှိခဲ့ပါလည်း
သင်းဖြာရနံ့ မွှေးလျက်တည့်။
မြေလွှာမြက်ခင်း လျှောကျဆင်းလို့
နင်းခြွေပါစေ မကြင်လေလည်း
ဖြန့်ဝေရနံ့ သင်းလျက်တည့်။
နှင်းဆီခတ္တာ သဇင်ခွာညို
ရွှန်းစိုဂုဏ်ထင်း ရှိစေမင်းငြား
ဂုဏ်ခြင်းမတူ `ခရေ´ဖြူသည်
သွင်မူညှိုးလျ ဂုဏ်ငယ်ရလည်း
သင်းမြလျက်သာ ရှိပေတည့်။
ဪ......
အလှပန်းတွေ ရင့်နွမ်းကြွေတော့
ဖြာဝေရနံ့ သင်းပျံ့ပျံ့သည်
ပျောက်ကွယ်တည်မို့ ဂုဏ်မည်လျော့နွမ်း
လှသောပန်းတွေ ဂုဏ်ငယ်စေငြား
`ခရေ´ပန်းမှာ ရနံ့ဖြာ၍
ပွင့်လွှာကြေမွ ခြောက်သွေ့မျှလည်း
သူကတမူ သင်းကြူကြူဖြင့်
လေယူရာသို့ မွှေးစေတည်း။ ။
ရင်ခွင်သစ္စာ(ကျိုက်လတ်)
No comments:
Post a Comment