Friday, February 9, 2018
လွမ်းလိပ်​ပြာ​တောင်​ အပိုင်း(၂)
လွမ်းလိပ်ပြာတောင်
.💛💛💛💛💛💛💛💛
ဒေါင်းနွယ်ဆွေ ( ကဗျာဝတ္ထု  )
{ ၁၆ }
ချို မြချစ်ခွန်း ၊ ဝေဝေရွှန်း၍
ချစ်လွန်းတင်ကာ ၊ အတန်ကြာသော်
ကန်သာဥယျာဉ် ၊ နှစ်ယောက်ယှဉ်လျက်
ရွှေလက်ချင်းတွယ် ၊ သိုင်းယှက်သွယ်ကာ
မှောင်ကွယ်သစ်ရိပ် ၊ ရွက်စိပ်စိပ်ကြား
လှမ်းသွားရွေ့ရွေ့ ၊ တွေ့ကြနှစ်ကိုယ်
ဆိုကြချစ်တင်း ၊ လမင်းရှက်အောင်
ချစ်သက်နှောင်သော် ၊ ကြယ်ရောင်ကြဲကြဲ
တိမ်လမ်းရှဲ၍ ၊ အသဲချင်းထပ်
လွှာတချပ်သို့ ၊ နှင်းအပ်သစ္စာ
မေတ္တာ တံဆိပ် ၊ နမ်းခပ်နှိပ်ရာ
ကြိမ်ခါခါကို ၊ လိပ်ပြာကလေး
မြင်ယောင်သေးလည်း ၊ ရှေးနှင့်မတူ
တမူထူးခြား ၊ ယခုများမူ
နွမ်းသူသခင် ၊ ကြွမ်းဘဝင်ဝယ်
လွမ်းပင်ထီးထီး ပေါက်ပြီတည်း ။  ။
{ ၁၇ }
ထိုသည့်ညမှ ၊ ချစ်ကြောင်းစခဲ့
လောကလူ့ရေး ၊ သိနိုင်ဝေးသည့်
ခလေးဆန်စွာ ၊ သျှင့်ကမ္ဘာဝယ်
မေတ္တာကဝေ ၊ ညှို့ခဲ့လေတည့်
မပြေတသက် ၊ နှောင်နှောင်ခက်၍
ရမက်ကျေးကျွန် ၊ ချစ်ဝန်ထမ်းပိုး
ဆင့်ဆင့်တိုးခဲ့ ၊ ပိုးစုန်းကြူးငယ်
မီးစွယ်ကိုပင် ၊ ငွေတောင်ထင်သို့
ချစ်ကြင်သည့်ဇော ၊ စုန်းစုန်းမျောကာ
သောကပင့်ကူ ၊ ချော့မြှူ ကြော့ကွင်း
လှယမင်း၏ ၊ ချစ်ခြင်းပရိယာယ်
မာယာနွယ်ကြိုး ၊ ဝင်တိုးမိရာ
ယင်းအခါဝယ် ၊ မေတ္တာ လှည့်စား
အိပ်မက်များသည်........
ရှည်လျားမဆုံးနိုင်တော့သည်တကား ။  ။
{ ၁၈ }
ဆားငံရေသောက် ၊ ခပ်မလောက်လျှင်
အာချောက်တိုင်းသာ ၊ ဆွတ်ချင်ပါသို့
မေတ္တာစိတ်ကူး ၊ မူးကိုမြစ်ထင်
ပမာပင်တည့် ၊ သခင်ကလေး
သူနှင့်​ ဝေးက ၊ ကျေးစေရတု
စာနုပလီ ၊ ဖွဲ့တတ်ပြီတည့်
သိင်္ဂီရွှေရောင် ၊ သူ့မျက်တောင်နှင့်
ညိုမှောင်နက်ကော့ ၊ ရွှန်းကြော့မျက်ခုံး
သူ့မျက်လုံးက ၊ ညှို့ပြုံးဆွဲငင်
ရွှေစင်အသား ၊ ပတ္တမြားနှုတ်လွှာ
ကုမုဒြာတွင် ၊ သန္တာရောင်စို့
ပါးအို့နီရဲ ၊ ကိုက်ခဲချင်စရာ
နီလာတရစ် ၊ လည်ဆစ်ရိုးတိုင်
ရုံးညှာပိုင်ကို ၊ ခိုင်မခိုင်စမ်း
ကိုင်ဘမ်းဆွဲညှစ် ၊ တအားဖြစ်ကာ
" ချစ်သလား " ...မေး ၊ နီထွေးနှုတ်စု
သွေးခြည်ဥအောင် ၊ ယုယမြတ်နိုး
ချစ်ခိုးငွေ့ငွေ့ ၊ သမ်းသမ်းဝေ့သည့်
မျက်စေ့ရီရီ ၊ ဝေဝေသီလွင်
ညတွင်အိပ်မက် ၊ လာနှောက်ယှက်၍
သူ့မျက်နှာဝန်း ၊ လပြည့်ရွှန်းက
ချစ်ခွန်းစကားထာ ၊ ကြာကြာဝှက်ထား
ကျီ စားတတ်သေး ၊ ပန်းမပေးလျှင်
တရေးမနိုး ၊ ရွှေစိတ်ဆိုးကာ
မိုးသောက်ခဲ့ပေါင်း ကြိမ်ကြိမ်တည်း ။   ။
{ ၁၉ }
အချစ်ရှိရာ ၊ အချစ်လာတည့်
ဆည်းဈာရွှေမင် ၊ နေမဝင်မီ
ဆောင်ပြင်ခန်းဝ ၊ မြင်းက.ရထား
ဇက်ကြွားကြွားမော့ ၊ ခြေသော့သော့လျင်
မြီးကော့ကော့ပျံ ၊ ခွာသံခေါက်ခေါက်
ဆင်ဝင်အောက်သို့ ၊ ဆိုက်ရောက်ဆင်းလာ
မြနန္ဒာကို ၊ ဆီးကြိုလက်ကမ်း
အုတ်နီလမ်းမှ ၊ မောင်ဝဏ္ဏသည်
" လာမှလာသေး ၊ မိမိလေးငဲ့ "
ပြုံးနွဲ့ဆိုကြား ၊ စကားပလ္လင်
ချစ်ခွန်းတင်သော် .....
" လာလျှင်ဘာကျွေး ၊ မောင်မောင်ထွေး " ..ဟု
မနှေးပြန်ဖြေ ၊ ပြုံးပန်းဝေကြ
ထိုခဏတွင် ၊ ရယ်ကြလှိုက်လှိုက်
ကိုယ်ချင်းတိုက်ခါ ၊ မြနန္ဒာ ကို
ပွေ့ကာယူဆောင် ၊ ချစ်ကြိုးနှောင်၍
လရောင်ပြူ စ ၊ ကြယ်မြမြတွင်
ချစ်ကြကြင်ဦး ၊ ပျော်ကြမြူးသည်
မူးမူး မိုက်မိုက် မေ့မေ့တည်း ။  ။
{ ၂၀ }
မှတ်မိတိုင်းတွေး ၊ မမေ့သေးတည့်
တရေးနိုးစ ၊ သခင်ထ၍
ညနှင့်အပြိုင် ၊ မမောနိုင်အောင်
စမ်းအိုင်စပ်နား ၊ ချဉ်းကပ်သွား၍
စကားချို ချို  ၊ ယောက်ထီးဆိုကာ
" မေတ္တာ ဟူသည် ၊ မြူ ချည်နှင့်နှိုင်း
ရိုင်းလေမလား ၊ မဖုယားငယ်
မာယာသွယ်နှောင် ၊ လွယ်ယောင်နှင့်ခက် ၊ လျှပ်ပြက်ငွေမြှင် ၊ ပမာပင်သို့
ချစ်လျှင်လွမ်းမြဲ ၊ ကိုယ့်အသဲမှာ
ကမ္ဗည်းစာလုံး ၊ ချစ်ပန်းကုံးကို
သက်ဆုံးယုံကြည် စေချင်သည်." ဟု
နှုတ်ရည်စကား ၊ တင်စားမြွက်ရာ
ချစ်လင်္ကာကို ၊ လိပ်ပြာကလေး
ကြားယောင်သေးလည်း.........
ရှေးကသခင် ၊ ယခုတွင်မူ
မရွှင်ပူရေး ခက်ပြီတကား ။  ။
ဆက်လက်ဖော်ပြပေးပါမည်
#crd
#MayOo
13း5 p.m
5.9.2017
လွမ်းလိပ်ပြာတောင်
💜💜💜💜💜💜💜
ဒေါင်းနွယ်ဆွေ ( ကဗျာဝတ္ထု  )
{ ၂၁ }
ည.ည.ဆိုလျှင်.......
သခင်လည်းပျောက် ၊ မြင်းလည်းပျောက်၍
မိုးသောက်ကြယ်နီ ၊ ဝေလီဝေလင်း
အရုဏ်ကျင်းမှ ၊ မြင်းကိုဇက်သပ်
ပဒတ်ရပ်ကာ ၊ မြလွှာကြိုးချိတ်
လှေခါးထိပ်မှ ၊ တိတ်ဆိတ်ညင်သာ
ပြန်လာတတ်သည် ၊ နေခြည်ရွှန်းမြ
ပေါ်ချိန်မှလျှင် ၊ ညကသခင်
ဘယ်တွင်အိပ်စက် ၊ ပျော်ကြူးလျက်နေ
သိနိုင်ပေတည့်.. ။ ငွေဇာခြည်ထိုး
ပုဆိုးတွန့်ကြေ ၊ ဆံခွေနှောင်းနှောင်း
သျှင့်ဦးခေါင်းတွင် ၊ မြကေမြှင်ဝယ်
စပယ်တပွင့် ၊ တခင့်ပဏ္ဏာ
လက်ဆောင်လွှာကို ၊ ယူလှာဆောင်မြဲ
ပြုံးတတ်ကဲလျှင် ၊ ပြောင်းလွဲသခင်
ချစ်ပင်တွေ့နား ၊ မြကျေးသားသို့
လှုပ်ရှားစိတ်လက် ၊ မငြိမ်သက်ဖြင့်
အိပ်မက်ကွန်ချာ ၊ ချစ်ကမ္ဘာတွင်
နှောင်လာကြိုးရစ် ..တင်းတင်းတည်း ။    ။
{ ၂၂. }
ည၏လောင်းရိပ် ၊ အချစ်ဆိပ်လူး
အရူးမူးပင် ၊ သခင်တမ်းတ
လွမ်းသမျှကို ၊ စမ်းမြသီတဂူ
သတိမူလည်း ၊ တိမ်ဖြူ ရွက်ဖွင့်
ရွေ့ရွေ့လွင့်သည့် ၊ ကြယ်ပွင့်ကလေးများ
သစ္စာထားတေး ၊ သိနိုင်ရေးတွက်
လွန်းယက်ကြစ်ပိုး ၊ သျှင့်စောင်းကြိုးလည်း
ညိုးညိုးညက်ညံ ၊ တညဥ့်ယံလုံး
သိမ့်သိမ့်ဖုံးကာ ၊ သံဝါကြော့ကြို့
စောင်းတို့တို့တီး ၊ ညို့ညို့ ညီးအောင်
ချစ်နှောင်တွင်မိ ၊ လွမ်းလွမ်းရှိတိုင်း
အသဲရိုင်းမှ ၊ ဂီတတင်စား
ယခင်များနှင့် ၊ ကွာခြားယခု
ဖီလာပြု၍ ၊ တေးနုမဆို
သံချို မသီ ၊ ရှိခဲ့ပြီတည့်
ကြုံလှီသွေးပျက် ၊ သခင်လက်လည်း
ချစ်မျက်ဖြေတေး ၊ စောင်းနှင့်ဝေးလျက်
သက်ပြင်းရှည်များ ၊ သဲ့သဲ့ကြားနိုင်
တမှိုင်မှိုင်လျှင် ၊ ပန်းမြိုင်ခြွေရံ
ထီးထီးစံကာ......
စောင်းသံ တိတ်ခဲ့.. ကြာပြီတည်း ။   ။
{ ၂၃ }
နှင်းငွေကမ္ဗလာ ၊ မြူ ပြာပြာဆိုင်း
ဆောင်းရိုင်းနံနက် ၊ နေမထွက်မီ
နိုးလျှက်ထလာ ၊ ပန်းလွှာဝတ်မှုံ
သင်းထုံကြူ ကြူ  ၊ နမ်းရှိုက်ရှူ ၍
ပွင့်ဖြူ ထွားထွား ၊ စကား..ဇီဇဝါ
ပင်ခြေသာဝယ် ၊ ထိုင်ကာပေါင်းသင်း
မြက်နုတ်ရှင်း၍ ၊ သီချင်းတကြော့
တေးအသော့ဖြင့် ၊ သခင့်မျက်နှာ
ကြည်သာပြုံးချို  ၊ နှင်းစိုစိုလူး
ပန်းခူးဆွတ်ချို င် ၊ ပွေ့မနိုင်မျှ
ရှိခဲ့စွလည်း ၊ လွမ်းလျခုခါ
ချစ်ဒဏ်ရာတွက် ၊ ကျမျက်ရည်ယို
လွမ်းစိတ်ညိုကြောင့် ၊ ပင်အိုနှောင်းနှောင်း
ရွက်ကြွေညောင်းကာ ၊ ပေါင်းလည်းမသင်း
မြက်မရှင်းလျှင် ၊ မြက်ကြွင်းပြိုင်းပြိုင်း
မြက်ရိုင်းခြုံကွယ် ၊ အမြစ်တွယ်၍
နွယ်ရှည်ချောက်သွေ့ ၊ လေပြင်းမွေ့သော်
ဆွေးမြေ့ဘွယ်ရာ ၊ ဥယျာဉ်သာသည်
ရွက်ဝါကြွေကြွေ......လဲလဲတကား ။   ။
{ ၂၄ }
မှတ်မိသေးသည်
နေခြည် သိမ်းစ ၊ မှိုင်းပြပြမှောင်
ကြယ်ငွေရောင်ရွှန်း ၊ ငွေသွန်းနဂါး
လ..ရထားထွက်စ ၊ ညတညတွင်
သခင်နှင့်ဝေး ၊ လိပ်ပြာလေးသည်
" ဘယ်ရေးတွက်ကြောင့် ၊ သခင်နှောင့်.." ဟု
စိုးကြောင့်ပူပင် ၊ ရှိနေစဉ်ဝယ်
သခင်ပြန်လာ ၊ ရွှေမျက်နှာညှိုး
မှုံသိုးသိုးဖြင့် ၊ မြင်းကြိုးမဖြုတ်
လက်တွင်ကိုင်ထား ၊ စကားပွင့်ဝါ
စာရွက်လွှာကို ၊ ဖြန့်ကာဘတ်ရင်း
မျက်နှာတင်းကြွ ၊ ရဲရဲထ၍
ဒေါသမုန်တိုင်း ၊ ပြိုင်းပြိုင်းပြိုးပြက်
အံကြိတ်လျှက်နေ ၊ ရပ်ငေးတွေကာ
ဆုတ်ချေ စာရွက် ၊ ပိုင်းပိုင်းဖျက်သော်
ညငှက်ပမာ ၊ ကျိန်ဆာသင့်သင့်
ကြမ္မာ ဆင့်ကြောင့် ၊ အသျှင့်နှလုံး
မီးလျှံဖုံး၍ ၊ ချစ်ထုံးသွေငြင်း
လှယမင်းသည် ......
ယွင်းခဲ့သစ္စာ .......ချိုးချိုးဖောက်ဖောက်တည်း ။   ။
{ ၂၅ }
အချစ်နှင့်အမုန်း
ပြိုင်နှုန်းရာတွင် ၊ အလေးတင်က
ချိန်ခွင်မေတ္တာ ၊ မုန်းဘက်သာ၍
သစ္စာစကား ၊ အသဲခါးခဲ့
ပျားသကာလူး ၊ အဆိပ်ဖူးကို
ပန်းဦးထင်မှတ် ၊ မချွေတတ်မို့
အမြတ်တနိုး ၊ ရင်ကျိုးရသည်
မျက်ရည်ကိုသာ ၊ ကြမ္မာစမ်းချောင်း
သွင်သွင်လောင်းလျှက် ၊ အိပ်မက်ထဲမှ
ကဝေမလေး ၊ ထွက်ပြေးသည့်ခိုက်
ကောက်ကောက်လိုက်ခါ ၊ ရဲတိုက်ပျက်ကြီး
ရောက်လုနီးမှ ၊ မြင်းစီးယောင်္ကျား
လာလမ်းမှား၍ ၊ ကမ်းပါးချောက်နက်
ပြန်မတက်နိုင် ၊ ပမာတိုင်ခဲ့
မှိုင်တဝေဝေ ၊ နေတနွမ်းနွမ်း
လွမ်းတသိမ့်သိမ့် ၊ စိမ့်တစွေစွေ
မျက်ရေနှင့်ပင် ၊ သခင်ကလေး
ကြိတ်၍ဆွေးရာ ၊ မမြင်သာကို
လိပ်ပြာသူငယ် ၊ သောကနွယ်ကူး
စိုးရိမ်ကြူးလွန် ၊ လွမ်းသူ့ဝန်တွက်
အနေခက်ဘိ ၊ သျှင်မသိအောင်
ညအမှောင်ထဲ ၊ လူးပျံဝဲ၍
အသဲနာမိပါလေသတည်း ။  ။
( ဆက်လက်ဖော်ပြပါပေးပါမည်  )
2း50 p.m
6.9.2017
#crd
#MayOo
လွမ်းလိပ်ပြာတောင်
.💝💝💝💝💝💝💝💝
ဒေါင်းနွယ်ဆွေ ( ကဗျာဝတ္ထု  )
{ ၂၆ }
သခင်မှိုင်တွေ ၊ တဝေဝေကြောင့်
အိမ်စေယောင်္ကျား ၊ ကျေးကျွန်များလည်း
လှုပ်ရှားစပြု ၊ မျက်ရည်ဥဖြင့်
သခင့်ရှေ့တွင် ၊ ငွေလင်ပန်းထက်
ပျားရည်ခွက်နှင့် ၊ သဗြက်သီးခိုင်
အဆိုင်ဆိုင်ပြင် ၊ တောဆိုင်ဆတ်သား
နုပ်နုပ်လွှား၍ ၊ သိုးသားမီးကင်
စားပွဲပြင်လည်း ၊ သခင်လက်ယို့
မထိတို့ခဲ့ ၊ " ငါ့ဘို့ခတ်လျက်
ရေတခွက်သာ ၊ ပေးလေပါ..." ဟု
ခေါင်းခါ၍ငြင်း ၊ သျှင့်ခြေရင်းဝယ်
ထမင်းလည်းသိုး ၊ ဟင်းလည်းသိုး၍
တမိုးချူ ပ်ခဲ့ပြန်သတည်း ။  ။
{ ၂၇ }
အို.....မိုးချူ ပ်နေဝင် ၊ ညဥ့်ပြင်ပြင်ဝယ်
သခင်ငေးရာ ၊ မြူ လွှာသင်တိုင်း
နှင်းဆိုင်းဆိုင်းဝေ ၊ ပြာပြာငွေမှောင်
ခြယ်ရောင်ညို့ညို့ ၊ ကြယ်တချို့ အား
" ငါတို့သခင် ၊ ကြမ္မာငင်ကို
အသင်ကုစား ၊ ပေးပါလား..." ဟု
စကားရေးကြောင်း ၊ ကူညီတောင်းလည်း
ကြယ်ခေါင်းမဖော် ၊ တိမ်လှေပေါ်ဝယ် လွှင့်သော်ဝေးဝေး ၊ ရှောင်ပြေးကြရာ
ယင်းအခါတွင် ၊ လိပ်ပြာကလေး
သျှင့်အရေးကို.........
ကြံတွေးခက်လှဘိသည်တကား ။   ။
{ ၂၈ }
သောက..တံတား ၊ ချောက်ကမ်းပါးထက်
လျှောက်သွားကြိုးတန်း ၊ လွမ်းဇာတ်ဆန်းဝယ်
မျက်ကန်းပမာ ၊ ကြာကြာလေဆိုး
တံတားကျိုးမှောက် ၊ အသက်ပျောက်လိမ့်
တခေါက်သွားမိ ၊ ပြန်မချိလျှင်
နေ့ရှိတိုင်းသာ ၊ မျက်ရည်ဖြာခဲ့
ကြယ်ဝါထွန်းစ ၊ ညတညတွင်
သခင်ကလေး ၊ ညမွှေးပန်းနံ့
ရှိုင်းပျံ့ပျံ့သင်း ၊ ပန်းခင်းနံဘေး
လမ်းကလေးမှ ၊ ခြေနှေးတုန့်ယိုင်
လည်တိုင်ငိုက်ငိုက် ၊ ခေါင်းအောက်စိုက်၍
ဒူးတိုက်ပုဆိုး ၊ ဇက်ကျိုးခွေလဲ
ဒရွတ်ဆွဲကာ ၊ ဇွတ်လှဲအိပ်နေ
ထန်းရေကျည်တောက် ၊ ဝါးဗူးပေါက်အား
ငှဲ့သောက်မော့မော့ ၊ မူးမူးအော့လျက်
ဟော့ဟော့ရမ်းရမ်း ၊ သော့သော့သွမ်းသား
စိတ်နွမ်းကိုယ်ကြေ ၊ မဖြေနိုင်ခက်
လူဖျက်ထန်းရေ ၊ ခါးခါးဝေကို
မျက်ရည်ပြယ်နိုး ၊ အစားထိုးသော်
လူရိုးအူရိုင်း ၊ သောက်လေတိုင်းလျှင်
မှိုင်းမှိုင်းမှောင်မှောင် မဲမဲတည်း ။  ။
{ ၂၉ }
တနေ့တခြား ၊ လုံးပါးပါး၍
မျက်ထားတော်ညို ၊ မှောင်မှောင်အိုခဲ့
" မုန်းဆိုသမျှ ၊ သည်လောကဝယ်
အလှဟန်ဆောင် ၊ တိမ်တောင်ပျက်ပြယ်
ပရိယာယ်မွေဟောက် ၊ လျှာကိုဖောက်၍
ကျောက်ခဲနှင့်ပင် ၊ ဆွဲထားချင်...ဟု
တွင်တွင်ပြောကြား ၊ သျှင့်စကားလည်း
မုသားမပါ ၊ မှန်လှစွာတည့်  ။
တခါချစ်တုံး ၊ ဆယ်ခါမုန်း၍
ကြော့ဆုံးအသဲ ၊ ကျီးအာရဲကြောင့်
ဆွေးလဲဆွေးတတ် ၊ လွမ်းမှတ်မှတ်လျှင်
သခင်ကလေး ၊ မီးဝေးချိတ်မာ
မနေသာပြီ...........
ကမ္ဘာ ဆယ်ကုဋေ မုန်းမည်တည်း ။   ။
{ ၃၀ }
ချစ်ခြင်းလွန်က ၊ မုန်းကြီးစွတည့်
တညသောခါ ၊ ငွေလိပ်ပြာဝယ်
စပယ်ပွင့်ရုံ ၊ သင်းထုံမွေ့ရာ
ပန်းသဉ္ဇာတွင် ၊ ပူပင်ပြင်းပြ
မောလွန်းစွမို့ ၊ ခဏတရေး
စက်မှီမှေးရန် ၊ ရိုးညှာတန်ကြား
ဝဲပျံနားစဉ် ၊ လှေခါးထက်မှ
ဆင်းသက်၍လာ ၊ မျက်နှာတခို
ဒေါရိပ်ညိုလျက် ၊ လက်တွင်ကိုင်ထား
ကျောက်စီဓားအိမ် ၊ မြကြိုးလိမ်လည်း
မငြိမ်မသက် ၊ သခင့်လက်၌
ပြိုးပြက်လှုပ်ရှား ၊ ဆုပ်ကိုင်ထားတည့်
ရှည်လျားဝတ်ရုံ ၊ ကိုယ်အလုံဆောင်း
စိမ်းမောင်းချပ်လွှာ ၊ ဝတ်ဆင်ကာလျှင်
ပင်လယ်လှိုင်းကြွ ၊ ဒေါမာန်ထသို့
ချွေးစချွေးစက် ၊ ပါးထက်ဒီးဒီး
လှိမ့်လှိမ့်စီးကာ ၊ သျှင့်မျက်နှာလျှင်
မှောင်ရာမှမဲ ၊ မုန်းတိုင်းသဲစွ
လဲဝါချည်မြှင် ၊ တွေ့လျှင်လွှင့်သုတ်
ဝှေ့ဝှေ့မှုတ်ရန် ၊ သျှင့်အဟန်သည်
ပြင်းထန်ဆင်ရိုင်း မုန်ယိုနှယ်တကား ။   ။
( ဆက်လက်ဖော်ပြပေးပါမည် )
23း0 p.m
7.9.2017
#Crd
#May Oo
လွမ်းလိပ်ပြာတောင်
💓💓💓💓💓💓💓💓
ဒေါင်းနွယ်ဆွေ ( ကဗျာဝတ္ထု )
အဆက် { ၇ }
{ ၃၁ }
အော်.... ဆင်ရိုင်းတမျှ ၊ ဒေါမာန်ထ၍
ချစ်စကိုဖြေ ၊ မုန်းမြေကိုနင်း
အံတင်းတင်းကြိတ် ၊ သခင့်စိတ်တို့
မမှိတ်မသုံ ၊ ကြုံလာရဲရဲ
သည်တပွဲတွင် ၊ နွှဲရတော့မည်
မျက်ရည်ကိုယ်စား ၊ အရှုံးများကို
ဒါးနှင့်ကြွေးဆပ် ၊ လွမ်းသွေးငတ်မို့
ဆွေးဇာတ်ကိုသိမ်း ၊ ချစ်မီးငြိမ်းအောင်
ညဥ့်သန်းခေါင်ကြူး ၊ ကြယ်မှူးမှူးဆင်
ညကောင်းကင်ကို ၊ သခင်မော့ကြည့်
မျက်ရည်ပြည့်လွှမ်း ၊ တောင်ကျစမ်းသို့
လျှမ်းလျှမ်းစိမ့်လှာ ၊ စို့စို့ဖြာ၍
တခါတုံးက ၊ ပြုံးမျက်စချီ
ချစ်သည်ခွန်းဖွဲ့ ၊ ဆိုခဲ့စကား
ခါးတမာလို ၊ မချို တော့နိုင်
မုန်းပင်တိုင်၏ ၊ အနိုင်ယူခဲ့
သည်တလှဲ့မူ ၊ ဂလဲ့စားတပြန်
သန္နိဋ္ဌာန်တို့ ၊ ရုန်းကန်ပေါက်ကွဲ
သျှင့်ရင်ထဲတွင် ၊ ကြိတ်ခဲမရ
ငလျင်ထကာ ၊ လက်မှကိုင်ထား
ကျောက်စီဒါးကို ........
တအားကြစ်ကြစ်.. ဆုပ်မိသတည်း ။   ။
{ ၃၂ }
ည၏ကြမ္မာ ၊ ဖန်တီးလာခဲ့
မကြာမတင် ၊ သခင်ကလေး
သွေးနှင့်သစ္စာ ၊ ရွေးချယ်ရာကို
မဟာချစ်ငြိုး ၊  လွှမ်းမိုးလှုံဆော်
ခက်ထရော်လွန်မင်း ၊ လေပြင်းဝှေ့ရာ
သစ်ရွက်ပါသို့ ၊ ချာချာနောက်မူး
ရူးတော့မတတ် ၊ ဆုံးဖြတ်ကြိမ်ကြိမ်
ဒါးအိမ်ကိုချွတ် ၊ ဒါးလွတ်တခြား
သွေးယားယားကြွ ၊ တဆဆဖြင့်..
ယမင့်လည်တိုင် ၊ မာယာခိုင်ကို
ပိုင်ပိုင်ပိုင်းခုတ် ၊ နောက်မဆုတ်ပြီ
သည်တချီတွင် ၊ သိင်္ဂီရွှေမှောင်
သျှင့်မျက်တောင်တို့ ၊ မှေးယောင်မှိတ်မှိတ်
မြမြိတ်ပုလဲ ၊ ဝဲဝဲဝိုင်းဝေ
မျက်ရေနိဂုံး ၊ နောက်ဆုံးမျှသာ
ချွေသိပ်ရာကို ၊ လိပ်ပြာငယ်ဆွေ
မြင်ရချေသော် ၊ ခေါ်လည်းမကြား
တားလည်းမရ ၊ သည်တညတွင်
သခင်ကလေး ၊ အရေးတော်ပုံ
လွမ်းဇာတ်ခုံဝယ် ၊ မဖွယ်မရာ
ကြမ္မာဆွဲတိုင်း ၊ ဇာတ်ရိုင်းအသော့
ကြိုးတကြော့တင်း ၊ သည်အခင်းကို
မရှင်းတတ်နိုင် ၊ ရင်မဆိုင်ရဲ
သျှင့်အကဲခတ် ၊ စောင့်နေလတ်သည်
မပြတ်မျက်ခြည်... ရွှန်းရွှန်းတည်း ။   ။
{ ၃၃ }
မျက်ခြည်မပြတ် ၊ စောင့်နေလတ်စဉ်
ဆတ်ကနဲလှည့် ၊ ဝဲ..ယာကြည့်၍
ဝန်းပြည့်လရောင် ၊ ညသန်းခေါင်တွင်
အမှောင်နှင့်ထွေး ၊ လမ်းကလေးမြှောင်မြှောင်
ဝန်းပြည့်လရောင်ပါက် ၊ သွယ်သွယ်ဖောက်သည့်
ကျောက်စရစ်ခင်း ၊ ဖွဖွ​နင်း၍
မြင်းလည်းမပါ ၊ တကိုယ်သာတည့်
ဝတ်လွှာရုံလလှမ်း ၊ ခေါင်းတခြမ်းမြုပ်
လုံလုံအုပ်၍ ၊ ကျောက်မုခ်တံခါး
ကျော်လွှားခုန်တက် ၊ ဟိုမှာဘက်သို့
ဆင်းသက်ဖြေးဖြေး ၊ စံအိမ်ဝေးမှ
ချွေးစစကူး ၊ စက်စက်လူးသည့်
နဖူးပါးပြင် ၊ သန့်သုတ်စင်ပြီး
လက်တွင်ကိုင်ထား ၊ ကျောက်စီဒါးကို
ပန်းပွးပိုးမြိတ် ၊ ခန့်ခန့်ချိတ်လျက်
နုတ်ဆိတ်ညင်သာ ၊ လှမ်း၍လာသော်
လိပ်ပြာသျှင့်ဆွေ ၊ မနေသာနိုင်
ညမီးတိုင်များ ၊ ကြယ်ဝိုးဝါးတွင်
သခင်နှင့်တူ ၊ စိုးပူစိတ်လျှံ
ဝဲဝေ့ပျံ၍ ၊ တောင်ပံကိုဖွင့်
လေဟုန်လွှင့်ကာ ၊ သခင့်နောက်မှ
ကောက်ကောက်လိုက်ပါ ၊ ညပြာပြာတွင်
လဝါရိပ်ရိပ်.... ပြေးသတည်း ။  ။
{ ၃၄ }
သခင့်နောက်မှ ၊ ကောက်ကောက်လိုက်ပါ
လာခဲ့ရာဝယ် ၊ လင်းပြာညငှက်
ရုတ်ရုတ်သက်၍ ၊ လင်းဝက်လင်းဆွဲ
သဲသဲပြေးပျံ ၊ ညဥ့်ယံချောက်ချား
ကြယ်ရထားတိမ်လွှာ ၊ မှိန်ဝါဝါလျှင်
ကျိန်စာနှင့်ဝေး ၊ လွတ်အောင်ပြေးကြ
ဒေါသဖြင့်ပြွမ်း ၊ သျှင့်ခြေလှမ်းလည်း
တလှမ်းရွေ့တိုး ၊ တလမ်းချိုးကာ
ပန်းဝါမြို့လယ် ၊ ခန့်ခန့်ထယ်သည့်
ဆင်စွယ်ဆင်ဝင် ၊ ပွတ်ပြင်ပွတ်လုံး
ပန်းကုံးပန်းပု ၊ လှလှထုသွန်း
ကြွေယွန်းခန်းဆီး ၊ ငွေမီးအိမ်ရောင်
အမှောင်တိုးထွက် ၊ လဲ့လဲ့လက်သော
တံစက်မြိတ်နား ၊ တိုးကပ်သွားသော်
မြို့စားကြီးအိမ် ၊ ဆိတ်ညိမ်လှစွာ
ထီးထီးသာတည့် ၊ ယက်လွှာယက်မ
မင်းဒုံးချထား ၊ ကျောက်တံခါးကို
ရွေ့လျားညင်သာ ၊ တွန်းဖွင့်ကာလျှင်
အို......အသျှင်......
ညတွင်မိုက်မဲ... ကြီးစွလေတကား ။  ။
{ ၃၅ }
ညတွင်မိုက်မဲ ၊ သျှင့်အသဲလည်း
မီးခဲမီးလျှံ ၊ မခံရပ်နိုင်
တခိုင်သူဇာ ၊ မြနန္ဒာသည်
ခုခါဆိုလျှင် ၊ သဉ္ဇာအုံးမြ
အိပ်ခန်းမဆောင် ၊ ငွေမီးရောင်တွင်
အိပ်ချင်ပျော်လျက် ၊ လဲလျောင်းစက်၍
မှေးမျက်တောင်စင်း ၊ လူးလွန့်​ယင်းဖြင့်
ယွင်းခဲ့မှောက်မှား ၊ သူ့နုတ်ဖျားမှ
မုသားစောင်းကြိုး ၊ မနိုးနိုင်ဘိ
လှမိမိမုန်း ၊ ရှောင်ပုန်းမလွတ်
လွမ်းဝဋ်ကျွတ်အောင် ၊ ချွတ်နင်း၍လာ
ဖြည်းညှင်းစွာလျှင် ၊ မှန်သာပြတင်း
လွှာချင်းစေ့ယုံ ၊ ဂမုန်းချူံ အောက်
လှမ်းလာရောက်၍ ၊ ထောက်သည့်.. ကဲလား
လက်နှင့်တားကာ ၊ တံခါးပွင့်ဟ
ခန်းဆီးစများ ၊ ရွေ့ဖယ်ရှားလျက်
ရုတ်တရက်လျှင် ၊ သျှင့်မျက်လုံးတို့
ဒေါသညို့ဆိုင်း ၊ မဲမှောင်မှိုင်းသည်
ရိုင်းခဲ့သစ္စာ ၊ ယွင်းယွင်းလွန်လွန်တည်း ။  ။
ဆက်လက်ဖော်ပြပေးပါမည်
#Crd
#May Oo
2း15 p.m
8.9.2017
No comments:
Post a Comment