" မောင်မောင့် အကြိုတော် " | ဒေါင်းနွယ်ဆွေ |
________________________________________
( စောင်းညှို့သံ ကာချင်း )
သလွန်သဉ္ဇာ ပန်းမွေ့ ယာတွင်
ပဝါရွှေစင်း ပျံ့ပျံ့ သင်းကို
မခင်းမည်လော ခင်းမည်လော
ခင်းလေလော့ ခင်းလေလော့ ။
ကြွေယွန်း ဇာနား တင်းတိမ်များကို
စေ့ထားပိုးမြိတ် မှောင်မှောင်တိတ်အောင်
မပိတ်မည်လော ပိတ်မည်လော
ပိတ်လေလော့ ပိတ်လေလော့ ။
မီအိမ် ပတ္တမြား ပြောင်းတိုင်များကို
ဆောင်သွားယူသိမ်း လေမှာယိမ်း၍
မငြိမ်းမည်လော ငြိမ်းမည်လော
ငြိမ်းလေလော့ ငြိမ်းလေလော့ ။
မယ့်မယ့် မျက်လုံး ကြယ်ပွင့်ရှုံးကို
အပြုံးရည်စို့ ဝေဝေ ပျို့ အောင်
မညှို့ မည်လော ညှို့ မည်လော
ညှို့ လေလော့ ညှို့ လေလော့ ။
မယ့်မယ့် လက်ဖျား ရွှေဖဝါး ကို
ဖြူပါးလှပ်လှပ် နွေးနွေးကပ် ၍
မအပ်မည်လော အပ်မည်လော
အပ်လေလော့ အပ်လေလော့ ။
ရွှေဖေါ့ မြသား မယ့်မယ့်ခါးကို
စပါးကြီးမွေ လစ်ရိပ်လေသို့ 
မခွေမည်လော ခွေမည်လော
ခွေလေလော့ ခွေလေလော့ ။
မယ့်မယ့်နှုတ်ခမ်း ပျားရည်ဆမ်းကို
ကြမ်းကြမ်းတေ့ရုံ ကြောစိမ့် တုန်အောင်
မငုံမည်လော ငုံမည်လော
ငုံလေလော့ ငုံလေလော့ ။
မယ့်မယ့်ရင် စိုင် ပုလဲခိုင်ကို
မွှေးကြိုင်လျှမ်းလျှမ်း နှင်းဆီ လွှမ်းအောင်
မနမ်းမည်လော နမ်းမည်လော
နမ်းလေလော့ နမ်းလေလော့ ။ ။
No comments:
Post a Comment