Friday, February 9, 2018

လွမ်းလိပ်​ပြာ​တောင်​ အပိုင်း(၄)
ဇာတ်​သိမ်းပိုင်း


လွမ်းလိပ်ပြာတောင်
😱😱😱😱😱😱😱😱

ဒေါင်းနွယ်ဆွေ ( ကဗျာဝတ္ထု )


{ ၅၆ }

သွေးကိုရေထင် ၊ အားအင်ကုန်ခမ်း
မောနွမ်းဟိုက်ဟိုက် ၊ ချွေးဖြိုက်ဖြိုက်ကျ
မောင်ဒေါနလည်း ၊ မောရမှန်းပင်
သိမထင်စွ ၊  ဝဏ္ဏဆုတ်တိုင်း
မိုးပိုင်းမြှောက်ဆင့် ၊ ဒါးဝင့်ဝင့်ဝဲ
ကွက်ကြဲ..ကွက်စိပ် ၊ ကျောက်လိပ်မြီးရိုက်
ခုန်ပျံလိုက်၍ ၊ အတိုက်သက်သက်
ဒါးကြော့သက်စွာ ၊ အတတ်ရဲရဲ
ဒါးရေးကဲကြောင့် ၊ ခြေမြဲလေအောင်
သတိဆောင်ရ ၊ မောင်ဝဏ္ဏလည်း
ဒါးကျကိုကြည့် ၊ အားသစ်ဖြည့်လျက်
အလှည့်မဆိုင် ၊ ကွက်မပိုင်လျှင်
မဝင်နောက်ကြို့ ၊ ခြေယို့ယို့ဖြင့်
သွေးစို့စို့နီ ၊ မြကတ္တီပါ
ချပ်ဝတ်လွှာပင် ၊ စုတ်ဖွာတွဲတွဲ
ပိုင်းပိုင်းပြဲ၍ ၊ ဇွဲနှင့်ဇွတ်ခံ
သိန်းတောင်ပံဖြန့် ၊ ဒါးချင်းကန့်၍
လက်ဆန့်တအား ၊ ဒါးသွားအမှီ
ဝှေ့သုတ်ချီစဉ် ၊ မြေနီလမ်းမှ
ဖုထစ်ကြွကာ ၊ အမြစ်ဖြာသည့်
စကားဝါပင်ငုတ် ၊ ခြေနှင့်တုတ်၍
ခလုတ်တိုက်လဲ ၊ ခြေမမြဲနိုင်
ဝဏ္ဏ ယိုင်သော် ၊ ပိုင်လေပြီတကား.....
အမှားစောင့်နေ ၊ အငိုက်ဖွေသည့်
မာန်ဝေမုန်ကြွ ၊ မောင်ဒေါနလည်း
ဝဏ္ဏ ရင်အုံ ၊ ဝဲဘက်ခုံကို
ခွင်းဖြို တအား ၊ ဒါးသွားဝရဇိန်
တည့်တည့်ချိန်၍ ၊ အရှိန်ပြင်းပြင်း
စိုက်စိုက်သွင်းသော် ၊ မယွင်းသတိ
မြဲမြဲရှိစွာ ၊ ကိန္နရာခါးရိုး
တဆစ်ချိုးသို့ ၊ ဝပ်လျှိုး ငုံ့ယောင်
ဝဏ္ဏ ရှောင်သော် ၊ သံဒေါင်မြသွား
ဒေါန ဒါးလည်း ၊ အားလွန်ပြင်းစွာ
စကားဝါပင်ထက် ၊ စိုက်လျက်သော်မှ
နုတ်မရနိုင် ၊ ဇောချွေးဖြိုင်စဉ်
လှော်တိုင်တက်ဆွဲ ၊ ဒါးရေးမြဲစွ
မောင်ဝဏ္ဏလည်း ၊ လက်မှကိုင်ထား
ကျောက်စီဒါးကို ၊ အားရှိသမျှ
လွှဲမြောက်ဆကာ ၊ ဒေါသမာန်ဟုန်
ဂဠုန် နုတ်သီး ၊ ရဲရဲညီးအောင်
မရှောင်နိုင်ပြီ ၊ သည်တချီတွင်
ဒေါနရင်ထက် ၊ ဗဟိုချက်သို့
ဒါးချက်မြှင်းမြှင်း ၊ စိုက်မြုပ်သွင်းသော်
လမင်းကြေကွဲ ၊ မျက်နှာလွှဲ၍
တိမ်ရဲတိုက်ကြား ၊ ရွေ့ဝင်သွားသည်
အားးးးး  !
သွေးများအိုင်အိုင် ထွန်းထွန်းတည်း ။   ။

{ ၅၇ }

သွေးအိုင်အိုင်ထွန်း ၊ နီနီစွန်းသော်
လှလွန်းသူဇာ ၊ မြနန္ဒာလျှင်
မျက်နှာမဖော် ၊ ခေါင်းမမော်ဝံ့
ကြောက်ရွံ့ချောက်ချား လက်ဖျားထွေးထွေး
ခြေဖျားအေး၍ ၊ ပြေးစရာမြေ
မရှိလေတတည့် ၊ တွေဝေနှောင့်စိုး
ကိုးရာမဆည် ၊ မျက်ရည်ညို့သမ်း
နုတ်ခမ်းဖြော့ဖြူ  ၊ သက်ရှုကြပ်တည်း
လည်စည်းပုဝါ ၊ ပိုးနံ့သာကို
မျက်နှာနှင့်ကွယ် ၊ လက်နှင့်တွယ်၍
ကြောက်ဖွယ်လိလိ ၊ မြင်မချိအောင်
သွေးရောင်ခြယ်သ ၊ မောင်ဒေါန၏
ရင်ဝဒါးစိုက် ၊ မြင်လိုက်ရသော်
မူးမိုက်မေ့မေ့ ၊ ခြေခွေ့ခွေ့ယိုင်
မထိန်းနိုင်ခဲ့ ၊ ငေးငိုင်ရင်းဖြင့်
အံ့အားသင့်သည့် ၊ သျှင့်လိပ်ပြာဆွေ
ဘယ်သို့ဖြေရ ၊ သွေးမြေယိုသက်
အပျက်ပျက်လျှင် ၊ ထွက်ကြပြီလေး
နှာခေါင်းသွေးကား ၊ မုန်းကြွေးဆပ်ရာ
အဆစ်ပါခဲ့ ၊ ကြမ္မာဆိုးနှင့်
ရန်ငြိုးဆင့်၍ ၊ သခင့်လက်မှ
မောင်ဝဏ္ဏ၏ ၊ မြဒါးကျောက်စီ
သွေးနီစွန်းလတ် ၊ နမိတ်ဘတ်သော်
လူသတ်သမား ၊ မိုက်မှားကြီးစွာ
ဖြစ်ခဲ့ပါကြောင့် ၊ လိပ်ပြာကလေး
သည်အရေးကို ၊ ပြေအေးစိမ့်ငှါ
မစွမ်းသာပြီ.............
သွေးဆာလောင်လောင် ငတ်ငတ်တည်း ။   ။

{ ၅၈ }

သွေးဆာလောင်ငတ် ၊ တယောက်သတ်က
နောက်ထပ်မိုက်မဲ ၊ ဖြစ်တတ်မြဲတည့်
ခွေလဲ၍ကျ ၊ မောင်ဒေါန၏
ရင်ဝစိုက်သွင်း ၊ ဒါးနှောင့်ရင်းအား
မြှင်းမြှင်းဆွဲထုတ် ၊ သွေးကိုသုတ်၍
မဲကုတ်မဟူရာ ၊ သန္တာနီမှောင်
မျက်လုံးရောင်ကား ၊ တထောင်နေခြည်
ရွှန်းရွှန်းရည်လဲ့ ၊ နီခဲ့မျက်ထောင့်
မှောင်မှောင်မှောင့်၍ ၊ ကြောတောင့်တောင့်ပြိုင်း
သွေးရိုင်းသည့်လက် ၊ ကူးစက်ဇောဟုန်
ဒေါသူပုန်ထ ၊ မောင်ဝဏ္ဏလည်း
မြရေကြည်စမ်း ၊ ရေနောက်လွှမ်းသို့
ကြမ်းမိတခါ ၊ မဆုတ်သာခဲ့.... ။
ယမ်းပြာကျည်အိုး ၊ မီးနှင့်တိုးလည်း
မိုက်မျိုးပိုးဖလံ ၊ မီးလျှံမကြောက်
ကူးပျံနှောက်သို့ ၊ သွေးသောက်သည့်ဒါး
ရပ်နားခြင်းငှါ ၊ မစွမ်းသာဘိ
ကြောက်ဖွယ်လိလျှင်....
" အို....မိမိသူဇာ... မြနန္ဒာ...
မြင်ပါသလော ၊ သင်ချစ်သောသူ
တယောက်လူနှင့် ၊ ဂူတလုံးထဲ
တူနွှဲယှဉ်လျက် ၊ လည်ချင်းယှက်၍
အိပ်စက်လိုက ၊ အိပ်နိုင်ကြပြီ
ဝဏ္ဏ အသဲ ၊ သင်တို့ခွဲ၍
ဖောက်လွှဲပျော်စံ ၊ တခါရံက
ရယ္သံကေလးမ် ား ၊ ငါ့နားထဲမွာ
ကြားမိပါသေး ၊ သင်တို့သွေးနှင့်
နားဆေးသော်က ၊ ဟန်လေစွတည့်
ဒေါနကိုချစ် ၊ မနေရစ်လင့်... ။
အသစ်ယောက်ျား ၊ မဖောက်ပြားသင့်... ။.
ငါ့ဒါးနှင့်သေ ၊ မျက်ရေတစ
ယိုမကျဘဲ ၊ လှလှပြုံးကာ
သေရွာဆိုက်ဆိုက် ၊ အမှီလိုက်လော့...... !
မိုက်မိလက်စ ၊ ငဝဏ္ဏမူ
ဒေါနမယား ၊ လှတပါးကို
စကားလက်ဆောင် ၊ ဒါးငှက်တောင်နှင့်
ထိုက်သင့်လှစွာ ၊ မာယာလည်တိုင်
ခိုင်ခိုင်တောင့်ထား "..ဆိုချေငြားသော်
ကြောက်အားကဲလွန် ၊ လှမိမွန်လျာ
မြနန္ဒာသည် ၊ ရာဇာကျားမင်း
သူ့ခံတွင်းမှ ၊ လွတ်ကွင်းမမြင်
သားသမင်နှယ် ၊ သို့လျှင်လွတ်မြောက်
ကြောက်ကြီးကြောက်စွာ ၊ ငယ်သံပါအောင်
သံပြာကြစ်ကြစ် ၊ စူးစူးဟစ်ကာ
စည်းပုဝါကို ၊ မျက်နှာနှင်ဖုံး
ကြွေနှလုံးဖြင့် ၊ ချူံးချငိုကြွေး
လွတ်အောင်ပြေးသော် ၊ သွေးအနီရောင်
ဟင်္သာတောင်သွား ၊ ဝဏ္ဏ ဒါးသည်
ရွှေသားတော်ဖြူ  ၊ ရွှေအူဟောင်းလောင်း
တရံနှောင်းက ၊ ခေါင်းပါးသစ္စာ
မေတ္တာ မဲ့ကင်း ၊ လှယမင်းကို
သွေးချင်းနှီးနှော ၊ ဒါးနှင့်ပြောမည်
ချို သောသွေးစက် ၊ ခါးခါးသက်စေမည်တကား ။  ။

{ ၅၉ }

လရောင်အောက်တွင်၊ ဆံပင်ဖားလျား
တဖွားဖွားဖြင့် ၊ ပြေးလွှားလေရာ
မြနန္ဒာကား ၊ ကိုးရာတွယ်မဲ့
အားနွဲ့ သူများ ၊ မိန်းမသားတည့်
ကျားနှင့်သမင် ၊ စစ်မြေပြင်ကား
သမင်ရှုံးမြဲ ၊ ထုံးတနွဲသို့ ......
လဲတော့မယောင် ၊ မျက်တောင်ချွေးသီး
စိမ့်စိမ့်စီး၍ ၊ ပိတ်ဆီးကာမိုး
ပန်းနွယ်ကြိုးနှင့် ၊ တိုးမိပန်းရုံ
ဂမုန်းချူံ အောက် ၊ လှမ်းအရောက်တွင်
နောက်မှပြေးလွှား ၊ လိုက်လာငြားသည့်
ဒါးဝင့်မြှောက်ကြွ ၊ မောင်ဝဏ္ဏလည်း
ဆံစကေသာ ၊ မြနန္ဒာ ၏
ဖြာလ် ာေလ် ာ့ရဲ ၊ ထုံးစတဲြကုိ
ဆောင့်ဆွဲတုံ့ကာ ၊ ငင်လိုက်ပါသော်
ခွေလှာယိုင်ညွှတ် ၊ ခါးစီးကျွတ်၍
ပိုးဝတ်သိင်္ဂီ ၊ မြထမီလျှင်
မြေဆီတချို့  ၊ ခါးတချို့ ရုံ
ပုံ့ပုံ့ပုံကာ ၊ မလုံမလဲ
မမြင်ရဲအောင် ၊ လရောင်လက်လက်
ညက်ညက်ဖွံ့ထွား ၊ ရွှေသားတော်ဝါ
ဖွေးဖွေးသာတည့် ၊ မျက်နှာငုံ့နေ
ဝဏ္ဏ ခြေကို ၊ မျက်ရေလူးသည့်
နဖူးနှင့်တိုက် ၊ ရှိဦးခိုက်၍
" မိုက်မိတခါ ၊ ခွင့်လွှတ်ပါမောင်
ယောင်ယောင်မှားမှား ၊ မောင်မောင့်ဒါးဖြင့်
ဖျားနှမလေး ၊ မပြေးသာအောင်
မလှောင်ပါနှင့် ၊ သျှင့်ကိုချစ်မြဲ
မယ့်အသဲမှာ ၊ ဆယ်ကမ္ဘာတိုင်
မမုန်းနိုင်မို့ ၊ မြှောက်ကိုင်၍ထား
ဒါးကိုသာသာ ၊ ချလိုက်ပါတော့
တခါယွင်းမှား ၊ မယ့်စကားကို
မောင်ဖျားခွင့်လွှတ် ၊ ပန်းဦးဆွတ်သူ
မယ်သက်ဖြူ ရယ် ၊ သည်ဇမ္ဗူ မှာ
မြနန္ဒာ တွင် ၊ သည်သခင်သာ
သဲလွှာပိုင်စိုး ၊ တမိုးမြေအောက်
မောင်တယောက်.." ဟု
ဒူးထောက်ကြုံးဖက် ၊ ရှိုက်မက်မက်ဖြင့်
မျက်ရည်ကွန်ချာ ၊ ဖြန့်ဖွင့်လာ၍
မာယာနှင့်ဆွယ် ၊ ပရိယာယ် စကား
ဝဏ္ဏ ကြားသော် ၊ ဟားဟားဟက်ဟက်
တခဲနက်လျှင် ၊ ခွက်ထိုးခွက်လန်
အူဗြောင်းဆန်အောင် ၊ ရယ်သံ သွမ်းသွမ်း
လွှမ်းခဲ့ညဥ့်ယံ ၊ သောသောညံသည်
ပျံသည့်ငှက်ခါး - အနားမစောင့်နိုင်ပြီတည်း ။   ။

ဆက်လက်ဖော်ပြပေးပါမည်
#Crd
MayOo
1း45 p.m
13.9.2017
လွမ်းလိပ်ပြာတောင်
😭😭😭😭😭😭😭😭

ဒေါင်းနွယ်ဆွေ ( ကဗျာဝတ္ထု )
အပိုင်း  { ၁၃ }

{ ၆၀ }

မာယာဆယ်ကုဋေ ၊ မျက်ရည်သွယ်သွယ်
သနားဖွယ်ကို ၊ ရယ်မောပြင်းပြ
မောင်ဝဏ္ဏလည်း ၊ ဒေါသဝေဆူ
နားအူအူခါး ၊ မကြားတော့လို
သစ်ငုတ်တိုသာ ၊ မာယာလှည့်စား
သူ့စကားကို ၊ ယုံမှားလိမ့်မည်
ရေကြည်ကိုနှောက် ၊ ယွင်းဖောက်သစ္စာ
မိနန္ဒာကား ၊ လသာစဉ်ခိုက်
လရောင်ကြိုက်၍ ၊ မှောင်မိုက်လွန်ကာ
နေရောင်လာသော် ၊ လသာကိုမေ့
ပျော်နိုင်ချေ့သို့ ၊ ဓလေ့ဗီဇ
သော့သွမ်းလှ၏ ၊ ဒေါနမျက်နှာ
သေရွာမထောက် ၊ သွေးမချောက်မီ
မကြောက်မရှက် ၊ ပြောနိုင်ရက်သည်
ခုဖျက်..ခုပြင် ၊ သခင်နှစ်မျိုး
ချစ်ကြိုးနှစ်ပင် ၊ တမြှင်ကိုဖြတ်
လွမ်းလုပ်ဇာတ်ခင်း ၊ ယမင်းမာယာ
သဲကိုးဖြာတည့် ၊ ပမာဖွေသစ်
ပုံခိုင်းလှစ်သော် ၊ ကောက်ကျစ်စဉ်းလဲ
သူ့အသဲကား ၊ ကျောက်ခဲပုံလောင်း
ဖယောင်းရုပ်ခံ ၊ မွမ်းမံချယ်သ
ဟန်ဆောင်မျှလျင် ၊ အလှတခြား
စကားပလီ ၊ မသတီရွံ့မုန်း
ဒေါဟုန်းဟုန်းတောက် ၊ တက်ကြုံးခေါက်၍
" မြွေဟောက်မျိုးနွယ် ၊ ပရိယာယ်နှုတ်ဖျား
စကားချို စွ ၊ ပင့်ကူမ... ။
လောကကျယ်စွာ ၊ ဤကမ္ဘာဝယ်
သင့်လျှာလှုပ်တိုင်း ၊ အရိုင်းယောက်ျား
လူ့ငနွားသာ ၊ သင့်အားတပ်မက်
ခြေဖျားဖက်လိမ့် ၊ ငါတွက်မူကား
သင့်စကားသည် ၊ ပျားရည်လောင်းရာ
တမာမချို  ၊ အခါးပိုခဲ့
သင့်ကိုငါသတ် ၊ လျှာကိုဖြတ်၍
ဆတ်ဆတ်ကိုက်ဝါး ၊ ထန်းရေခါးနှင့်
မြီးစားသော်မှ ၊ ကျေနပ်ရလိမ့်
ဒေါနနည်းတူ ၊ သင့်အူကိုဖောက်
ငါ့ကျောက်စီဒါး ၊ ဂလဲ့စားမချေ
ငါမကျေ...... " ဟု ၊ ဆိုရေးပြုလျှက်
ဆံစုစည်းပြေ ၊ ဆံကေသာစ
မြှောက်ကိုင်မ၍ ၊ လက်ဆမြဲမြဲ
ဆောင့်ဆောင့်ဆွဲသော် ၊ ပုလဲသွယ်ကုံး
ကြိုးထုံးပြတ်ကာ ၊ မြေမှာထွေးထွေး
ကြဲကြဲဖွေးလျက် ၊ ဒါးငှက်တောင်ရိုး
ပိုင်းမိုးမြှောက်ခါ ၊ မြနန္ဒာ ဇက်
လည်တိုင်ထက်သို့၊ ဒါးချက်တဆုံး
ပန်းကုံးပြတ်ဆင့် ၊ ခုတ်လေလင့်ငြား
မိုက်မှားပြန်ပြီ.............
အားးးးးး
သွေးများငေါက်ငေါက် ပန်းပန်းတည်း ။  ။

{ ၆၁ }

အို.... မြင်နိုင်ပါရက်
သွေးစက်သွေးအိုင် ၊ ချောင်းစီးပြိုင်တည့်
ဆုပ်ကိုင်၍ထား ၊ လက်မှဒါးပင်
သွေးများစွန်းပေ ၊ ဖြန့်ဖြေသော်မှ
ခွာမရတည့် ၊ ညမဟူရာ
ဝတ်ရုံလွှာဝယ် ၊ လိပ်ပြာကလေး
သွေးဝင်္ကပါ ၊ မေတ္တာ ကြီးမား
အသျှင့်ဒါး၏ ၊ မိုက်မှားလွန်ကဲ
လူသတ်ပွဲကား ၊ ကြေကွဲ ဘွယ်ထက်
ရက်စက်လွန်လွန်း ၊ သွေးမွှန်းမွှန်းလျှင်
ရွှန်းရွှန်းရှိုင်းမြ ၊ တောက်ပမျက်လုံး
ပိုးစုန်းကြူးပြက် ၊ ဖိတ်ဖိတ်လက်၍
အသက်ရှူ မြန် ၊ မမှန်နိုင်တော့
သွေးအိုင်အိုင်ထဲ ၊ ခွေလဲလျောင်းလျောင်း
နှစ်လောင်းပြိုင်သေ ၊ မြင်ရချေသော်
မကျေနပ်သေး ၊ သွေးကလှုံ့ဆော်
အော်သံပဲ့တင် ၊ မမြင်လရောင်
ကန်းကန်းမှောင်၍ ၊ မီးတောင်စုန်းစုန်း
ဟုန်းဟုန်းပွက်ပွက် ၊ အမျက်ဒေါသ
ထိန်းမရလျှင် ၊ သွေးကြွမာန်ဖီ
ဒါးကျောက်စီကို ၊ မြှောက်ချီဝင့်ဝင့်
ပိုင်းပိုင်းဆင့်သော် ၊ သွေးနှင့်လရောင်
နီနီမှောင်လာ ၊ ယင်းအခါတွင်
မြူ လွှာငွေတိမ် ၊ ကြယ်မီးအိမ်ပင်
မငြိမ်မသက် ၊ ကြောက်သွေးပျက်၍
" အို......
ရက်စက်စွတကား ၊ လူယောက်ျား " ...ဟု
ကြောက်အား ပူပင် ၊ သောကဝင်ကာ
ကောင်းကင်ထက်မှ ၊ လွင့်ကြွေကျစဉ်
ဝဏ္ဏ လက်ထဲ ၊ သွေးရဲရဲဖြင့်
ကိုင်ဆွဲမြှောက်လတ် ၊ ခေါင်းပြတ်နှစ်လုံး
သွေးရုံးရုံးလျှင်............
ငုံးငုံးလည်တိုင် တိတိတည်း ။  ။

{ ၆၂ }

လည်တိုင်ငုံးငုံး ၊ သွေးရုံးရုံးဖြင့်
နှစ်လုံးခေါင်းပြတ် ၊ မြှောက်ကိုင်လတ်လျက်
ဝဲဘက်တွင်ကား ၊ လှများနွဲ့ခေါင်
မှေးမျက်တောင်စင်း ၊ ယမင်းသူဇာ
မြနန္ဒာခေါင်း ၊ သွေးချောင်းချောင်းတည့်
ချစ်ကြောင်းဖွဲ့လာ ၊ တရံခါက
မေတ္တာ စကား ၊ ပြောကြားနုတ်ခမ်း
မြစမ်းသီတာ ၊ ပီတိ ဖြာ၍
လသာတိုင်းပင် ၊ သူ့ရင်ခွင်ဝယ်
ခိုဝင်အိပ်စက် ၊ ပွေ့ဖက်နမ်းရှိုက်
ရင်လှိုက်လှိုက်ဖို ၊ သူ့ဆိုမှသူ
ကလူကြည်စား ၊ စကားချို မြ
ဆိုမဝနိုင် ၊ ဖော့တိုင်လည်ပင်း
ဆွဲသွင်းနွယ်ရစ် ၊ တင်းတင်းညှစ်၍
လက်ဆစ်ဖြူ ဖွေး ၊ ကိုက်ငုံထွေးကာ
မှေးမှေးမျက်တောင် ၊ ညအမှောင်ထဲ
နွဲ့ခဲ့ချစ်တင်း ၊ ပါးချင်းမခွာ
အပ်ခဲ့ပါကြ ၊ ည ည ချိန်းချက်
မပျက်စောင့်နေ ၊ အမောပြေဆေး
နှုတ်ခမ်းနွေးသက် ၊ ညက်ညက်ထိနမ်း
လွမ်းသလေလေ့ ၊ ဆိုပါချေ့လျှင်
မတွေ့တရက် ၊ တသက်တကမ္ဘာ
ကြာလှသည်ထင် ၊ နဖူးပြင်ကို
လက်တင်ညွှတ်ထောက် ၊ စိတ်ကောက်ဟန်မူ
ညှို့မြှူ ချစ်သွေး ၊ ညဥ့်တရေးလွန်
ချစ်ကျေးကျွန်တဲ့ ၊ ကြက်တွန်သံချို
ညဆိုသန်းခေါင် ၊ ရီရီမှောင်ဝယ်
ရွှန်းပြောင်မျက်လုံး ၊ ချစ်ရည်ဖုံး၍
မှီအုံးမောင့်လက် ၊ မှိန်းမှိန်းစက်ကာ
မျက်နှာချင်းဆိုင် ၊ အကြည့်ပြိုင်သော်
သူနိုင်တတ်မြဲ ၊ ပြုံးပုလဲဖြင့်
ချစ်သဲပြင်မှာ ၊ ချစ်ပင်ချစ်ပန်း
ပွင့်ပွင့်လန်းကာ ၊ ဆောင်ခန်းသဉ္ဇာ
ခွဲခွာချိန်ရောက် ၊ တမိုးသောက်လျှင်
မပြန်ချင်နိုင် ၊ မခွဲနိုင်ကြ
လည်တိုင်ကိုမော့ ၊ ရွှန်းမျက်ကော့ဖြင့်
ပြုံးပွင့်ညှိုးညှိုး ၊ ရှက်စနိုးသာ
မောင့်မျက်နှာကို ၊ ခါခါဆွဲယူ
နမ်းနမ်းကြူ ခဲ့ ၊ သူမရှိလျှင်
အသက်ရှင်ရန် ၊ မဖြစ်တန်သို့
ထင်ဟန်ရေးရေး ၊ နောက်ကြောင်းတွေးကာ
ယခုခါမူ ၊ ဒဏ်ရာဒါးချက်
တမျက်နှာလုံး ၊ ပြည့်ပြည့်ဖုံး၍
ချစ်ဆုံးသက်လျာ ၊ မြနန္ဒာ၏
ခန္ဓာ တခြား ၊ ခေါင်းတခြားကို
မျက်ဝါးထင်ထင် ၊ ဝဏ္ဏ မြင်ရ
ထိုခဏ၌ ၊ လက်မှကိုင်လတ်
ဦးခေါင်းပြတ်ကို ၊ ရစ်ပတ်ဆံစ
ဆုပ်ကိုင်မယင်း ၊ ဝဏ္ဏ ရင်ထဲ
ဆို့ကြပ်ခဲလျက် ၊ အသဲငလျင်
ပဲ့ထပ်တင်ကာ ၊ ချောက်ချားလာသော်
ရယ်ပါသွမ်းသွမ်း ၊ သူ့နုတ်ခမ်းသည်
ကြမ်းကြမ်းမုန်တိုင်း ဝေ့ဝေ့တည်း ။  ။

ဆက်လက်ဖော်ပြပေးပါမည်
1း00 p.m
14.9.2017
#Crd
MayOo

လွမ်းလိပ်ပြာတောင်
😥😢😥😢😥😢😥😢😥😢

ဒေါင်းနွယ်ဆွေ ( ကဗျာဝတ္ထု )
အပိုင်း { ၁၄ }

{ ၆၃ }

ရယ်သံတို့ကား ၊ တဟားဟားတည့်
ချောက်ချားစိတ်တွင် ၊ သွေးမြင်မိတိုင်း
ဝေဝေမှိုင်းခဲ့ ၊  ထွားကြိုင်းသောလက်
ယာဘက်တွင်ကား ၊ ဒါးရေးလိမ္မာ
ပုဝါစီးစ ၊ ရော့ရော့ကျသည့်
ဒေါနဦးခေါင်း ၊ သွေးလောင်းလောင်းတည့်
ကျောင်းအတူနေ ၊ ခရေပင်အောက်
ဝမ်းလျားမှောက်၍ ၊ တယောက်အိပ်ခိုက်
တယောက်ငိုက်ကာ ၊ ထွေးပိုက်ယုယ
ချစ်ခဲ့ကြသည့် ၊ ငယ်ကပေါင်းဖော်
စားသော်အတူ ၊ နေမူမခွဲ
တတွဲတွဲလျှင် ၊ ဆိုဆဲထိပ်ပုတ်
သစ်ငုတ်ပေါ်မှ ၊ တွန်း၍ချသော်
ဝဏ္ဏ ဒူးကွဲ ၊ သွေးရဲရဲကို
သဲနှင့်တံတွေး ၊ အာငွေ့ပေးကာ
ထူဖေးတွဲမ ၊ မောင်ဒေါနနှင့်
ငွေလသာသာ ၊ ညပြာပြာတွင်
မိပါလေနိုး ၊ ထုတ်စီးတိုးတမ်း
ပြေးလိုက်ဖမ်းကြ ၊ ကျောထမ်းစီးပိုး
ဒီထိုး..ဇယ်ပစ် ၊ ပဆစ်ကစား
နှစ်ယောက်သားလျင် ၊ ဒိုးခွင်..ထွေခင်း
ကြွေအံငြင်း၍ ၊ ညီရင်းအကို
မျို မတတ်ချစ် ၊ အပြစ်တွေ့မူ
ဗွေမယူကြ ၊ လူဖြင့်မနီး
တောကြီးသစ်ငှက် ၊ မြိုင်နက်နက်တွင်
သမင်ခြေကျိုး ၊ ချူံ တိုးဝင်ခိုက်
အမဲလိုက်ရင်း ၊ လေးနှင့်ခွင်း၍
မြင်းညို နှစ်ကောင် ၊ ကြွားကြွား ထောင်လျက်
တောင်တက်တောင်ဆင်း ၊ စမ်းရေတွင်းရွာ
ရောက်ကြပါလျင် ၊ ရွက်ဝါဖားဖား
ညို ညို ထွားသည့် ၊ ထန်းခါးပင်ကျ
အမြုပ်ထကို ၊ ဒေါနလှမ်းပေး
သွားဖွေးဖွေးပေါ် ၊ ရယ်ရင်းပျော်ကြ
ပြုံးစစလျှင် ၊ ကြက်ကင်မီးမြှိုက်
တကိုက်ဝါးဖဲ့ ၊ တကျို က်ငှဲ့ကာ
ဝေပြာမှိုင်းမှိုင်း ၊ ထွေထွေဆိုင်း၍
မြင်းစိုင်းပေါက်ခုန် ၊ ကဆုန်ညီညီ
မူးမူးရီကြ ၊ ထိုကာလကို
တသမြင်ရေး ၊ ပြန်ပြောင်းတွေးသော်
သွေးနှင့်မောင်းမောင်း ၊ ဒေါနခေါင်းပြတ်
တဆတ်ဆတ်တုန် ၊ ရင်ခုန်သံများ
ဒီရေလားသို့ ၊ ဆီးတားမနိုင်
စိတ်မခိုင်လျှင် ၊ သွေးဖြိုင်ဖြိုင်စီး
ခေါင်းပြတ်ကြီးက ၊ ငိုညီးလေယောင်
လှောင်လေသလား ၊ ထင်ယိုးမှားလျက်
ဟောက်ပက်ချိုင့်ချို င့် ၊ သွေးအိုင့်အိုင့်ယို
မျက်လုံးညိုမဲ ၊ လျှာတွဲလဲဖြင့်
အခဲမကျေ ၊ ကြည့်နေဘိလတ်
မျက်တောင်ခတ်သို့ ၊ လူသတ်သမား
ချောက်ချားရွံ့အ ၊ မောင်ဝဏ္ဏလျှင်
ကြယ်..လ..ကျိန်ဆဲ ၊ သည်တပွဲတွင်
အသဲမခိုင် ၊ မြဲမပိုင်ပြီ
ကြဲယိုင်ခြေလှမ်း... မှားမှားတည်း ။  ။

{ ၆၄ }

" နောင်တ " ဟူသည် ၊ မျက်ရည်နှင့်သွေး
စတေးပြီးမှ ၊ ရတတ်စွတည့်
လောကထုံးတမ်း ၊ ကျမ်းအစောင်စောင်
တောင်အနှိုင်းနှိုင်း ၊ ဖွေခိုင်းလှန်လျော
ဤသဘောကား ၊ ရေမျောပင်လယ်
လှေပျက်ဆယ်သို့ ၊ မဖွယ်မရာ
ဖြစ်တတ်စွာလျှင် ၊ မဟာအမှား
ကမ္ဘာခြားခဲ့ ၊ သွေးသားတောင်းဆို
စိတ်အလိုလိုက် ၊ အမိုက်ကြီးစွ
မောင်ဝဏ္ဏလည်း ၊ လက်မှကိုင်ထား
ခေါင်းပြတ်များကို ၊ သနားယိုဖိတ်
မျက်လုံးမှိတ်၍ ၊ စိတ်အနယ်ထိုင်
မကြည့်နိုင်ရက် ၊ လျှပ်တပြက်တွင်
အမျက်တိမ်တောင် ၊ ဒေါသမှောင်တို့.
လေဆောင်ရာပင့် ၊ ပျောက်ပြယ်လွင့်ကာ
ရင်နင့်လှိုက်လဲ ၊ ကြေကွဲလှစွာ
စီးဖြာမျက်ရေ ၊ ဝိုင်းဝိုင်းဝေ၍
သွေးပေစွန်းလက် ၊ နံ့သက်ညှီညှီ
မြှောက်ချီမဝံ့ ၊ လက်ရွံ့ရွံ့လျှင်
ချစ်ကြင်သက်လျာ ၊ မြနန္ဒာ နှင့်
ငယ်ရာမှကြီး ၊ လက်ပွန်းတီးမျှ
ရင်းနှီးပေါင်းဖော် ၊ အဆွေတော်ကို
မတော်မိုက်မှား ဒါးနှင့်ပိုင်းခုတ်
လည်တိုင်ငုတ်မှ ၊ ယိုကျသွေးစက်
ခြေသို့သက်သော် ၊ ညို့မျက်နှာမှောင်
စိတ်တောင်ပြိုကွဲ ၊ အံကြိတ်ခဲကာ
ရင်ထဲလှိုင်းထ ၊ မောင်ဝဏ္ဏသည်
လရောင်မူးမူး ၊ သွေးလူးလူးတွင်
ရူးသွပ်ပြေးလွှား ၊ မရပ်နားပြီ
ကြယ်များအားလုံး...ကြွေကြွေတည်း ။   ။

{ ၆၅ }

ပန်းဝါမြို့လယ် ၊ လမ်းမကျယ်တွင်
သခင်ကလေး ၊ ပြေးလွှားခုန်ပေါက်
စိတ်ရူးနောက်သည့် ၊ ဖောက်ပြန်ပြောင်းလွဲ
တဖြစ်လဲကို ၊ အသဲနာနာ
ငွေလိပ်ပြာသည် ၊ ဖြေဆည်မရ
သံဝေဂပွား ၊ လောကသားတို့
တရားမမှန် ၊ ဒါးတပြန်ဖြင့်
ချစ်ရန်စငြိုး ၊ မီးခိုးကြွက်ရှောက်
တောက်သည့်ချစ်မီး ၊ သွေးချောင်းစီး၍
သားလှီးလူသတ် ၊ ခေါင်းဖြတ်ရန်ပွဲ
မမြင်ရဲတည့် ၊ အသဲကွန်ယက်
ရွှေခွက်ထဲမှာ ၊ ပျားသကာကို
မေတ္တာ မှောင်ရိပ် ၊ ချော့မြှူ သိပ်သည့်
အဆိပ်ခတ်ဆေး ၊ သူတို့သွေးကား
မိုက်ကြေးအသပြာ ၊ ဖြစ်ခဲ့ပါကြောင့်
လိပ်ပြာကလေး ၊ ဘယ်သို့ပြေးရ
သွေးနှင့်မှတ်တမ်း ၊ ဤဇာတ်လမ်းကို
တခဏ်းရပ်ကာ ၊ ဝေးရာရှောင်ရှား
ပြေးပျံ ငြားသော် ၊ တပါးအသျှင်
သခင်နှင့်ကွဲ ၊ မုန်တိုင်း ထဲတွင်
ဝဲဝဲကာကာ ၊ လွင့်လွင့်ပါ၍
သေလာတောတောင် ၊ ရှိုမြောင်တို့ကြား
ချောက်ကမ်းပါးနှင့် ၊ မြင့်မားနက်ရှိုင်း
ကျောက်တံတိုင်းကာဆီး ၊ မြိုင်ခရီးဝယ်
စိမ့်စီးရေတံခွန် ၊ ကျောက်ချွန်ပြည့်နှက်
ကျောက်ခက်သွယ်သွယ် ၊ ကျောက်နွယ်ကျောက်စွန်း
ကျောက်ချွန်းနှင့်တိုက် ၊ ညမှောင်မိုက်ဝယ်
အရှိုက်ခက်ခက် ၊ လွမ်းသက်သက်လျှင်
ကျိုးပျက်တောင်ပံ ပိုင်းပိုင်းပြတ်ပြတ်တည်း ။  ။

{ ၆၆ }

မုန်တိုင်းသင့်ရာ ၊ ဤမြိုင်ချာဝယ်
လိပ်ပြာတောင်ပံ... လွင့်သတည်း ။     ။

ဒေါင်းနွယ်ဆွေ

၁၉၅၀ ခု.... ဇန္နဝါရီလ... ၃၀ ရက်နေ့တွင်
သီကုံးပြီးစီးသည် ။

12း45 p.m
15.9.2017
#Crd
MayOo

No comments:

Post a Comment