အညတြ မြင်းခွာနွယ်
(ကဗျာ ဝတ္ထု)
ဆရာကြီး ဒေါင်းနွယ်ဆွေ
---------
မြင်းခွာနွယ်၏ ဥယျောဇဉ်
...................................
(၁)
ကဗျာဆိုသည်မှာ တင်စားမှု အလင်္ကာနည်းဖြင့် သက်ဝင်လှုပ်ရှားလာသော ခံစားမှု အဖွဲ့အနွဲ့ အသီအကုံးမျိုး ဖြစ်လေသည်။
စာရေးသူသည် ကဗျာရေးသားတိုင်း ဤတင်စားမှု အလင်္ကာနည်းကို အထူးဂရုပြု အလေးပေး၍ ရေးသားသီကုံးနိုင်အောင် ကြိုးစားခဲ့သည်။ တင်စားခြင်းဆိုရာတွင် အပိုင်းနှစ်ပိုင်းရှိလေသည်။ တစ်ပိုင်းမှာ စကားလုံးကို ဥပမာပေး၍ တင်စားခြင်းဖြစ်ပြီး၊ တစ်ပိုင်းမှာ ကြီးကျယ်ခမ်းနားသော လူမှုအရေးအခင်းများ၊ ရှုပ်ထွေးပွေလီသော လူ့ဘဝ၏ အတက်အကျ အနိမ့်အမြင့် ဖြစ်ခြင်းပျက်ခြင်း အပြောင်းအလွဲတို့ပင်ဖြစ်လေသည်။
ယခု ရေးသားသီကုံးထားသော အညတြ မြင်းခွာနွယ် ကဗျာတွင် ဤတင်စားမှု အလင်္ကာနည်း နှစ်ပိုင်းလုံးကို အသုံးပြု၍ ရေးသားသီကုံးခဲ့လေသည်။
အမှန်အတိုင်း ဝန်ခံရလျှင် စာရေးသူ၏ မြင်းခွာနွယ်သည်၊ ဆရာဇေယျ၏ ကောက်ရိုးနွယ် မှ ဆင်းသက်လာသော ကဗျာနွယ်တစ်နွယ်ဟုဆိုက ပို၍မှန်ကန်လေးနက်ပေမည်။
များသောအားဖြင့် ကဗျာဆရာတို့သည် တစ်စုံတစ်ခုသော ခံစားချက်မှ၊ တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်း၊ မှီငြမ်းဆင့်ကူးကာ မိမိ၏ စိတ်ကူးဉာဏ် ရင့်သန်သည့် အလျောက်၊ ကွန့်မြူးဖန်တီးတက်သော ကဗျာ အားထုတ်မှု သဘောများ ရှိမြဲပင်ဖြစ်လေသည်။
တခါတရံ ပန်းချီကား တချပ်ကိုကြည့်ရင်း ထိုပန်းချီကားကို ကဗျာအဖြစ်သို့ ကူးပြောင်းသီကုံးတက်၏။ တခါတရံ လမ်းပေါ်တွင် တွေ့မြင်ရသော ဘာမဟုတ်သည့် လှုပ်ရှားမှု ရှုကွင်းကလေးသည် ကြီးကျယ်ခမ်းနားသည့် ကဗျာတပုဒ် ဖြစ်လာတက်၏။ တခါတရံ စာတပုဒ်ကို ဖတ်ရင်း၊ ခံစားမှုများ ကူးစက်လာကာ၊ ထိုခံစားမှုအပေါ်တွင် မူတည်၍ ကဗျာတပုဒ်ဖြစ်လာတက်၏။
အရေးအသား အသီအကုံးချင်း တူညီမှတူညီမည် ဖြစ်သော်လည်း၊ တင်စားမှုနှင့် ခံစားမှုတို့ကား နီးစပ်နေတက်သည်။ ရည်ညွှန်းချက်နှင့် ဦးတည်ချက်မတူသော်လည်း၊ ကဗျာ၏စေတနာ ပြဌာန်းချက်သည် ပြည်သူအများစု အကျိုးအတွက် သည်ပိုးရွက်ဆောင်မှုတွင် တူညီနေတက်သည်။
ယခု ရေးသားသီကုံးအံ့သော အညတြ မြင်းခွာနွယ် ကဗျာသည်လည်း၊ ထိုအတိုင်းပင်ဖြစ်လေသည်။ ဆရာဇေယျ၏ ကောက်ရိုးနွယ် ကဗျာကို ဖတ်ရှုရာမှ ပေါက်ဖွားနွှယ်ကူးလာသော လှုံ့ဆော် ကွန့်မြူးမှုတရပ်သာဖြစ်လေသည်။
( ၂ )
စာရေးသူသည် မဂ္ဂဇင်း အယ်ဒီတာ နှင့် ကဗျာဆရာဘဝမှ ကျောင်းဆရာဘဝသို့ အခိုက်အတန့်  ကူးပြောင်းရသောအခါတွင်၊ကဗျာ အရေးအသား နည်းပါလာပြီး၊ စာအဖတ်များလာသည်။ သင်ကြားပို့ချရမည့် ဘာသာရပ်များကို လေ့လာပြင်ဆင်ခြင့်၊ ကဗျာနှင့် ယာယီ ကင်းကွာနေရသည်။ ထိုအခါ ကွက်လပ်ဟာလျက်ရှိသော ကဗျာ၏နေရာတွင်၊ ဆရာဇေယျ၏ ``ကောက်ရိုးနွယ်´´ သည် ဝင်ရောက်အမြစ်တွယ်လာသည်။
တက္ကသိုလ်ဝင် အပိုမြန်မာစာ သင်တန်းတင် ဆရာဇေယျ၏``မြန်မာ့မျက်ပွင့်´´စာအုပ်မှ
``ကောက်ရိုးနွယ်´´ကို သင်ကြားပို့ချပေးရသည့်အခါတိုင်း ကဗျာနှင့်ကင်းဝေးနေသော စာရေးသူ၏ စိတ်ဓာတ်တို့သည် တက်ကြွလန်းဆန်းလာမြဲဖြစ်ပြီ၊ ဆောင်းပါးတစ်ပုဒ်ကို ဖတ်ရသည်နှင့်မတူဘဲ ကဗျာတစ်ပုဒ်ကို ဖတ်ရသည်နှင့်တူနေသည်။
တနေ့တွင် ဤကောက်ရိုးနွယ် ကဲ့သို့သော တင်စားချက် လေးနက်ပြည့်ဝသည့် ကဗျာတစ်ပုဒ်ကို ဖြစ်သည့်နည်းဖြင့် ရေးဖြစ်အောင်ရေးမည် ဟုလည်း သန္နိဋ္ဌာန် ချခဲ့မိသည်။ ရေးကွင်းရေးကွက်ကိုလည်း အမြဲတမ်းရှာဖွေ ကြံဆခဲ့သည်။
ဆရာဇေယျသည် ကောက်ရိုးနွယ် ကလေးကို အသက်ဝင်လှုပ်ရှား လာအောင် ကလောင်ချက်ပိုင်ပိုင်ဖြင့် စာပန်းချီဖွင့်ခဲ့သည်မှာ ကောက်ရိုးနွယ် ကလေးကို မျက်လုံးထဲတွင် တကယ်လာ၍ ရှင်သန်ဘိသကဲ့သို့ ခံစားခဲ့ရသည်။
"အနွယ်ကလေးလည်း ရိုးရိုးဖြစ်၏။ အရွယ်လည်းရိုးရိုးဖြစ်၏။ အပွင့်လည်း ရိုးရိုးဖြစ်၏။ မြေကြီးကိုတွား၍ပေါက်ရ၏။ ပတ်ကြားအက်အကြားတွင်ပျော်ရ၏။ သူများတကာ အပင်တွေဝေဝေဆာပေါက်၍၊ လယ်ကွင်းခြောက်မှပေါက်ရ၏။ တော်တော်အောက်တန်းကျ၏။ သို့သော် အနွယ်ကလေးကား အားလျှော့ပုံမရ။"
ဆရာဇေယျသည် ကောက်ရိုးနွယ်ကလေး၏ ရိုးသားပုံနှင့် အောက်တန်းကျပုံကိုဖော်ပြကာ၊ အားမာန်ဆောင်သောကောက်ရိုးနွယ်ကလေး၏ အားမလျှော့သည့်ဇာတိမာန်ကို အသက်သွင်းပြန်၏။
တဆက်တည်းတွင် ဆင်းရဲနွမ်းပါးလှသော လယ်တောသူကလေးကို၊ ကောက်ရိုးနွယ် နှုတ်နေသူအဖြစ်၊ တင်စားချက်အားပြိုင်မှုကို ထပ်လောင်းသရုပ်ဖော်ပေးပြန်၏။ လယ်သူမလေးသည် သူတပါးလက်ဦးစား သူတပါးလက်ဦးယူပြီး အကြွင်းအကျန်ကလေးများကို လိုက်လံကောက်ယူနေရသူအဖြစ်၊ ကောက်ရိုးနွယ်၏ ဘဝတူခံစားဖော်ခံစားဘက်နေရာတွင် နှိုင်းယှဉ်ဖော်ပြခဲ့၏။
"ကောက်ရိုးနွယ်ကလေးသန်သလို ထိုမိန်းကလေးလည်း သန်၏။ ကောက်ရိုးနွယ်ကလေး ခေါင်းကလေးထောင်သလို၊ ထိုမိန်းကလေး၏ခေါင်းကလေးသည် ထောင်လျက်ရှိ၏။ ထိုကောက်ရိုးနွယ်နှင့် ထိုမိန်းကလေးတို့ကား၊ ဘဝ၏ ညှင်းပမ်းခြင်းကို ခံနိုင်သူများဖြစ်၏။ ဘဝ၏ ဖိစီးခြင်းကို ရုန်းကန်နိုင်သူများဖြစ်၏။"
ဆရာဇေယျသည် လယ်တောသူကလေးနှင့် ကောက်ရိုးနွယ်ကလေးတို့ကို၊ အားမာန်သွင်းပေးကာ ဘဝ၏ဖိစီးခြင်းဒဏ်ကို ရုန်းကန်လှုပ်ရှားရင်း၊ ရှင်သန်ကြီးထွားလာရသည့် သူရဲကောင်းများဖြစ်လာအောင်၊ ကလောင်ဖြင့်တင်စား၍ အသားပေးမြှင့်တင်ခဲ့၏။ တင်စားချက်သည် ရိုးသားလွန်းသော ပြတ်သားသောအမြင်၊ ထက်မြက်သောဘဝဩဇာဝင်နေသောကြောင့်၊ ဂုဏ်မြောက်အောင်ပေါ်လွင်ကြွားရွားလာလေသည်။
"လက်ဦးစား လက်ဦးပေါက် ရာသီကောင်းကိုမှီ၍ ဟန်ပြခဲ့သူများ ပြိုလဲပျက်စီးကြသော နွေခေါင်ခေါင် မြေခြောက်ခြောက်တွင် ခေါင်းထောင်နိုင်သူများဖြစ်၏။ ကမ္ဘာ့အဆီအနှစ်ကို မစားရငေါ်လည်း၊ ကမ္ဘာနှင့် ဆိုးတူကောင်းဘက်သွားကြသူများဖြစ်၏။"
လယ်တောသူကလေးနှင့် ကောက်ရိုးနွယ်ကလေးတို့၏ ဘဝသည် နိမ့်ကျသည်မှန်သော်လည်း၊ ကမ္ဘာ့မြေဆီဝယ် ပဏာတင်ခဲ့ပုံကို ဖော်ပြကာ၊ မွှေးစပယ် တော်ဝင်ပန်း သန့်ဇင်တို့ တချိန်က ကြွားဝါ ပလွှား နိုင်ခဲ့ကြသော နွေခေါင်ခေါင်တွင် သူတို့နှစ်ဦးသာ ရှင်သန်ကျန်ရစ်ခဲ့ပုံကို နက်နဲသိမ်မွေ့စွာ ဖော်ပြခဲ့၏။
" ရွှေဘုံ ရွှေနန်းအတွင်း၊ ရွှေဘီး ရွှေတံကျင်စိုက်၍ ပန်ကြသော ကံ့ကော်၊ စွယ်တော်၊ သဇင်၊ ကြက်ရုန်းတို့ အဘယ်သို့ ရောက်ကုန်ကြပြီနည်း။ ပျောက်ကုန်ကြပြီ၊ ကောက်ရိုးနွယ်ကား ကျန်နေ၏။ အားယူနေ၏။"
ပဒေသရာဇ်တို့၏ ရွှေနန်းရွှေဘုံကို ကျော်လွန်ခဲ့ပြီး ခေတ်အဆက်ဆက် ပြောင်းလွဲလာခဲ့သော်လည်း၊ လယ်တောသူကလေးနှင့် ကောက်ရိုးနွယ်ကလေးတို့ကား ထာဝရ ရှင်သန်ကြီးထွားနေကြကာ၊ ဘဝဒဏ်ကိုကြန့်ကြန့်ခံ၍ ရုန်းကန်နေကြခြင်းကို၊ ကွက်ကွက်ကွင်းကွင်းပေါ်လွင်အောင်၊ တင်ပြဖော်ကြူးထား၏။
"မဟာရာဇဝင်တွေ၊ ရွှေနားတော်သွင်း
ဧချင်းတွေ ပျောက်ပကုန်သော်လည်း၊ ၎င်းတို့ကား ပျောက်ပတိမ်မြုပ်ခြင်းမရှိဘဲ၊ လယ်ကန်သင်းဘေးပတ်ကြားအက်အကြားတွင်၊ပျော်ပျော်ပါးပါးကြီးတည်၍သွားကြမည်ဖြစ်သတည်း။"
နိဂုံးချူပ်တွင်၊ ဆရာဇေယျသည် အဖိနှိပ်ခံ၊ အညှင်းပမ်းခံလယ်တောသူနှင့် ကောက်ရိုးနွယ်ကလေးတို့ဘက်မှ ရပ်တည်အားပေးကာ၊ မတိမ်ကော မကွယ်ပျောက်နိုင်သည့် သဘာဝဖြစ်စဉ်၏ ဇာတိမာန်ကို ရဲရင့်ပြောင်မြောက်စွာ တင်စားစာဖွဲ့ခဲ့၏။
ဤ"ကောက်ရိုးနွယ်"၏ အရိပ်သည် စာရေးသူ၏ နှလုံးသားတွင် စွဲထင်ကျန်ရစ်ခဲ့၏။ ကောက်ရိုးနွယ်သည် စာရေးသူ၏ ကလောင်ကို ရစ်ပတ်နှောင်ဖွဲ့ခဲ့မိချေပြီ။ ထိုသို့ရစ်ပတ်နှောင်ဖွဲ့ခဲ့မိရာမှ .........
၃။
အင်းစိန်ထောင် ဆေးရုံတိုက် မျက်နှာစာရှေ့တွင်၊ သရက်ပင်မှ ကြွေကျသည့် သရက်ရွက်တို့သည် တဖြေးဖြေးစုပုံလာပြီး မြေဆွေး မြေစာအဖြစ်သို့ ပြောင်းလွဲလာကြသည်။
သစ်ရွက်ဆွေးများပေါ်တွင်၊ ပိုးပလူ ကင်းကောင်လေးများနှင့် ဘောက်ခူတို့သည် တွား၍တမျိုး၊ တိုး၍တဖုံ တရွရွတက်နေကြပြီး၊ မြေဆွေးဩဇာကို အလိုအလျောက် ဖန်တီးနေကြ၏။
တနေ့တွင် စာရေးသူသည် မမျှော်လင့်ဘဲ၊ ဤသရက်ရွက် မြေဆွေးပုံပေါ်တွင်၊ မြစိမ်းရောင်သန်းနေသော အရွက်ဖြူစအပင်တက်ကလေးတခုကို အမှတ်မထင် သွား၍တွေ့မိသည်။ တခြားအပင်ပေါက်ကလေးများအကြားတွင်၊ တမူထူးခြားစွာပေါက်နေသော ဤအပင်ကလေးကို၊ အမည်မဖော်တတ်ပါဘဲလျက်၊ စာရေးသူသည် ပိုမိုစိတ်ဝင်စားနေအိသည်။
ထွက်လာသော အတက်ကလေးမှာ မြွေခေါင်းဖြူကလေးကဲ့သို့ အရစ်အဝန်းထင်ကာ၊ ကောင်းကင်သို့မော့လျက်ရှိ၏။ ထိုအတက်ဖျားမှ အရွက်ထွက်တော့မည့် အရိပ်နိမိတ်များကိုလည့းမြင်နေရသည်။
ထိုအခါတွင် စာရေးသူ၏ စိတ်ထဲ၌ အချိန်ကြာမြင့်စွာ ကိန်းအောင်းခဲ့သော ဆရာဇေယျ၏"ကောက်ရိုးနွယ်"သည် ပြန်လည်လှုပ်ရှား သက်ဝင်လာခဲ့သည်။ လယ်ကန်သင်းပတ်ကြားအပ်ထဲမှ ခေါင်းထောင်၍ အညွန့်လူကာ အားယူရှင်သန်နေသည့်"ကောက်ရိုးနွယ်"ကလေးသည် စာရေးသူ၏ အတွေးထဲသို့ ပြေးဝင်လာခဲ့၏။
စာရေးသူသည် ကြာကြာ ဆိုင်းငံ့မနေတော့ဘဲ၊ အမည်မဖော်တတ်နိုင်သေးသော အတက်ပြူစ အပင်ပေါက်ကလေးကို၊ သရက်ရွက်မြေများ လက်တနှိုက်ပါအောင်ကော်၍ ယူလိုက်ပြီး၊ ရေချိုးကန်နံဘေးရှိ ရေမြောင်းစပ်တွင်ရွှေ့ပြောင်း၍စိုက်ထားလိုက်မိလေသည်။
အကျဉ်းထောင်၏ စည်းမျဉ်းဥပဒေအရ အကျဉ်းသားများသည်အလွန်ကြီးထွားသည့်အတွယ်အခို အရိဏမဖြစ်စေသော ပင်စည်ပင်ကြီးများကို မစိုက်ပျိုးနိုင်သော်လည်း၊ အနွယ်ပင်နှင့် အပင်ငယ် အပင်သေးများကို စိုက်ပျိုးနိုင်သည်ဟု ထောင်စောင့် ဝါဒါ ကရင်အဘိုးအိုတဦး၏ ပြောပြချက်အရ သိရှိထားခဲ့ဖူး၏။
ရေချိုးကန်ဘေးရှိ မြစိမ်းရောင်အတက်ကလေးသည် နေရာအပြောင်းရွှေ့ကြောင့် ပဋ္ဌမသော် ညိုနွမ်းသွားသည်ဟု ထင်ရသော်လည်း၊ တနေ့ထက်တနေ့ သန်စွမ်းအားကြီးမားလာခဲ့သည်။
ဤရေချိုးကန်မှာ အထိန်းသိမ်းခံတို့အတွက် ဆေးရုံတိုက်ရှိ သီးသန့်ရေချိုးကန်ဖြစ်သောကြောင့်၊ စာရေးသူတို့က လက်ဆော့ကာ မီးသွေးခဲ"မြနန္ဒာနတ်ရေကန်"ဟု ကင်ပွန်းတပ်ထားသည်။ ရေချိုးတိုင်း ရေမြောင်းမှ သွန်ကျလာသော ရေစက်တို့သည် အမည်ဖော်မရသေးသော အပင်တက်ကလေးအတွက် စမ်းချောင်းငယ်သဘွယ် ဖြစ်ခဲ့ရသည်။
တဖြေးဖြေးဖြင့်အတက်ကလေးထိပ်မှ အရွက်ကလေး ဖြွ်က်လာကာ၊ အပင်ငယ်၏ ဇာတိသည် သူ့အမျိုးအနွယ်ကို ဖော်ပြလာလေသည်။ ဤအပင်ငယ်ကား အခြာမဟုတ်"မြင်းခွာနွယ်"ပင်တည်း။
စာရေးသူသည် နေ့စဉ်နှင့်အမျှပင် မြင်းခွာနွယ်ပင်ကလေးကို၊ တယုတယမြေတောင်မြှောက်ပေး၏။ မဲနက်၍ မြေဩဇာအပြည့်ပါဝင်သည့် နှစ်ချို့မြေဆွေးများကို ရှာကြံ၍ဖို့ပေး၏။ သစ်ကိုင်းခြောက်ကလေးများဖြင့် ရံတိုင်စိုက်ကာ စည်းခတ်ထားလိုက်၏။
ရက်သတ္တ နှစ်ပတ် သုံးပတ်ခန့်ကြာလျှင်၊ မြင်းခွာနွယ်ပင်ကလေးသည် အမြစ်များ ယှက်ဖြာသန်စွမ်းလာပြီး၊ အရိုးတံမှ အဆစ်ကလေးများ ကြဲကြဲပေါ်လာကာ၊ အံ့ဩစရာကောင်းလောက်အောင်၊ အရွက်များ ကြီးထွားဖွံ့ဖြိုးလာ၏။ အရွက်ချင်းဆင့်ဆင့်ထပ်ကာ၊ မြစိမ်းရောင် ကမ္ဗလာခင်းငယ်ကလေးဖြစ်စပြုလာ၏။ နေရောင်ထိတိုင်းအရွက်စိမ်းတို့သည် ရင့်မှိုင်းမြမောင်းသော အဆင်အသွေးသို့ ကူးပြောင်းလာ၏။ ကြာသောအခါ အရွက်ချင်းစိပ်စိပ်ထပ်၍ မြေတွင်ရှည်လျားစွာ ဆန့်တန်းလျက် တွားတက် လူးလွန့်နေသောမြင်းခွာနွယ်တို့သည် ရေမြောင်းဘောင်အုတ်ရိုးကိုပင် ဖုံးလွှမ်းနွယ်ရစ်စ ပြုလာခဲ့သည်။
အကျဉ်းထောင်တွင် အိပ်ထောင်ပိန်ချိန်သည် လွမ်းဆွတ်ကြေကွဲဘွယ်ရာ အကောင်းဆုံးဖြစ်လေသည်။ အဝေးမှ မီးရထားဘီးနှင့် သံလမ်းတို့ ထိခိုက်သံ၊ ကျေးငှက်တို့ အိပ်တန်းတက်သံများ ဆူညံနေစဉ်တွင် အိပ်ထောင်တွင်းရှိ သံတိုင်သံချောင်းများကြားမှ မြစိမ်းတော မြင်းခွာပင်အုပ်ကို လှမ်း၍ မြင်နေရ၏။
နေရောင်ခြည် ရုပ်သိမ်းစ၊ မှိုင်ပြပြမှောင်လှုလှု အချိန်တွင် မြင်းခွာနွယ်ပင်များသည် ကြွားကြွားမတ်မတ် ခေါင်းကလေးများထောင်၍ လေသွဲ့တိုင်း တနွဲ့နွဲ့ တရမ်းရမ်း ယိမ်းယိုင်လှုပ်ရှားနေပုံတို့သည် လွမ်းစရာတမျိုးပင်ဖြစ်တော့သည်။ "မြနန္ဒာနတ်ရေအိုင်" နှင့် မြင်းခွာနွယ်မြစိမ်းတောကား၊ သဘာဝ၏ အလှကိုတန်ဆာဆင်လျက်ရျှချေသည်။
နံနက်မိုးလင်း၍ အိပ်ထောင်ဖွင့်လျှင် ဖွင့်ခြင်း၊ စာရေးသူသည် မျက်နှာမသစ်ခင်၊ မြင်းခွာပင်များကို ရေလောင်းလေ့ရှိပြီး၊ အိပ်ထောင်ဝင်ချိန်တိုင်း မြင်းခွာနွယ်ပင်တို့ကို ငေးမောကြည့်ရှုရသည်မှာ အစဉ်လာတစ်ခုပင် ဖြစ်ခဲ့လေသည်။
တနေ့နံနက် အိပ်ထောင်ဖွင့်ချိန်တွင် မျက်နှာသစ်ရန် ရေကန်နားသို့ရောက်ခဲ့ရာ၊ မြင်းခွာနွယ်ပင်များ ဖရိုဖရဲဖြစ်နေပြီး၊ တချို့အရွက်များ ငုံးတိတနပြတ်နေကာ၊ တချို့မှာမူ အပင်ရင်း အရိုးခွမှ ကိုက်ဖြတ်ထားသည့် ဒဏ်ရာ အစအနများတွေ့ရလေသည်။ မြင်းခွာအုပ် တခြမ်းနီးပါးခန့်မျှ ရော့ပါးသွားပြီး မြင်းခွာနွယ်ပင်များသည်မြင်မကောင်းအောင် ကြို့တို့ကြဲတဲဖြစ်နေရှာလေသည်။ ရေမြောင်းစပ်သို့ လိုက်လံကြည့်ရှုသောအခါတွင်မှ မြေကြွက်များ၏ ခြေရာတို့ကို တွေ့ရလေသည်။ ကြွက်တွင်းနှုတ်ခမ်းတွင်လည်း အအစိပ်စိပ်အမွှာမွှာအပိုင်းပိုင်း ပြတ်နေသည့်မြင်းခွာနွယ်ရွက် မြင်းခွာနွယ်ရိုးတို့ အနှံ့အပြား ကြဲပြန့်နေသည်ကို ထပ်မံတွေ့ရှိရပြန်လေသည်။
သို့တိုင်အောင်လည်း မြင်းခွာနွယ်ပင်တို့မှာ ရော့ပါးသွားသည်ဟူ၍ မရှိခဲ့။ မြေကြွက်များကိုက်ဖြတ်ခဲ့သည့် အပင်ရိုး ငုံးတိတိဂွဆုံမှ ရွက်သစ်တို့သည် ပြန်လည်၍ ဝေဆာလာကာ
အတက်အညွန့်များ ထွက်မြဲထွက်ခဲ့၏။
မြေကြွက်တို့ ကိုက်လေလေ မြင်းခွာနွယ်တို့သည် ရှင်သန်လေလေဖြစ်ခဲ့၏။ မြေကြွက်တို့ ကိုက်ဖြတ်လေမှပင်၊ မြင်းခွာနွယ်ပင်တို့သည် ခါတိုင်းထက်ပင် များ၍ များ၍လာခဲ့၏။ ပွား၍ပွား၍လာခဲ့၏။ ထွား၍ထွား၍လာခဲ့၏။ စည်၍စည်၍ လာခဲ့၏။ ဝေ၍ ဝေ၍လာခဲ့၏။ ပြည့်၍ပြည့်၍လာခဲ့၏။ တိုး၍တိုး၍လာခဲ့၏။ လွှမ်း၍လွှမ်း၍လာခဲ့၏။
ကြာသော် မြေကြွက်တို့သည် မြင်ခွာနွယ်ပင်တို့ကို အရှုံးပေးသွားကာ၊ မြစိမ်းတော မြင်းခွာနွယ်တို့သည် အဆစ်ကျသည့်နေရာတွင် အမြစ်တွယ်လျက်၊ ရေမြောင်းအုပ်ရိုးတခုလုံး ပြည့်နှက်သွားလေတော့သည်။
သို့နှင့်ပင် ဤ"မြင်းခွာနွယ်" အတွေ့အကြုံသည် ဆရာဇေယျ၏ "ကောက်ရိုးနွယ်"ကဲ့သို့ ဇာတ်လမ်းအမြစ်တွယ်စပြုလာခဲ့သည်။ "ကောက်ရိုးနွယ်"ကဲ့သို့"မြင်းခွာနွယ်"သည်လည်း ရုန်းကန်ရှင်သန်နိုင်စွမ်းရှိခဲ့ပြီး အားမာန်သစ်များရေရှေ့ဆောင်သော၊ ပင်ကိုယ်သဘာဝကို တွေ့ရှိလာခဲ့ရသည်။
ထိုအခါ၌ "မြင်းခွာနွယ်"ပင်ကို၊ တင်စားခိုင်းနှိုင်းရမည့် ကြီးကျယ်ခမ်းနားသော၊ ရည်ညွှန်းချက် ဇာတ်အိမ်ဇာတ်လမ်းကို၊ ရှာကြံရလေတော့သည်။
၎။
ကဗျာဝတ္ထုတိုင်းတွင်၊ တင်စားချက်များ၊ ရည်ညွန်းချက်များသည် အဓိက စေတနာ ဦးတည်ချက်ဖြစ်လေရာ၊ "မြင်းခွာနွယ်"၏ တင်စားရည်ညွှန်းချက်သည် ကြီးများခိုင်ခန့်မှ၊ ကဗျာဂုဏ်မြောက်မည် ဖြစ်သည်ကို ကြိုတင်၍ သတိထားခဲ့မိသည်။
နောက်ဆုံး၌ စာရေးသူသည် ဒုတိယကမ္ဘာစစ်ကြီး၏ ဆိုးဝါးရက်စက်ပုံကို သွား၍မြင်မိသည်။
ထိုအခါ စာရေးသူ၏ စိတ်ကူးထဲ၌၊ ဣဋ္ဌာရုံနှင် အနိဋ္ဌာရုံမြင်ကွင်းနှစ်ရပ်ကို တဆက်တည်း သုံးသပ်ဆင်ခြင်လာမိပြန်လေသည်။
လှပဝေဆာ သာယာစိုပြည်လျက်ရှိသောနိုင်ငံများသည် ဒုတိယကမ္ဘာစစ်၏ ဒဏ်ကို အလူးအလဲ ခံစားလိုက်ရကာ၊ ဒုတိယကမ္ဘာစစ်၏ အနိဋ္ဌာရုံများသည် ဤလူ့ဘောင်တခုလုံးပျက်ပြုန်းလှုတော့မတတ် ဆုံးရှုံးပျက်စီးလောင်မီးပြာကျဖြစ်ခဲ့ရသည်။
မြေတွင်းမြေပေါ် ပစ္စည်းရတနာများ ဆုံးရှုံးရရုံသာမကသေး၊ မယားတကွဲ သားတကွဲဖြင့် ပူပွဲကြီးဆင်ကာ၊ အသက်ပေါင်းများစွာကို စတေးမြှုပ်နှံခဲ့ကြရသည်။ စားရေးရိက္ခာခေါင်းပါးပြတ်လတ်သော အငတ်ကပ်ကြီးများနှင့်လည်းဆုံခဲ့ကြုံခဲ့ရသည်။
ကမ္ဘာ့တနေရာမှ ထ၍တောက်သော မီးတောက် မီးတောက်မီးပွားကလေးတခုက၊ တကမ္ဘာလုံးသို့ ပြန့်နှံ့ကူးစက်ကာ၊ သတ္တာအနန္တတို့ကို ဝါးမျိုလောင်ကြွမ်းစေခဲ့သော စစ်မီးတောက်မီးလျှံကြီး ဖြစ်ခဲ့ရသည်။ ဤဒုတိယကမ္ဘာစစ်ကြီး၏ လူမျိုးဆက် ပျက်ပြုန်းအောင်ဆိုးဝါးရက်စက်ပုံများကို၊ ကမ္ဘာတွင်ရှိသော အနုပညာသည်ပေါင်းတို့က ရင်နာ၍မဆုံးနိုင်အောင်ရှိခဲ့ကာ၊
ဝတ္ထု ကဗျာ လင်္ကာ သီချင်း ပန်းချီ ပြဇာတ် ရုပ်ရှင်တို့ဖြင့် မမေ့နိုင်အောင် မှတ်တမ်းတင်ကြလျက်ပင်ရှိသေးသည်။
ဒါးရှည် လေး မြှား လှံသွား ပုဆိန်တို့ဖြင့် တိုက်ခိုက်သတ်ဖြတ်ခဲ့သော ပဒေသရာဇ်စစ်ပွဲတို့ထက်၊ အဆပေါင်းထောင်သောင်းများစွာ ရက်စက်ကြမ်ုးကုတ်လှစွာ၊ သက်ရှိလူသတ္တဝါတို့ကို သိန်းနှင့် သန်းနှင့် ကုဋေနှင့်ခီိ၍ သေကြေပျက်စီးစေသော သေမင်းတမန် "အနုမြူ"စစ်ကြီးသည် ကမ္ဘာကြီးတခုလုံးအား ဆိုကြိုးများကိုသာပေးနိုင်ခဲ့သည်။
ကိုက်ဖြတ်ချိုးဖျက်သည့်ကြားမှ ကြီးထွားရှင်သန်မြဲ ရှင်သန်နေသော "မြင်းခွာနွယ်" ကလေးသည် စာရေးသူ၏ ကဗျာဝတ္ထု ထဲတွင်၊ မြေကြွက်အစား၊ တောမြိုင်နက်တွင်း တောမီးမျိုဝါး လောင်ကြွမ်းခြင်းခံရသော "အညတြမြင်းခွာနွယ်" ကလေးဖြစ်လာခြင်းပင်တည်း။
၅။
ဤကဗျာဝတ္ထုကို ကဗျာဘတ်သူတို့ ဘတ်ရှုရသောခါ....
(၁) တောမီးမလောင်ခင် မြိုင်သာယာ၏ ပျော်ရွှင်ချမ်းမြေ့ဘွယ်ကောင်းသော ဣဋ္ဌာရုံ မြင်ကွင်းများနှင့်....
(၂) တောမီးလောင်ပြီး မြိုင်သာယာ၏ စိတ်နှလုံးထိခိုက်ဘွယ်ကောင်းသော ပျက်စီးဆုံးရှုံးခဏ်းများပင် ဖြစ်လေသည်။
ကဗျာ ရေးငါးသီကုံးရာတွင်၊ ဣဋ္ဌာရုံ မြင်ကွင်းလှလှကလေးကို ကွက်ကာကွင်းကာ ဖော်ပြခြင်းမျိုးကို၊ ဘယ်သောအခါကမျှ ဦးစားမပေးခဲ့ပေ။ ဤအယူအဆကို လက်လည်း မခံခဲ့ပေ။ အမြဲတန်း ဆန့်ကျင်ခဲ့ပေသည်။
စိတ်အလှ၊ ရုပ်အလှ၊ အပေါ်ယံအလှသည် တကိုယ်ကောင်းဆန်သော မတည်မြဲသည့် ပညတ်အလှသာဖြစ်ပြီး၊ ဖြစ်ခြင်းပျက်ခြင်းတရားများအပေါ်တွင် အခြေခံသည့် တကယ် ရုပ်ပိုင်းအစဉ်အလာမှ ပဋိပက္ခဖြစ်၍ ပေါက်ပွားလာသော အနိဋ္ဌာရုံတရားမှ တဖန်ပြန်လည်ရှင်သန်ရသည့် ဣဋ္ဌာရုံ အလှကိုသာ အလေးပေးဖော်ပြလိုခြင်းဖြစ်လေသည်။
ထို့ကြောင့်ပင်၊ ဤ "အညတြမြင်းခွာနွယ်" ကဗျာဝတ္ထုတွင်၊ မြင်ကွင်းရှုကွင်း နှစ်ရပ်ကို ခံစားချကမအားပြိုင်နိုင်အောင်၊ ထည့်သွင်းရေးသားသီကုံးရခြင်းဖြစ်လေသည်။
ဤကဗျာဝတ္ထုကို ရေးသားသီကုံးရာတွင်၊
ပထဝီဗေဒ၊ ရုက္ခဗေဒတို့သည် တိကျချင်မှ တိကျမည်ဖြစ်ပြီး၊ ကဗျာရေးသားသီကုံးမှု လွတ်လပ်ခွင့်၊ တင်စားခိုင်းနှိုင်းမှုလွတ်လပ်ခွင့်ကိုသာ အဓိကထား၍ သီကုံးဖွဲ့နွဲ့ခြင်းဖြစ်လေသည်။ အလင်္ကာနည်းအရ ဂုဏ်မြောက်ခြင်း မမြောက်ခြင်းဆိုသည်မှာလည်း ကဗျာရေးသားသီကုံးမှု လွတ်လပ်ခွင့်နှင့် တင်စားခိုင်းနှိုင်းမှု အခြေခံရေသောက်မြစ်များသာ ဖြစ်ပေရာ၊ အမှားအယွင်းပါဝင်ပါက စာရေးသူ၏ အပြစ်သာ ဖြစ်ပေမည်။
ဥပမာ သစ်ပင်တို့သည် ပထဝီအနေအထားကိုလိုက်၍ ရုက္ခဗေဒ ဗီဇမျိုးစေ့ အစဉ်အလာအရ၊ တနေရာထဲတွင် စု၍မပေါက်၊ ငှက်တို့သည်၎င်း၊ သားကောင်တောကောင်တို့သည်၎င်း တနေရာထဲတွင်စု၍မနေ။
ပန်းတို့သည်လည်း တနေရာထဲတွင်စု၍မပွင့်။ သို့ငြားလည်း စာရေးသူသည် ရည်ညွှန်းပြဆိုလိုချက် ဂုဏ်မြောက်အောင်၊ တင်စားဖွဲ့နွဲ့၍ ရေးသားခဲ့ရလေသည်။
ဥပမာ ငါးမျိုးများဆိုလျှင်၊ ရေချိုငါး ရေငံငါးဟု ကွဲပြားလျကိရှိရာ၊ စမ်းချောင်ငယ်နှင့်ပင်လယ်ကို သွယ်ဆက်ပေးပြီး၊ တသီးတသန့်ခွဲထုတ်ရေးသားရပြန်လေသည်။
ဤသဘောသဘာဝများကို ခွင့်လွှတ်၍ ကဗျာဘတ်ရှုသူတို့က ကဗျာဝတ္ထု၏ ရည်ညွှန်းတင်စားသော ဦးတည်ချကိကိုသာ အလေးပေး၍ ဘတ်ရှုပါရန်လည်း မေတ္တာရပ်ခံအပ်ပါသည်။
ဤကဗျာဝတ္ထုကို ရေးသားရာတွင် မှီငြမ်းကိုးကားရသော အသေးစိပ်အချက်အလက်များကို အချိန်ပြည့် ကူညီရှာဖွေပေးသော စာရေးဆရာ စံထွန်းအောင်အားလည်း ကျေးဇူး ဥပကာရ တင်ရှိကြောင်း မှတ်တမ်းတင်အပ်ပါသည်။
ထို့ပြင်၊ သက်ကြီးစကား သက်ငယ်ကြားဟူသော ဆောင်ပုဒ်အတိုင်း၊ အင်းစိန်ထောင်အတွင်း ရင်းနှီးစွာ အတူနေထိုင်ခဲ့ရစဉ်အခါက၊ ရှေးဟောင်း ဗဟုသုတ အခေါ်အဝေါ်များကို ပြောကြားကူညီပေးခဲ့သည့် ခရမ်းမြို့မှ ဦးညွန့်(ခ)သခင်ညွန့်အား၎င်း။ စားပင် နှမ်းပင်နှင့် ပဲပင်တို့၏ ဗဟုသုတများကို ပြောကြား ကူညီပေးခဲ့သော ရန်ကင်းမြို့ဆန်းသစ်ဓာတ်ပုံတိုက်မှ ဦးလေးကျော် အား၎င်း။
ဘယဆေးမျိုးစုံကို ရှင်းပြကူညီပေးခဲ့သော ရန်ကင်းမြို့ ဘယဆေးဆိုင်မှ ဦးအုန်းရွှေကို၎င်း။
ဤကဗျာဝတ္ထုကို လက်ရေးဖြင့် လိုက်ရေးပေးခဲ့သောကဗျာဆရာ နန်းနေနွယ်တို့အား၎င်း အထူးကျေးဇူးတင်ရှိကြောင်း ထပ်လောင်း၍ မှတ်တမ်းတင်အပ်ပါသည်။
ဒေါင်းနွယ်ဆွေ
(၁၉၆၇ - ဇွန်လ)
အညတရမြင်းခွာနွယ်
--------------
(၁)
ဤမြေပြင်က
ပြန်ပြောပြသည်
လောကသစ္စာ ဇာတ်လမ်းစုံစုံတည်း...။
(၂)
စမ်းချောင်းငယ်လျှင်၊ မြောင်းသွယ်မျှဉ်းမျှဉ်း
လွမ်းသီချင်းဖြင့်၊ ဖြည်းညင်းရွေ့လျား
တဖွားဖွားလျှင်၊ နဂါးမြွေလို
ရေညိုညစ်ခွေ၊ စီးဆင်းနေသည်
ခါနွေမိန်ဦး သာလေစွ...။
(၃)
စမ်းလည်း မကျ၊ မြစ်မ မမည်
ရေကြည်သွန်းသွယ်၊ ချောင်းငယ်တမျှ
စီးကျရေသံ၊ ဂယက်ညံကာ
ကျောက်လွှာကျောက်ခက်၊ ဖွေးဖွေးလက်၍
ချွန်ထွက်ထောင်ထောင်၊ နေရောင်ထိုးဟပ်
ကျောက်ချပ်ကျောက်ပွင့်၊ ထပ်ဆင့်ကျောက်တုံး
အခုံးအခွက်၊ အခက်အနွယ်
သွယ်သွယ်တန်းတန်း
ကျောက်လက်ပန်းပွား၊ ရေစီးကြားတွင်
ရေးရေးမြင်ရ၊ ပင်လယ်ရောက်အောင်
ကျောက်ဆောင်ကိုပတ်၊ ကွေ့ကာဖြတ်လျက်
ရေနက်ရှိရာ၊ စီးဆင်းပါတည့်
မိုးခါရေလွှမ်း၊ စီးရေကြမ်းက
ငါးမန်းပေါက်စ၊ မြူးကြရေကျော်
မပျော်ပင်လယ်၊ စမ်းချောင်းငယ်ထဲ
တက်လာမြဲလျှင်၊ ပင်လယ်ငါးကြီး
ရေစီးကိုဆန်၊ မပြန်နိုင်ကြ
ကမ်းစရေစပ်၊ တွယ်ကပ်ခိုကာ
ဖွေရှာ ဒိုက်မြက်၊ မှော်ရွက်ကျူရိုး
ဖြတ်ချိုးစားသောက်၊ အခေါက်ခေါက်လျှင်
ကျောက်ပွင့်တို့ကြား၊ ပြေးလွှားပျံကူး
ဆောင်းဦးရောက်မှ၊ ဒီရေကျလျှင်
ပင်လယ်သို့ဆင်း၊ ရေခင်းသာရာ
ပျော်ကြောင်းရှာသည်၊ မေတ္တာစမ်းချောင်း
စိမ်းမောင်း လဲ့လဲ့ ကြည်ကြည်တည်း...။
(၄)
စမ်းချောင်းကွေ့ကောက်၊ လမ်းတစ်လျှောက်တွင်
ကျူပင် ကျူတော၊ ပြည့်ပြည့်ပေါစွ
မိုးကျ ဖက်ဆွတ်၊ ကျူကတွတ်တို့
ယိုင်ညွတ်စွေစွေ၊ လေနှင့်ယိမ်းက
မြင်တိုင်းလှလျက်၊ ခွာကြွဒုန်းစိုင်း
မြင်းအရိုင်းသို့၊ ကျူကိုင်းကျူရိုး
ယက္ကန်းထိုးလျက်၊ ပြိုးပြိုးပြောင်ပြောင်
နေရောင်ထဲတွင်၊ မိုးကောင်းကင်ကို
မာန်ဝင်အံတု၊ ထိလုလေနိုး
လေသံတိုးနှင့်၊ မြှောက်ပင့် ဝင့်ချီ
ကျူနီ ကျူပြာ၊ ကျူဝါ ကျူညို
စိမ်းစိုတောလုံး၊ မြရွက်ဖုံးတည့်
မဆုံးပါနိုင်၊ ကျူတောမြိုင်ကား
ရှည်လျားကျယ်ဝန်း၊ ရွှန်းရွှန်းလက်လက်
အရွက်စိပ်စိပ်၊ အရိပ်မိုးမိုး
ကျူပင်မျိုးစုံ၊ ဤရဂုံလျှင်
တောဝင်သူ့တွက်၊ ရှုပ်လိမ်ယှက်ကာ
ပြန်ထွက်လမ်းမှားလေအောင်
စိမ်းမှောင် မြမြ မှိုင်းမှိုင်းတည်း...။
(၅)
ကျူတောအလယ်၊ စမ်းချောင်းသွယ်လာ
ထိုနေရာကား၊ နှစ်ကြာရှည်လျား
သစ်မြစ်တွားကာ၊ ထွားထွားသန်ရှင်
'ဟုန်း' ပင်ကြီးကား၊ မားမားရပ်တည်
ရှိခဲ့သည်တည့်၊ ရေကြည် မြက်နု
အစာလုရင်း၊ ရေသောက်ဆင်းသော
တောတွင်းသားကောင်၊ တောတောင်အဝှမ်း
မောပန်းလေလျှင်၊ ခိုဝင်နား၍
'ဟုန်း' ပင်ရင်းမှ၊ ၊ ရေသောက်ရသည်
အေးမြ တင်းတိမ် ၊ ရိပ်ငြိမ် စခန်း ချရာတည်း...။
(၆)
ဤမြိုင်နက်ကား
သစ်ကျားအောင်းရာ၊ ခန်းသဉ္ဇာတည်း
နီဝါစိမ်းလက်၊ ကျူရွက်ကျူရိုး
မိုးယှက်ကွေ့လိမ်၊ ပင့်ကူအိမ်ဆောက်
သစ်ရွက်ခြောက်တွန့်၊ လေအလွန့်တွင်
ကကြိုးဆင်ကာ၊ သမင်ခြေရာ
စိုင်ခွာရေးရေး၊ ဆတ်ချိုသွေး၍
တောခွေးယုန်လိုက်၊ သားပိုက်ကောင်ပျော်
မျောက်လွှဲကျော်ပြင်၊ လူခေါ်သည့်နှယ်
သိုးငယ်တီတာ၊ ရှဥ့်ဝမ်းပြာတို့
ပြေးကာခုန်တက်၊ တောဝက်စောင့်နေ
ဝံပုလွေ ဖြူး၊ အုပ်လိုက်မြူးလျက်
ကြွက် ပူး ဂေဟာ၊ မြေတွင်းရှာ၍
မြွေပါ ဆိတ်သိုး၊ ခွေးကတိုးမြီးကောက်
သစ်ကျားပေါက်နှင့်၊ မျောက်ဝံ တောနွား
ကြောင်ပါး ကြောင်မြင်း၊ ကောင်ချင်းပြည့်ထပ်
သင်းခွေချပ်လည်း၊ ခေါင်းကပ်ဝှက်ထား
သစ်ပင်ဖျားထက်၊ ကွယ်ပုန်းတက်၏
မြေကြွက်တစ်အုပ်၊ လှုပ်လှုပ်လွှားလွှား
ကစားရွှင်မော၊ ဤမြိုင်တောလျှင်
စိမ်းလွင်လှပ၊ ဆန်းကြယ်စွတည့်
လောက သာမျိုး ဆင်လျက်တည်း...။
(၇)
ဤမြိုင်နက်ဝယ်၊ အန္တရာယ်သားကောင်
လွန်များမြောင်တည်း၊ လျှိုမြောင်တွင်းကြား
အမြီးလျားရှည်၊ မြည်သံစူးစူး
သူဦးကိုယ်သေ၊ ဝံပုလွေ ပြောင်
တွေ့မရှောင်ကြ၊ တောကြောင်လည်းလာ
ကြောင်နံ့သာနှင့်၊ ညိုဝါမြှောင်းရစ်
လုံးသွယ်ကျစ်သော၊ ကျားသစ် ဆင် ကျား
ခုန်လွှားချောင်းမြောင်း၊ ကျူတောစောင်းမှ
မာန်ဖီထ၏၊ ခွေးအ ခွေးဝံ
တောဖျံကြီးမား၊ ကမ်းနားထိပ်ထက်
သွားလာတက်၍၊ တောဝက်ပေါက်စ
ကိုက်ချီမ ကာ၊ ကျီစယ်လာတတ်
ရန်စတတ်၏၊ တောဆတ်သမင်
သစ်ဆင် သစ်နက်၊ တွင်းထွက်ဟင်းမျိုး
ရှဥ့်ကတိုးကို၊ အရိုးတခြား
အသားတစ်ကန့်၊ ဆွဲဆန့်ကိုက်ဝါး
ငုံခဲထား၍၊ ကစားတတ်သေး
အန်ထုတ်ထွေးလျက်၊ ပျော်တော်ဆက်ကြ
ဝက်ဝံနက်ထွား၊ သစ်ပင်ဖျားတွင်
ပျားအုံလက်ဆုပ်၊ ကိုင်ကာလှုပ်သည်
တောအုပ်ပဲ့တင်လွှမ်းမျှ သောင်းသောင်းညံဆူတည်း...။
(၈)
ဤမြိုင်တွင်းဝယ်
ပိန်ညင်းကြိုးကြာ၊ သာရကာနှင့်
ကတ္တဝါ စင်ရော်၊ ငှက်တော်လည်းစုံ
ဗွတ်ကလုံမျိုး၊ ဇီဝဇိုးငယ်
သပိတ်လွယ်ငှက်၊ တောကြက်ဒေါင်းနီ
လွမ်းတေးသီကာ၊ တစ်တီတူးကြူ
ငုံးလည်းဆူ၍၊ ဗျိုင်းဖြူတောကျီး
စာပုတီးနှင့်၊ ဇီးကွက် မယ်ညို
မ ဖို လည်ယှက်၊ စက္ကဝက် ပျံလွှား
ငှက်ခါး လင်းပြာ၊ ဟင်္သာ ပဲထွေး
ကြက်တူရွေးနှင့်၊ ရွှေကျေး လင်းဝက်
ဆက်ရက် ခါ ချိုး၊ လင်ကောင်ပိုးမှ
မိုးစွေ ဒီးဒုတ်၊ နှံပြီစုတ်ပြင်
ဘုတ်မ မြီးထောင်၊ ဖိုးခေါင်သိုက်ဆောက်
ငှပ်ပန်းကောက်နှင့်၊ သစ်တောက်လည်ရှည်
ရွှေပြည်စိုးဝါ၊ တျာတျာတျေတျေ
ငှက်ပုလွေသံ၊ တောလုံးညံလျက်
သစ်ရွက်စိမ်းစား၊ ဘောက်ခူကြားတွင်
ပိုးမွှားနှံကောင်၊ ချစ်ကြိုးနှောင်ကာ
ရွှေရောင်ပုလဲ၊ ဖြန့်ကာကြဲသို့
ပျံဝဲလိပ်ပြာ၊ ရှုခင်းသာသည်
ခါနွေ မိန်ဦး နန်းတော်တည်း။
(၉)
ဤမြိုင်နက်တွင်၊ ယောင်ယင်အောက်ချင်း
ရစ်မင်းတနွဲ၊ ရစ်ရစ်မဲတို့
သဲသဲညံညံ၊ ပင်ယံအထက်
ပျံဝဲတက်ကာ၊ ချိုးလင်းပြာနှင့်
တောင်ခါ ဘီလုံး၊ တောင်ငုံး ငှက်ဝါ
ကျေးတမာ ကျေးကျုတ်၊ ပန်းရည်စုပ်ငှက်
ပြည့်နှက်တောလုံး၊ ပြည့်ပြည့်ဖုံးမျှ
ဟိုမှ သည်ကူး၊ မြေလူး မိုးပျံ
ဘုတ်နှံ ချိုးသိန်း၊ ချိုးစိမ်း ချိုးနီ
တောင်ပီစူးငှက်၊ လည်ယှက်ရစ်နှောင်
ကုပ်ကလောင်မျိုး၊ ပုဇဉ်းထိုးတို့
ခြုံတိုးသိုက်ဆောက်၊ နှံကောင်ကောက်ရင်း
မြက်ခြောက်ကိုက်ချီ၊ မိုးရာသီတွက်
ဖြည့်စွက်ရိက္ခာ၊ ရှာဆဲသာတည့်
ငှက်ပြာ ငှက်ကျား၊ ငှက်ငနွားနှင့်
ငှက်ငါး ဝံပို၊ ဝံလို ဝံလူ
စွန်ခေါင်းဖြူလည်း၊ ရန်သူလိုက်ရှာ
မိုးအာကာနှံ့၊ တောင်ပံဖြန့်သော်
ကြောက်လန့် ပိန်ညင်း၊ သောင်တင်း မြစ်ထွေး
ဝေးရာပြေးကြ၊ တောအလှတွင်
သောကဖွဲ့ရာ၊ အလင်္ကာတည့်
အောင်စာ ငှက်သူး၊ ငှက်ဘီလူးနှင့်
စားကြူးကြမ်းကြုတ်၊ ခရုစုတ်တို့
ငါးခုတ်လိုက်ဖမ်း၊ သဲသောင်ကမ်း၏
စမ်းရေထဲမှာ၊ ရေငုပ်ကာဖြင့်
တံငါအသွင်၊ နှုတ်သီးငင်တည့်
ငါးမြင်သော်က၊ မြူးကြွ ရဲရဲရင့်ရင့်တည်း...။
(၁၀)
ဤစမ်းချောင်းတွင်၊ ရေချိုဝင်၍
ပင်လယ်နှင့်ဆက်၊ ရေငံတက်၏
ငါးနက်ပြာ ငါးသိုင်း၊ ငါးစင်ရိုင်းနှင့်
ငါးဒိုင်းခုန်မြူး၊ ငါးလူး ရေပေါ်
ရေမှော်ဆို့ပိတ်၊ ငါးသံချိတ်လျှင်
ရေမြုပ်ငင်လျက်၊ ပြိုးပြိုးပြက်မျှ
ငါးမျက်ဆံနီ၊ ကမ်းဆီပြေးကပ်
ငါးစင်စပ်လည်း၊ လှိုင်းဝပ်ရေတိမ်
အငြိမ်မနေ၊ စမ်းရေနှောက်ကာ
ဆော့မြူးပါကြ၊ ငါးပြေမ ငါးဖယ်
ဖော့နွယ်လိုက်စား၊ အမြီးဖျားဖြင့်
'ဖွား'ခနဲခတ်၊ ဆာလောင်ငတ်သည့်
ငါးဘတ်မဲမဲ၊ ပါးစပ်ဖြဲကာ
တွေ့ရာငါးသေး၊ အဝလွေး၏
ငါးရွေး ငါးထွေ၊ ငါးလေ ငါးလုံး
ရေဆုံးစမ်းမြှောင်၊ ရောယောင်ရေဆန်
ခုန်ပျံရှပ်တိုက်၊ ငါးရစ်လိုက်ကြ
ငါးဖားမ ငါးခူ၊ ငါးပူတင်းမျိုး
ငါးမြွေထိုးပြင်၊ ငါးရင်ပေါင်စာ
အကြေးဝါလည်း၊ လွန့်ကာစောင်းကွေ့
အစာတွေ့က၊ စွေ့စွေ့သုတ်ထိုး
ငါးဖောင်ရိုးရှည်၊ ရေလည်အုပ်ဖွဲ့
ရေကြောင်းချဲ့ရင်း၊ ငါးမြင်းအုပ်ဖား
ကိုင်းဖတ်စားလျက်၊ ငါးပြက်ဝင်းဝင်း
ငါးမြင်းကြေးပြောက်၊ ငါးကြင်းစောက်တို့
ယောက်ယက်လူးလာ၊ မြူးကာဝေ့ဝဲ
ဒိုက်ဖုတ်ဆွဲကြ၊ ငါးခုံးမနှင့်
မြီးခွချွန်းထောင်၊ လက်လက်ပြောင်သည့်
ငါးယောင် ငါးကြောင်း၊ ငါးဖယ်အောင်းလည်း
ငါးကျည်းအုပ်ထဲ၊ မဝင်ရဲ၍
လမ်းလွှဲဖယ်ကာ၊ ရှောင်တိမ်းပါတည့်
ရေပြည့်စမ်းတွင်း၊ ငါးမြစ်ချင်းနှင့်
ငါးမြင်းလှည့်ပတ်၊ ငါးပျတ် ငါးပျံ
ရေသံမပြု၊ သင်းအုပ်စုလျက်
ငါးနူသန်းစူစူ၊ ငါးဘဲဖြူပြင်
ငါးခူကောင်ရိုင်း၊ ငါးရံ့ဒိုင်းတို့
ရေလှိုင်းကန်တော့၊ ဝဲပျံဆော့သော်
ငါးပနော်ပြေးပျောက်၊ ငါးလိပ်ကျောက်လည်း
ရေနောက်ရွှံ့တွင်း၊ ဦးစိုက်ဆင်း၍
ငါးဖျင်းသလက်၊ ပလုံပွက်ပြန်
ငါးတန်လည်းရဲ၊ ငါးသလဲထိုး
သဲစပ်တိုးလျက်၊ ဂယက်တွန့်တွန့်
ကွန့်ကွန့်ဝိုင်းဖြာ၊ ရေခင်းသာသည်
လာမြရောင် နီစိမ်းမှောင် ပြာပြာညို့ညို့တည်း။
(၁၁)
ဤစမ်းနက်တွင်၊ ကြည်လင်ပျပျ
မြင်နေရသည့်၊ မွမွပြန့်ကျဲ
အတွဲလိုက်စု၊ ခရုမှင်စာ
ကျောက်လွှာကပ်ငြိ၊ ဖမ်းမမိနိုင်
ခန်းအိုင်ချောင်းစွန်း၊ ဗိုင်းလွန်းခရု
ကျောက်နုသဲမြေ၊ ခိုတွယ်နေလျက်
ခရုကွက် ခရုပုပ်၊ ရေစပ်မြုပ်ဝင်
ခရုဖင်လိမ်၊ သဲအိမ်လမ်းဖောက်
ခရုပြောက်များ၊ ခရုယားတို့
ကျောက်ကြားဝင်တိုး၊ ခရုအိုးဇီ
စိန်စီသန္တာ၊ ရောင်စုံဖြာသို့
ဟိုမှာတစ်ခု၊ သည်တစ်စုဖြင့်
မှော်ပွင့်ထွေးရော၊ ရေမျောခရု
ရှပ်ခရုနှင့်၊ ခရုမျက်ပြဲ
ကျောက်ခဲလိုလို၊ ခရုညိုကြား
ရေညှိစားလျက်၊ ကမ်းပါးသို့ရွှေ့
ရန်သူတွေ့လျှင်၊ သစ်ပင်တွယ်ကပ်
သူတက်တတ်၏၊ မရပ်မနား
လွှားလွှားလွန့်လွန့်၊ ကွေးတွန့်မနှေး
နှုတ်ခမ်းမွေးထောင်၊ မြစိမ်းရောင်ဆင်
ဇီဇင်ခရု၊ ဝိုင်းပုပုလည်း
ခရုသဘီ၊ တွဲခိုမှီတည့်
ရေနီရေဝါ၊ လဲ့လဲ့ပြာတွင်
နတ်စာခရု၊ နေရာလုလျက်
ခရုကျောက်မှောက်၊ စမ်းရေအောက်တွင်
တိုးလျှိုမြင်ရ၊ ခရုဆင်နှာမောင်း
နဂါးခေါင်းနှင့်၊ ရောပေါင်းထပ်စု
ခရုကတုံး၊ ဒိုက်ပင်ဖုံးလျက်
ခရုရွက်တိုက်၊ မျဉ်းငိုက်နေဟန်
ခရုကြန်လည်း၊ ရေဆန်တိုးဖောက်
ကူးပျောက်ငုံ့ဆင်း၊ ဤမှုခင်းသည်
မြိုင်မင်းတောနက်
အလှကျက်သရေ ဆောင်သတည်း။
(၁၂)
ဤမြိုင်ချာတွင်
ပန်းပင်ရောင်စုံ၊ သင်းသင်းထုံ၍
ရဂုံကျက်သရေ၊ တင့်မောလေဘိ
ပန်းရွှေစကားဝါ၊ နေကြာပွင့်ကား
ရွှေလှေခါးနှင့်၊ ဝင့်ကြွားသရဖီ
တောနှင်းဆီရိုင်း၊ မြေသို့ကိုင်းညွတ်
အိပ်မလွတ်ချေ၊ မိုးမျှော်သစ်ခွ
ရေသောက်ထကာ၊ ဇီဇဝါ နှင်းပန်း
မြိုင်ဒါန်းသော်မော်၊ ဂန့်ဂေါ်မွှေးကြိုင်
မခူးနိုင်အောင်၊ ဂီဝါရောင်တောက်
ကြက်မောက် မဉ္ဇူ၊ သင်းကြူသော်က
ဒေါနကြည်ပြာ၊ ဆလတ်ဝါနွယ်
ခတ္တာသွယ်၍၊ စပယ် ဂမုန်း
ကွယ်ပုန်းစွယ်တော်၊ အကျော် ကရမက်
ရောစွက်သင်ပေါင်း၊ ပန်းခေါင်းလောင်းစွဲ
ခိုင်ခိုင်တွဲသည့်၊ နီရဲအင်ကြင်း
ဇင်မင်းခေါင်ရန်း၊ ဤမြိုင်လမ်းသည်
လွမ်းဖွယ် တောလား သစ်သစ်တည်း။
(၁၃)
ဤမြိုင်လမ်းဝယ်
စားဖွယ်ဖြီးဖြီး၊ သစ်သီးပြွတ်ပြွတ်
သပွတ်တွဲတွဲ၊ ဖရဲကြွားကြွား
သခွားမှည့်မှည့်၊ သစ်အယ်ဆန်းဆန်း
သဖန်းဝါဝါ၊ ဩဇာစိမ်းစိမ်း
နွဲ့နွဲ့ယိမ်းသား၊ စောင်းလျားချွန်းချွန်း
ကင်ပွန်းဝေဝေ၊ မင်းဂွတ်ခက်ခက်
သရက်ပေါပေါ၊ ငှက်ပျောဖီးဖီး
ပန်းသီးခိုင်ခိုင်၊ မဆွတ်နိုင်ရာ
မာလကာသန့်သန့်၊ ဒန့်သလွန်မြှောင်မြှောင်
ကြောင်လျှာလျားလျား၊ ကြက်ဟင်းခါးမျိုး
ကနစိုးပြွမ်းပြွမ်း၊ မရမ်းစုံစုံ
ဖရုံရွဲရွဲ၊ သလဲပျော်ပျော်
လိမ္မော်မောက်မောက်၊ သစ်ထောက်ကိုင်းကိုင်း
အင်တိုင်းဖားဖား၊ ဝါးမြစ်နုနု
မျောက်ဥလည်းပေါ၊ ဤမြိုင်တောသည်
သာမော ချမ်းမြေ့ ရိပ်မြုံတည်း...။
(၁၄)
မိုးကောင်းကင်ပြာ၊ တိမ်ပဝါလည်း
နီလာစိမ်းဖန့်၊ ခြုံလွှာဖြန့်၍
သက်တန့်စက်ဝိုင်း၊ ကကြိုးဇာတ်ဆင်
ပမာထင်ရ၊ မင်းလွင်တိမ်တောင်
ပြာရောင်ညို့ညို့၊ ဆိုင်းဆိုင်းဆို့နီ
ပုစွန်ဆီသွေး၊ ပန်းချီရေးဟန်
သဏ္ဌာန်ခြယ်ထား၊ တိုးနယားရုပ်
ခေါင်းလှုပ်လီလဲ့၊ လည်ပြန်နွဲ့ကာ
သန္တာခြူးပန်း၊ ပိုးယက္ကန်းအိမ်
နဂါးလိမ်တည်း၊ တင်းတိမ်မြိတ်စ
လျောတိုက်ချသို့၊ စမ်းမြရေတွင်
အရိပ်ထင်ခိုက်၊ သမင်ဖြတ်ပြေး
ခြေဆတ်ကွေးသော်၊ လှိုင်းဖွေးဖွေးတွန့်
ဝေးဝေးကွန့်ဖြာ၊ စမ်းရေပြာသည်
လင်္ကာရွတ်ဆိုနေယောင်တည်း။
(၁၅)
စမ်းချောင်းသာမော၊ ကျူပင်တောနှင့်
သောသောသောင်သောင်၊ သားကောင်ပြည့်နှက်
ကျေးငှက်စီစီ၊ တွတ်တွတ်တီကာ
ဝတ်လွှာသင်းထုံ၊ ပန်းစုံကြိုင်ကြိုင်
သီးခိုင်တွဲတွဲ၊ ဆိုင်းဆိုင်းဆွဲ၍
ထူးကဲရသာ၊ မြေဩဇာဝယ်
အဘယ်သို့မျှ၊ လှပမှုကင်း
အဆင်းမပြောင်၊ အရောင်လည်းမွဲ
ကြိုးကြဲကြဲဖြင့်၊ မြေထဲတွင်လူး
ပွင့်ဖူးမလွယ်၊ မျက်နှာငယ်စွ
"အညတရ"ဟု၊ နှင်းသ ဘွဲ့ချီ
ရခဲ့ပြီတည့်၊ မြေဆီမြေနှစ်
တွယ်ကာရစ်၍၊ အမြစ်ပင်မ
ထောင်းထောင်းကြွသည့်၊ ရသမျိုးကြွယ်
"မြင်းခွာနွယ်"သည်၊ နှင်းရည်သောက်ရင်း
အားမာန်တင်းကာ၊ ဤကမ္ဘာကို
သစ္စာစောင့်သိတတ်သူတည်း။
(၁၆)
"အညတြ"ဟု၊ ဆိုကြသွယ်သွယ်
မြင်းခွာနွယ်လျှင်၊ ဆေးမျိုးပင်တည်း
မြေပြင်မြသား၊ အညွန့်တွား၍
ထွားထွားရှင်သန်၊ ရာသီဒဏ်မှ
ရုန်းကန်တိုးထွက်၊ ပင်မျိုးဆက်သည်
ခက်ခက်ဝေဝေရွှန်းရွှန်းတည်း။
(၁၇)
သူ့အမြစ်လည်း၊ ဆေးစစ်တော်ဝင်
သမားကြင်သည့်၊ သန့်စင် ဩဇာ
ပြည့်ဝပါသော၊ မဟာဇီဝ
ရှေးက နန်းသုံး၊ ကျမ်းထုံးစံမီ
မြေဆီရောစု၊ ဖွဲ့စည်းပြုသည့်
အာယုသက်ရှည် ဆေးမျိုးတည်း။
(၁၈)
သူ့အနွယ်မူ၊ ခေါင်းထူမရ
သောကချောက်ချား၊ စိတ်အားငယ်ခိုက်
သည်းခြေကြိုက်လျက်၊ သွေးပျက်အားနည်း
ချွေးလည်းပိတ်ဆို့၊ ရင်ပျို့ရင်ကယ်
ပျောက်ကင်းလွယ်၏၊ ဆေးနွယ်တစ်ပါး
ဘိုးဘွားဘီဘင်၊ ရှေးယခင်က
ဗီဇမျိုးစစ်၊ နွမ်းမညစ်ပြီ
စွမ်းသစ် ထာဝရ အမြဲအစဉ်တည်း။
(၁၉)
သူ့အညွန့်ကား၊ အဓွန့်ရှည်ကြာ
စွဲကပ်လာသည့်၊ ရောဂါဟူက
ပျောက်ကင်းရ၏၊ ရင်ဝမြားစူး
သွေးလူးလူးဖြင့်၊ မိန်းမူးနေသူ
ဖြစ်လေမူဘိ၊ သွေးဆူ ကြောတက်
ဝမ်းပျက် အားခန်း၊ တေဇောကျွမ်းလျှင်
စွမ်းအက်ထက်မြက်၊ ဆေးတစ်ခွက်ဖြင့်
အသက်ကယ်ဆယ်နိုင်သည်တည်း။
(၂၀)
သူ့အဖူးလျှင်၊ မူးဝေဦးနှောက်
ရွံ့ကြောက်စိုးရိမ်၊ ခန္ဓာနွမ်းကြေ
တွေဝေပျင်းရိ၊ ရောဂါဖိလျက်
ဆီးပျက်ဓာတ်ယွင်း၊ သွေးကြင်ဆင်းက
မြင်းခွာဖူးတွင်၊ ပျားရည်တင်လဲ
ဆတူကဲက၊ ဆီးမြဲမှန်မှန်
ဆင်းကြန်အင်္ဂါ၊ ရွှေရောင်ဖြာ၍
ကျန်းမာသန်စွမ်း၊ ပျိုမျစ်လန်းသည်
ဆေးကျမ်းဆိုညွှန်း တော်လွန်းတည်း။
(၂၁)
သူ့အရွက်လည်း၊ တုဘက်စံလွန်
ဟင်းလျာမွန်တည့်၊ ကျေးကျွန်လည်းစား
မင်းတြားလည်းကြိုက်၊ လျှာရင်းခိုက်အောင်
ရသာဆောင်လျက်၊ ငှက်လည်းကြုံစား
ကျေးများခုံမင်၊ ရသာဝင်လည်း
တောပင်အရိုင်း၊ ချုံတစ်ပိုင်းဟု
ကျောခိုင်းစွန့်ပစ် ဝေးဝေးတည်း။
(၂၂)
ပဉ္စငါးပါး၊ ရောစုစားက
အင်အားလည်းမည်၊ သက်လည်းရှည်လျက်
လက်နက်ချင်းပြိုင်၊ သူသာနိုင်၏
စိတ်ခိုင် ရုပ်ကြမ်း၊ အောင်စိတ်လွှမ်းဟု
စာကျမ်းထိုထို၊ ဆို၍မကုန်
ဂဠုန်အင်အား၊ နဂါးသို့မြန်
စွမ်းမာန်ထက်မြက်၊ သမားမက်၍
အရွက်အမြစ်၊ နွယ်ဆစ်မြေလူး
အဖူးညွန့်တိုင်၊ ဩဇာပိုင်လည်း
တောမြိုင်ထဲဝယ်၊ မျက်နှာငယ်သည်
ချုံကွယ် မြက်ရိုင်း ဖုံးလျက်တည်း။
(၂၃)
ဝင်္ဂသေန၊ ဘေသဇ္ဇနှင့်
ဓန္နန္တရီ၊ ရှေးအတီက
ဆေးကျမ်းလှပြင်၊ သိဒ္ဓိယောဂ
ကာယဝေဒနိ၊ ရှိရှိသောကျမ်း
အံ့မခန်းမျှ၊ ချီးမွမ်းကြလျက်
မြရွက်စိမ်းဖြာ၊ ဤမြင်းခွာနွယ်
နိဒါန်းသွယ်ကာ၊ အကျယ်တဝင့်
ချီးမြှောက်ပင့်၍၊ ဖွင့်ခဲ့ဆိုညွှန်း
မော်ကွန်းလည်းဝင်၊ အပင်သေးသေး
မမွှေးမကြိုင်၊ မလှိုင်ရနံ့
မပျံ့မညှင်း၊ အဆင်းမလှ
မသင်းမြလည်း၊ လောကလူသား
မျက်ကွယ်ထားကာ၊ တောကြားတွင်နေ
တောမြေတွင်ပေါက်၊ တောရေသောက်လျက်
တောရွက်စိမ်းဆင်၊ တောကိုမင်သည်
အသင် အံ့ဖွယ် ထီးထီးတကား။
(၂၄)
"အာဒိတျဝလ္လရီ"၊ အနက်စီလျက်
စိမ်းလက်ရောင်လွင်၊ နတ်ဆေးပင်သည်
နေရောင်ခြည်အား၊ စွမ်းပကားရှိ
ဆိုလေဘိခဲ့၊ "သူရိယပိယာ"
နေထွက်ရာဘက်၊ သူ့အရွက်တို့
လှည်လျက်ပေါက်ရှာ၊ "ဝယဠာ"လျှင်
အရွက်တင်သော၊ စာအဟောတည့်
"သုခေါဗ္ဘဝါ"၊ ချမ်းသာခြင်းပေး
သက်ရှည်ဆေးဟု၊ မှတ်တမ်းပြုသား
"မဏ္ဍုပဏ္ဏီ"၊ အနက်စီလျှင်
ဖားငယ်သွင်မျှ၊ ဗီဇမျိုးဆက်
အရွက်လည်းရှိ၊ "မစ္ဆက္ခိ"မူ
မျက်စိပုံသွန်း၊ ငါးအဝန်းနှယ်
သေးငယ်ဖူးဆင့်၊ အပွင့် အသီး
မြေကြီးဩဇာ၊ တင်စားပါသည်
မဟာဆေးကျမ်းပေါင်းစုံအဆိုတည်း။
(၂၅)
ဤလောကတွင်
အလှကိုသာ၊ ရှာကြပါတည့်
သစ္စာတရား၊ မြင်သူရှား၍
ပျက်ပြားကွယ်ပျောက်၊ ရမ္မက်နောက်သို့
တကောက်ကောက်လိုက်၊ အမှောင်မိုက်တွင်း
ခုန်ချဆင်းပြီး၊ အလင်းမတွေ့
ဓလေ့သော့သွမ်း၊ ဘဝလမ်းကား
ကြမ်တမ်းရက်စက်၊ မာကျောခက်ကြ
မြေထက်ညွန့်သွယ်၊ "မြင်းခွာနွယ်"၏
အံ့ဖွယ်ရောပြွမ်း၊ ဤဇာတ်လမ်းကို
မှတ်တမ်းကဗျာ၊ တင်ဆက်ပါမည်
သစ္စာအမြုတေ
ရှာဖွေတွေ့နိုင်ပါစေသတည်း။
(၂၆)
သစ်ခုတ်သမား၊ လူရမ်းကားတို့
လွှဖြားတစ်ဆုံး၊ ပခုံးနိမ့်ကြွ
တိုက်ဖြတ်ကြကြောင့်၊ လဲကျကျွန်းပင်
ယိမ်းထိုးငင်၍၊ မြေပြင်တုန်ဟီး
သစ်လုံးကြီးတို့၊ ဖိစီးပြားဝင်
မြင်းခွာပင်ကား၊ သူ့အားသူ့မာန်
ကြံ့ကြံ့ခံလျက်၊ ရုန်းကန်မြေမှ
အမြစ်ကြွကာ၊ ရှင်သန်လာသည်
ဘယ်မှာ မျိုးဆက် တုံးအံနည်း။
(၂၇)
သိုးကျောင်းသားလည်း၊ ကျားရန်တွေးကြောက်
ချွေးပေါက်ပေါက်ဖြင့်၊ သိုးပျောက်လိုက်ရှာ
သည်မြိုင်ချာတွင်၊ မြင်းခွာနွယ်ခက်
နင်းကျော်တက်လည်း၊ တိုးထွက်အညွန့်
ယှက်ဖြာကွန့်၍၊ လူးလွန့်လန်းလန်း
တောပန်းနွယ်ပင်၊ သန့်သန့်စင်သည်
မြေတွင် ခေါင်းမော့ လျက်သာတည်း။
(၂၈)
ဒေါသစိတ်တို၊ မုန်ယိုကြိုးပြတ်
ဆင်ထိန်းသတ်၍၊ ထူးခတ်မနိုင်
ကျွန်းတိုင်သစ်ချောင်း၊ သူ့နှာမောင်းဖြင့်
ထောင်းထောင်းဖွင့်ကာ၊ ကျုံးလွတ်လာသည်
သေလာတောဆင်၊ မြင်းခွာပင်ကို
တိုးဝင်မြိုင်ရပ်၊ ခွာဖြင့်ရှပ်ကာ
နင်းမိပါလည်း၊ ပင်ညှာညွတ်ခွေ
နွမ်းမသေဘဲ၊ အားယူထသည်
ရွှန်းပ ဝင့်ကြွား လျက်ပင်တည်း။
(၂၉)
အစွယ်အားကိုး၊ တောနက်လျှိုးသည့်
ကျားဆိုးမာန်ဖီ၊ မျက်လုံးနီလျက်
ကိုက်ချီခဲ့လေ၊ သမင်သေကို
မြေတွင်အိပ်လှဲ၊ တရွတ်ဆွဲသော်
ညွတ်တွဲယိမ်းငင်၊ မြင်းခွာပင်သည်
နာကျင်ပြင်းပြ၊ ယိုင်လဲကျလည်း
ထောင်ထလျင်မြန်၊ လေဟုန်ဆန်လျက်
ရှင်သန်နေမြဲသာပင်တည်း။
(၃၀)
နယ်ကျွံသည့်ကျွဲ၊ သင်းအုပ်ကွဲ၍
တဝဲလည်လည်၊ လမ်းသွယ်လမ်းကောက်
ခြေရာပျောက်ကာ၊ တောမှားလာလျက်
စိမ်းရွက်ရောင်ဆင်၊ မြင်းခွာပင်ကို
မမြင်ဘိချင်း၊ ခြေဖြင့်နင်းလည်း
မြင်းခွာပင်မူ၊ ဗွေမယူတည့်
ခေါင်းထူကြွားကြွား၊ သူ့စွမ်းအားဖြင့်
မားမားမြင့်လျက်သာပင်တည်း။
(၃၁)
တောလိုက်မုဆိုး၊ ချုံနွယ်တိုး၍
တွေ့နိုးခြေရာ၊ သားကောင်ရှာစဉ်
မထင်မှတ်လိုက်၊ ခလုတ်တိုက်လည်း
ယိမ်းငိုက်နွယ်ပင်၊ ရှင်မြဲရှင်၍
မြေတွင်လွန့်ကာ၊ အညွန့်ဖြာသည်
ဘယ်မှာကြေပြုန်းနိုင်အံ့တည်း။
(၃၂)
တစ်ရံခါသော်၊ နောင်တော်ညီရင်း
စစ်ပွဲခင်း၍၊ ဆင် မြင်း ရထား
စစ်သားဗိုလ်ခြေ၊ သောင်းသောင်းသေအောင်
သွေးမြေယိုစီး၊ လည်လှီး ဇက်ဖြတ်
ဒေါသဇာတ်ကြောင့်၊ လူသတ်ဓားမှ
ယိုဖိတ်ကျသည့်၊ သွေးစတို့လျှင်
မြင်းခွာပင်ကို၊ စွန်းထင်ခဲ့သေး
ညစ်ညစ်ထေးလည်း၊ သွေးအိုင်ထဲမှ
ခေါင်းထောင်ကြွလျက်၊ ရုန်းထလူးလွန့်
မျိုးဆက်ကွန့်၍၊ မြညွန့်စိမ်းစိမ်း
လေဝယ်ယိမ်းကာ၊ နွဲ့ညွတ်ဖြာသည်
မြိုင်သာရှုခင်းလှတွင် မားမားမတ်မတ်တည်း။
(၃၃)
မြိုင်သာရှုခင်း၊ တောနက်တွင်းဝယ်
ဤမြင်းခွာပင်၊ မထင်မရှား
ရှင်သန်ထွားခဲ့၊ ကြီးမားသစ်ပင်
ဆေးဝင်သစ်တော၊ ဂမုန်းပေါကာ
ပိန်းတောသစ်ခွ၊ ကြိမ်မနွယ်ရော
ငှက်ပျောကျပ်ခဲ၊ မှို ပဲ နှမ်းမျိုး
တောလုံးမိုးလျက်၊ မြက်ပင်ပြန့်ပွား
ဝါးလည်းရှုပ်ထွေး၊ ယုန်မပြေးသာ
ရွက်လွှာဖားဖား၊ ပိုးမွှားတစ်သွယ်
ပျားငယ် လိပ်ပြာ၊ ပျံဝဲပါကြ
အနန္တ အသင်္ချေ၊ တွက်ရေသော်က
ဂဏန်းချလည်း၊ ဆုံးစ ဘယ်မှာ
ကုန်နိုင်ပါလိမ့်၊ မြေလွှာ မြေအောက်
တွင်းဖောက်အိမ်နှယ်၊ တွယ်၍တစ်မျိုး
တိုး၍တစ်ဖုံ၊ ကင်းစုံမြွေဟောက်
မြေလျှောက်နွယ်တန်း၊ အဆန်းဆန်းလျှင်
မြိုင်နန်းသေလာ၊ ဟေမဝါသည်
ဝေဖြာ စိမ်းစိမ်းလွင့်လွင့် လွှမ်းလွှမ်းတည်း။
(၃၄)
ဤမြိုင်မင်းဝယ်၊ ယင်းတိုက် ယင်းမာ
မြရာ ဘန့်ဘွေး၊ ညောင် ရွေး လွန်းဖို
ထနောင်းညိုမှ၊ မျောက်ငို မျောက်ချော
သစ်နန်းတောတည့်၊ ပေါများပြည့်လျှံ
ဖလံ ဇောင်းချမ်း၊ ဇင်ပြွန်း ကြက်ရိုး
သစ်ကတိုးပြင်၊ သင်းဝင်ဖက်သန်း
သမလန်း ထောက်ရှာ၊ တောင်တမာနှင့်
သစ်ရာ သစ်စိမ့်၊ တောလုံးငြိမ့်မျှ
ဒွပုပ် ဒွနီ၊ မဲဇလီရောပေါင်း
ကျွန်းခေါင်း ကျွန်းညို၊ ကျွန်းဖို ဖက်ဝန်း
စစ် သန်း ဥန္နဲ၊ တောင်သလဲတို့
ဖြိုလှဲမနိုင်၊ မုန်တိုင်လက်ထုတ်
ဒီးဒုတ် ဒီးဒူ၊ ကညင်ဖြူနင့်
မအူကတုံး၊ တစ်တောလုံးကား
အဖျားချင်းထိ၊ ကိုင်းယှက်ပိ၍
ရွက်အိညွတ်ကျ၊ မဒမနှော
ပေါက်တော တမာ၊ စန္ဒဝါ ကသစ်
ချဉ်ပျစ် ချဉ်ယုတ်၊ သစ်ပုပ် နကြယ်
ကြို့ တယ် ကန့်ကော်၊ ဝက်လျှော် သံဒေ
ဇောင်ပလွေ သခွတ်၊ ဒဟပ် သစ်ခါး
တောလုံးကြွားလျက်၊ ဆီး ရှား သပြု
ငုနှင့်တမာ၊ ကိုင်းဖြာခက်ညွန့်
မိုးသို့လွန့်သား၊ ဖန်ခါး ပိတောက်
မှိုက်ချောက် စစ်စေး၊ ဆိတ်ချေး လိန်ပင်
ကျည်း အင် ပျဉ်းရိုး၊ ပျဉ်းကတိုးပင်အို
ကနစိုတစ်ထွေ၊ ယမနေလည်း
မြေရှိရာရာ၊ အမြစ်ဖြာလျက်
အရွက်ဖြီးဖြီး၊ တောဆီးယှက်ပြွမ်း
မိုးအုပ်လွှမ်းတည့်၊ သစ်ကြမ်း တတီ
ကညင်နီ နရွဲ၊ ပြွတ်သိပ်ခဲသည်
ခုတ်လှဲမနိုင်
အပြိုင်အဆိုင် ပေါက်လျက်တည်း...။
(၃၅)
ဤမြိုင်စောင်းဝယ်၊ အနွယ်ရောစု
ဥနှင့်ရောယှက်၊ ဆေးဖက်မျိုးဝင်
သမားမင်သော၊ သစ်ပင်ပေါစုံ
ဥုံတုံ ပန္နု၊ ပန်းဥ ပန်းလဲ
အော်လဲသစ်စိမ့်၊ အနိမ့်အမြင့်
အဆင့်ဆင့်လျှင်၊ သစ်ဝင်ပေါက်ဖြူ
အလိုကြူလေးညှင်း၊ သင်းတမြမြ
ဆွတ်ကြိုင်လှစွာ၊ လေဆောင်ရာလွင့်
လေသင့်ရာမွှေး၊ ကရဝေးပျံ့ကြူ
စန္ဒကူး နံ့သာ၊ မြိုင်လုံးဖြာသား
ဖာလာ ကန့်ဘလူ၊ တောဟူသမျှ
မြင်တိုင်းလှလျက်၊ မျှော်က မဆုံး
တောလုံးပြည့်မှောင်၊ ပိတ်ဖွဲ့ယောင်တည့်
တောင်နံကတိုး၊ သစ်ကြမ်းပိုး ပိတ်ချင်း
သက်ရင်း ပွေးကိုင်း၊ ဆိုင်းဆိုင်း အုပ်အုပ်
လက်ခုပ် ဖွားဖက်၊ အရွက်စိုစိမ်း
ယိမ်းလိုက်လှုပ်ခါ၊ ဇီယာကပ္ဖိုလ်
ဇာဒိပ္ဖိုလ်နှင့်၊ အပွင့် အဖူး
ခူး၍မကုန်၊ စမုန်ကြူကြူ
နီဖြူရောယှက်၊ ညိုနက်တစ်မျိုး
လေတိုးတိုင်းလျှင်၊ ရနံ့လွင်လျက်
ဆင်သမနွယ်၊ မြိုင်လုံးသွယ်ဘိ
မဏိဩဃ၊ သမကနှင့်
ဘုမ္မရာဇာ၊ ကွတ္ကရာ ပန်းမ
ပင်လုံးကြွမောက်၊ ဆီမီးတောက် ကလိန်
ဖုမ္ပသိန်ပြင်၊ စစ်သိန်ယင်းပြား
ဆောင်မေခါး တစ်လီ၊ ဇော်ဂျီဦးထုပ်
ကြက်မအုပ်မှ၊ ရွက်ဆုပ်ကြမ်းကြမ်း
မြရောင်လွှမ်းကြ၊ ကတြ သင်္ချေ
လိပ်စရွေ တစ်နွှဲ၊ ဆေးပုလဲကျော်
ပျဉ်းတော်သိမ်ပန်းရင်း၊ အပင်ချင်းမို့
အရိုးချင်းသွယ်၊ အနွယ်ချင်းရစ်
ဧကရာဇ်ပင်ထွဋ်၊ စမွှတ်ပင်ဆက်
ဆူးခေါက်နက်တို့၊ သူ့ထက်ငါစွမ်း
တောလမ်းသာထွေ၊ ပေါပြည့်လေတည့်
ငပြေရင် ငစိုင်ရင်၊ ဆေးကျမ်းဝင်သော
ကလောသီးပေါင်း၊ မြင်းနှာခေါင်းယောင်
မြိုင်နှံ့အောင်မျှ၊ တောင်နံကြီးမျိုး
ပန်းကတိုးဝေစီ၊ ကန့်ကြုတ်နီစွက်
ကရမက် ပင်လူး၊ စန္ဓကူး နီ ဖြူ
မြင်သူအံ့မော၊ ဤမြိုင်တောကား
သမားဝိဇ္ဇာ၊ စုဝေးရာသို့
မဟာတက္ကသိုလ်ဆေးကျောင်းနှယ်သာတည်း။
(၃၆)
သည်မြိုင်တောဝယ်၊ ရသာကြွယ်သော
စားပင်ပေါစွ၊ ပီလောချိုသင်း
ဟင်းနုနွယ်စိမ်း၊ တောယိမ်းဇာတ်တိုက်
စည်းဝါးကိုက်အောင်၊ ဖလံတောင်ဝှေး
နွယ်မွှေး မှိုနတို၊ ပြည်ပန်းညိုတို့
လေကို မြှူစ၊ ကဟန်လှုပ်ချီ
ကင်းပုန်နီသီး၊ နတ်စည်တီးသို့
လုံးကြီးလုံးငယ်၊ ဆိုင်းတန်းသွယ်၍
နတ်မယ်ဆွေကျော့၊ ကနဖော့လည်း
လေသော့တိုင်းသာ၊ ရှက်သွေးဖြာလျက်
မျက်နှာဝှက်ထား၊ ပဝါပါးဖြင့်
ဆူးခါးလူးကြမ်း၊ ပွေ့ကာဖမ်းသော်
မနမ်းနိုင်အောင်၊ တိမ်းရှောင်သလော
ပဒဲကော ဂုံမင်း၊ သရက်ကင်းဝါ
ဟင်္ဂလာနှင့်၊ တောက်တာကညွတ်
အာတာလွတ်တို့၊ ဆွတ်တော့မနိုင်
ပင်တိုင် ထိကရုံး၊ ရွက်ပုန်းထောင်ထ
ယောက္ခမရှုပ်ထွေး၊ ဟင်းမွှေး မိတ်သလင်
ချစ်ကျွမ်းဝင်ကြ၊ သန့်စင်ပိုးဇာ
ပန်းမုန်လာရွက်၊ ဒန်းပုခက်စီး
ရေသကြီးသွယ်သွယ်၊ ကောက်ရိုးနွယ်လိမ်
နန်းအိမ်တည်ဆောက်၊ ရွှေလမ်းဖောက်သည်
စိန်ကျောက်နီလာ၊ ပြိုင်ရာ ရှုံးလိမ့် မနိုင်တည်း။
(၃၇)
ဤမြိုင်တောဝယ်၊ ရွှေရောင်သွယ်သည့်
ပန်းနွယ်ဂမုန်း၊ ဒေါင်းဂမုန်းမှ
ဂမုန်းကိန္နရာ၊ လေမလာဘဲ
နွဲ့ကာယိမ်းဟန်၊ ဂမုန်းရန်မီး
ငှက်ကျေးမြီးနှင့်၊ ဖီးဖီးရွက်ဝိုင်း
ညွတ်ဖြာဆိုင်းလျက်၊ အခက်ခက်မျှ
အရွက်ချင်းထပ်၊ ကပ်၍တစ်သွယ်
နွယ်၍ရစ်ရစ်၊ အဆစ်ဆစ်လျှင်
အမြစ်ထွားထွား၊ စကားဂမုန်း
နှင်းဂမုန်းပြင်၊ ဂေါ်သဇင်တို့
လေတွင်လွင့်ပျံ၊ ရွှေဝတ်ဆံကူး
မြဖူးဝါရွှေ၊ သင်းဝေဆွတ်ပျံ့
တောလုံးနှံ့မျှ၊ ဂမုန်းမနှင့်
ခြကောင်ရန်လွတ်၊ ကြညွတ်ဆိတ်နား
ကွမ်းစားဂမုန်း၊ ညှင်းဂမုန်းမြိုင်
နွယ်ချင်းဆိုင်လျက်၊ ညွန့်ရှည်တက်ကာ
ကြွက်မြီး ကြွက်လျှာ၊ ခတ္တာ ရွှေဖြူ
လှိုင်ကြူ နှင်းပန်း၊ လဝန်းငွေမှော်
မြူကျော်ကတိုး၊ ဂမုန်းမျိုးရော
အနှောနှောတည့်၊ တောခွင်မြိုင်နက်
ပန်းချင်းဆက်ကာ၊ ဧည့်လာ ဧည့်လန်
ဂမုန်းရန်လွတ်၊ ဖြူဆွတ်ကွက်ပြောက်
အပြာနှောက်သည့်၊ နှင်းသောက်ရွက်ထွား
စိန်လှံသွားသို့၊ နဂါးဂမုန်း
ပန်းစားစုန်းနှင့်၊ ဂမုန်းကိုယ်ကြီး
ကြက်တောင်စည်းနွယ်၊ သက်ကယ်ဂမုန်း
မျှော်မဆုံးချေ၊ ဂမုန်းဟင်္သာ
တိမ်ပြာ ရှင်ပျံ၊ ဝန်းဝန်းရံလျက်
လက်ဆက်ကျောက်ငို၊ ကျီးဖို ကျီးမ
ဘောဂ သစ်မင်း၊ ဂမုန်းမြင်းကာ
စုံလှစွာတည့်၊ ရတနာဒီပံ
မြင်းပျံ ကြက်ဇောင်း၊ ရွက်မြှောင်း ရွက်ဆန်း
ဟော်နန်း နဂါးစက်၊ ဂမုန်းနက်လည်း
အရွက် နနွင်း၊ အဆင်းဝါဝါ
ညမှာမီးသွေး၊ နက်ရောင်ပြေးသား
ပတ္တမြားဂမုန်း၊ ဆင်ဂမုန်းပင်
ယက္ကန်းစင်ထက်၊ လွန်းကြိုးဆက်သို့
ဆင်နားရွက် ချိုးဖြူ၊ ဂမုန်းလူကြွားကြွား
ဇော်မင်းသား ဇော်စိမ်း၊ တောလုံးစိမ်းလျက်
မြစိမ်းဂမုန်း၊ ငုံးဂမုန်းနှင့်
ဂမုန်းသံဆက်၊ ဂမုန်းလက်ဖြူ
ပင့်ကူ လိပ်ပြာ၊ လိပ်လာ လိပ်မေ့
စေ့စေ့စုံစုံ၊ တောရဂုံ၌
ဂဠုန်လက်သည်း၊ အနှံ့ကြဲသည်
မြခဲ မြတောင်
စိမ်းရောင် ဝေမှိုင်း လျက်သာတည်း။
(၃၈)
ဤမြိုင်သာဝယ်၊ ပိန်းနွယ် ပိန်းရိုင်း
ထွားထွားကြိုင်းလျက်၊ ပိန်းနက်ကျောက်မင်း
ပိန်းချိုလင်းနေ၊ ပိန်းရွှေရာဇာ
ပိန်းဝါ ပိန်းကြား၊ ပိန်းခါးအူနီ
ပိန်းဇော်ဂျီတို့၊ ဝေသီကျယ်ပြန့်
စိမ်းရောင်ဖြန့်သား၊ ပိန်းနဂါးရစ်
အဆစ်ကြဲကြဲ၊ အမြစ်မြဲကြ
ပိန်းမ မြစ်ချဉ်း ပိန်းညှင်းပြောက်ခက်
ပိန်းပွတ်ခွက်နှင့်၊ ပိန်းငှက်စင်တော်
ပိန်းမဟော် ပိန်းနောက်၊ ပိန်းလင်းပြောက်ပြင်
ပိန်းမျောက်စာမျိုး၊ ဖြိုးဖြိုးဝေဝေ
ပိန်းရွှေလက်သီး၊ ပိန်းကြီးသူဇာ
မြေမှာတွယ်ရစ်၊ အမြစ်ချင်းလိမ်
ခူပိန်ပိုးတွင်း၊ ရောင်စုံခင်းတည့်
ပိန်းမင်းသူတော်၊ ပိန်းကျော်တိမ်ခိုး
ပိန်းကတိုးမြေလူး၊ အဖူးဝါဝါ
အညှာစိမ်းလျက်၊ အရွက်သန္တာ
နီလာရွှန်းကော့၊ ပိန်းကတော့ရှည်
ပင်စည်လုံးမြင့်၊ မိုးမိုးစွင့်ကား
ဥစား ဟင်းစား၊ ပိန်းခေါင်းကြားတို့
သမားဆေးမြစ်၊ ဩဇာသစ်သည့်
ပိန်းရစ်ဖြူနီ၊ ပိန်းကတ္တီပါ
ပိန်းနံ့သာလည်း၊ တစ်ထွာပင်ဆိုင်
ပွေ့မနိုင်ချေ၊ နွယ်ခိုင်ဆင့်ဆင့်
ဖူးပွင့်နီမောင်း၊ ပိန်းခေါင်းလောင်းနှင့်
ပိန်းပေါင်းဝန်းရံ၊ ပိန်းပျံပိန်းမွှေး
ဖွေးဖွေးလှုပ်လှုပ်၊ တောလုံးရှုပ်အောင်
ပတ်ဖွဲ့နှောင်ကာ၊ ပိန်းဝါရွှေနု
ပိန်းကြက်ဥတို့၊ ရောစုပေါင်းနှော
ထူပြောထပ်ထပ်၊ ရွက်ချင်းကပ်လျက်
ပြည့်ကျပ်ပိတ်မှောင်
ပိန်းတောင် ပိန်းတော ဆင့်လျက်တည်း။
(၃၉)
ဤမြိုင်နက်ဝယ်၊ သဗျက်သစ်ခွ
ပင်လုံးလှလျက်၊ သစ်ခွကျောက်ခက်
နွယ်လိမ်တက်၍၊ ပန်းလက်ဆက်ပင်
ဖွဲ့ငင်ရစ်ထွေး၊ သစ်ခွလေးဖြူ
လှိုင်ကြူသင်းမြ၊ သစ်ခွနွယ်နီ
သရဖီနှင့်၊ စေတီသစ်ခွ
မြေသစ်ခွမှ၊ သစ်ခွမိုးမျှော်
သင်္ကြန်ခေါ်တို့၊ နွယ်ပေါ်နွယ်ဆင့်
မြိုင်ဂုဏ်တင့်အောင်၊ ချပ်ပွင့်ပြာပြာ
သစ်ခွခွာညို၊ မြမြစိုသား
ကျားသစ်ပြောက် ထုံးပန်း၊ ဆန်းဆန်းစုံစုံ
ရဂုံပြန့်ကြဲ၊ ငွေဆည်းလည်းခိုင်
ကြိုင်တပျံ့ပျံ့၊ သင်းရနံ့လျှင်
တောခွင် တောင်လုံး၊ လွှမ်းပတ်ဖုံးကာ
ရတနာရွှေခက်၊ ဂမုန်းယှက်၍
လက်တံတို ရှည်၊ သရက်ထည် သစ်ခွ
အင်သစ်ခွနှင့်၊ သစ်ခွဖယောင်း
ခိုအောင်းငှက်သိုက်၊ တော်ထိုက်သဇင်
သစ်ရင်သစ်ခွ၊ ကျောက်သစ်ခွနွယ်
ပင်ကပ်တွယ်ရစ်၊ ကသစ် ငွေတူ
ခြွေတူ သစ်ခွ၊ ရေသစ်ခွနှင့်
သစ်ခွရွက်ဆင့်၊ စွင့်စွင့်ဝေဝေ
ဝိုက်ဝန်းခွေ၍၊ မိုးစွေသစ်ခွ
ခိုင်လုံးကြွလျက်၊ သစ်ခွပင့်ကူ
သစ်ငူ ရွက်သေး၊ ကြက်တူရွေးသစ်ခွ
တောင်သစ်ခွပြင်၊ သော်ကတနှိုင်း
မိုးလုံးမှိုင်းလည်း၊ သစ်ကိုင်းဆုံခွ
ယိမ်းကလှုပ်ထိုး၊ လေတွင်မြူးယောင်
လွန့်လွန့်ထောင်လျက်၊ နတ်တောင်သစ်ခွ
ပန်းလှဇင်းကုံး၊ တံခွန်လုံးတို့
မြိုင်လုံးပွင့်ကာ၊ ခိုင်ခက်ဖြာသည်
ရွှေဝါပန်းမြို့
ဖူးစို့ စည်စည်လန်းလန်းတည်း။
(၄၀)
ဤမြိုင်ဝှမ်းဝယ်၊ ကြိမ်ဆိုင်းသွယ်ကာ
ကြိမ်နွယ်တို့လျှင်၊ သစ်ဒါန်းဆင်၍
ယောင်ယင်စက္ကဝက်၊ တောငှက် တောင်ငုံး
ဘီလုံးသိုက်ဆောက်၊ ကြိုးတန်းလျှောက်ကာ
ယမထာကြိမ်၊ ခပေါင်းကြိမ်နှင့်
ကြိမ်နီ ကြိမ်ဖြူ၊ ကြိမ်အူရှုပ်ထွေး
ကြိမ်သေးကြိမ်မွှား၊ ကြိမ်လှေကားခင်း
ကြိမ်ချင်းပူးယှက်၊ နန်းခက်ရစ်လိမ်
ရှဥ့်အိမ်လမ်းသွယ်၊ ခြေကုတ်တွယ်သည့်
ကြိမ်နွယ်နံ့သာ၊ ကြိမ်ဝါကြိမ်ကျစ်
အဆစ်ကားကား၊ အဖျားသွယ်သေး
ကြိမ်မွှေး ကြိမ်ပုပ်၊ လက်ဆုပ်ထွာဆိုင်
ကိုင်၍မမိ၊ ချောအိတွန့်ခေါက်
မြွေဟောက်ပမာ၊ လေလာတိုင်းပင်
ယိမ်းနွဲ့ငင်လျက်၊ နွယ်ရှင်လှုပ်ရှား
ကျားသစ်များပင်၊ လိပ်ပြာစဉ်မျှ
ကြောက်လန့်ရ၏၊ စမ်းကျကျောက်တောင်
သျှိုမြောင်ထိရောက်၊ တံတားဖောက်၍
တောမျောက်လွှဲကျော်၊ ကူးပျော်ခုန်လွှား
ကြိမ်ခါးမြှောင်းမြှောင်း၊ ခရုခေါင်းကြိမ်
ဝါးပိုးကြိမ်နှင့်၊ သိုင်းကြိမ် သွန်းကြိမ်
စမ်းရေစိမ်သော၊ ရေကြိမ်ပေါသည်
ကြိမ်တောသာခေါင်
တောမှောင် နက်နက် မည်းမည်းတည်း။
(၄၁)
ဤမြိုင်ခြေတွင်၊ ချပ်ပြေရွှန်းစို
မောင်ရင်မှိုနှင့်၊ ပဲမှို ကိုင်းမှို
အပ်ထိုးမှိုတို့၊ မြေကို တန်ဆာ
ဆင်ကြပါတည့်၊ ကွန်ချာ ကြက်ဆူ
ဖိုးသူတော်မှို၊ ဖက်သွပ်မှိုပွင့်
ကားကားစွင့်၍၊ အရင့်တစ်မျိုး
ပွင့်မညှိုးချေ၊ အရိုးသွယ်နု
ပိုးဥလေလား၊ ထင်ယိုးမှားရ
မှိုပျင်းတွမူ၊ တောငူဝနေ
မြက်ရိုင်းဝေသည့်၊ ပင်သေသစ်တုံး
မန်ကျည်းတုံးမှို၊ သစ်ငုတ်တိုထက်
လုကာထွက်သည့်၊ သရက်တုံးမှို
ကျွဲသည်းမှိုလည်း၊ စိမ်းညိုယောင်ယောင်
မြမြမှောင်လျက်၊ ကြွက်နားရွက်မှို
အင်တိုင်းမှိုပြင်၊ မှိုပင်ထိပ်ချွန်း
မှိုသင်္ဃန်းငယ်၊ မြေဝယ်တွယ်ကူး
ပွင့်ငုံဖူးကြ၊ အလှပဒေသာ
မှိုမွေ့ရာသို့၊ ငှက်စို့ဝါးရင်း
မြေတွင်းပြည့်နှက်၊ မှိုအုန်းနက်လျှင်
စက်ဝိုင်းထီးမိုး၊ ဆေးရိုး ငှက်ပျော
မှိုဖြူပေါသား၊ မှိုနဂါးလည်း
စောင်းပြား ကြက်တောင်၊ မှိုချင်းနှောင်၍
တောင်ပို့ခြေရင်း၊ မြွေတွင်းကျယ်ဖောက်
မှိုဦးနှောက်ချပ်၊ မြေတွင်ဝပ်လု
သွယ်ဝန်းစုကာ၊ မှိုနီဥရဲ
မှိုကျောက်ခဲနှင့်၊ သလဲမှိုပင်
ဇာနားဆင်လျက်၊ မြေတွင်တောင်ပုံ
ပေါက်ကြကုန်၏၊ ဂုန်လျှော်မှိုကား
မြက်ကြားကောက်ရိုး၊ စားမှိုမျိုးဆက်
ဩဇာသက်ဘိ၊ ကော့အိညွတ်ကွေး
ခွေးလှေးမှိုပုန်း၊ တောမှိုစုန်းလျှင်
ညတွင်စိမ်းဖန့်၊ ကြယ်မင်းလန့်အောင်
သက်တန့်ရောင်ဖောက်၊ ရွှန်းရွှန်းတောက်သည်
ညဥ့်ခြောက်တစ္ဆေ
ကဝေမှိုတော နှယ်ပင်တည်း။
(၄၂)
ဤမြိုင်တောဝယ်၊ ရိက္ခာကြွယ်စွ
ပဲနွယ် ပဲပင်၊ မြေတွင်လည်းအု
ကိုင်းစုညွန့်ဖျား၊ ပဲစောင်းလျားနှင့်
ပဲကြား ပဲနောက်၊ ပဲလွန်းဖောက်၍
ပဲကောက်သူကင်း၊ ဂျီဆော့ခင်းတည့်
ဝင်းဝင်းဝါဝါ၊ သင်းသင်းဖြာလျက်
လေမှာနွဲ့ယိမ်း၊ ပဲတီစိမ်းလုံး
ပဲရွှေငုံးပြင်၊ ပန်းကုံးသဖွယ်
နွယ်ရှည်တစ်မျိုး၊ လက်ယှက်ထိုးကာ
ပဲရာဇာနှင့်၊ ကြိုးကြာပဲပြောက်
နဂါးမောက်ပဲ၊ မြွေလိမ်တွဲသို့
နွေပဲလုံးချွန်၊ ပဲပုစွန်မှ
စွန်တာ နီပြာ၊ ဆွတ်ပါ မကုန်
ပဲစဉ်းခုံတစ်နွှဲ၊ ပဲကတ္တီပါ
ပဲငှက်စာထိ၊ ပဲအိ ပဲပုပ်
ပဲနုပ် ပဲရင်း၊ ပဲလင်းမြွေရှည်
ပဲပိုးထည်ထပ်၊ ပဲပိစပ်ထွေး
ပဲဖြူလေးကျော်၊ မောင်မခေါ်ပဲ
စားတော်ပဲနှင့်၊ ပဲကြီးဆူးခက်
ပဲထောပတ်တို့၊ ချိုးဖြတ်သူရှုံး
မျှော်မဆုံးအောင်၊ မြတောင်အလား
မြင်သူမှားရ၊ သဘာဝသည်
သာစွအံ့ဖွယ် ဆန်းကြယ်လွန်းလှတည်း။
(၄၃)
ဤမြိုင်သာတွင်၊ နှမ်းပင်ပြည့်လွှမ်း
ဆွတ်လှမ်းမနိုင်၊ သင်းမွှေးကြိုင်ကြူ
နှမ်းဖြူ နှမ်းနီ၊ လုံးထပ်စီကာ
နှမ်းဝါရွှေရောင်၊ တိုင်ထောင် မှန်ကြီး
တွဲညွတ်သီးလျက်၊ ဂွနက် ဂွဆန်း
ဖလန်း နှမ်းညို၊ ပင်လုံးပြိုမျှ
စိန်ခို နှမ်းသေး၊ လေစုန်မွှေးက
မူးဝေရလိမ့်၊ ပင်မတစ်သွယ်
ပင်နွယ်တစ်ရာ၊ ပင်ညှာတစ်ထောင်
ကူးယှက်နှောင်ကာ၊ နေရောင်ထဲတွင်
ယိမ်းလှုပ်ငင်၍၊ နှမ်းပင်စိုရွှန်း
မှန်ဒွန်းနှမ်းခါး၊ အဆံကြားလည်း
ကြွားကြွားကြော့ကြော့၊ ထွားထွားမော့လျက်
ပင်ချင်းဆက်သား၊ နှမ်းနက် နှမ်းရွေး
နှမ်းသလေးဖြူ၊ မှန်ကူနန်းကျော်
မျှော်လေတစ်ပြင်၊ ကြည့်လျှင်မဆုံး
နှမ်းလုံးတောင်ပုံ၊ စားမကုန်တည့်
ဝင်းမှည့်သိင်္ဂါ၊ လေအလာတွင်
ရွှေဝါလိုလို၊ အညိုရောင်ကူး
နှမ်းဖူး နှမ်းခိုင်၊ ယိမ်းနွဲ့ယိုင်သည်
လည်တိုင်ဆန့်ငေး မဆုံးနိုင်အောင်တည်း။
(၄၄)
ဤမြိုင်တွင်းဝယ်၊ မြက်နွယ်တချို့
ဖူးငုံစို့လျက်၊ ဆိတ်နို့ နေဇာ
ဂန့်ဂလာနီ၊ ဇော်ကတ္တီပါ
မြက်မွေ့ရာခင်း၊ မြက်မင်းမဟော်
နွယ်ပတော်ပြင်၊ လဲမှော်ဆူးပန်း
ကြာလင်ပန်းနှင့်၊ ကြောင်ပန်းရွက်ဖား
ဇော်မွှား ငန်းဖြူ၊ ငါးကြင်းအူ ကြာယပ်
နွားမြီးကပ်မှ၊ ဘိစပ် ဆူးပန်းတောင်း
ကျွဲနွားခေါင်းပင်၊ စိမ်းလွင်ကမ္ဗလာ
ဥယျာဉ်သာတည့်၊ မြရာပေါလျက်
ဆင်ငိုမြက်နှင့်၊ ဝက်လာ ဝက်ကလုံ
တောချုံပြည့်လွှမ်း၊ မြက်ကြမ်းမြက်မွှား
မြက်ခါး မြက်ချို၊ မြက်ညို မြက်ကျွတ်
မြက်ကစွတ်နှော၊ မြက်တောဘုရင်
ညီလာဝင်လျက်၊ အခက်ဆိုင်းဆိုင်း
အပြိုင်းပြိုင်းလျှင်၊ ရွက်ဝိုင်းသုံးမြှောင့်
အတောင့်ကြိုးလိမ်၊ ပိုးအိမ်ပုဆစ်
လှေကားထစ်သို့၊ ခွေရစ်ရေးရေး
မြက်သလေးကြွားကြွား၊ မြက်မြောက်မြားထဲ
ဒန့်ကျွဲရာဇာ၊ နန်းစံရှာသည်
မဟာမြက်တိုင်းပြည်သို့ ထင်ရသတည်း။
(၄၅)
ဤမြိုင်နက်ဝယ်၊ ဝါးနွယ် ဝါးနက်
ဝါးမျက်ဆံကျယ်၊ ဝါးပွတ်ငယ်တို့
စီခြယ်ဖလ်ချောင်း၊ သိန်းသောင်းကုဋေ
တွက်ရေသော်က၊ ဆုံးစမရှိ
မျက်စိစူးရှ၊ ခေါင်းနောက်ရလိမ့်
စမ်းစိမ့်တောင်ခြေ၊ ကျောက်နုံးမြေဝယ်
ပုလွေ တင်းဝါး၊ ကြခတ်ဝါးနှင့်
သိုက်ဝါး ခင်ဝါး၊ ထီးရိုးဝါးလည်း
ပင်ပွားမျိုးဆက်၊ မိုးမိုးဆက်ကြ
ကျေးငှက်ရိပ်သာ၊ "တျာတျာတေတော"
ဥဩလည်းပျော်၊ ချစ်တေးခေါ်လျက်
ငှက်တော် သဉ္ဇာ၊ ခိုနားရာတည့်
ဆူးကာဝါးမျိုး၊ ကြက်ဆူးထိုးမှ
ရေအိုး ကျည်တောက်၊ ဝါးအောက် ဝါးယောင်
တောင်ပို့ခြေရင်း၊ ဝါးသမျှင်းနှင့်
ဝါးစွင်းနက်ဖြူ၊ ဝါးကြူဆစ်ကျဲ
ဝါးရဲဝိုက်ခွေ၊ ဝါးသီးရွှေတို့
လေပွေမွှေ့တိုင်း၊ ဆိုင်းချက်စည်းကျ
က,တော့မည်လား၊ ဝါးရွက်ဖျားတွင်
အသက်ဝင်ကာ၊ ယိမ်းလာလှုပ်လှုပ်
ရုပ်သေးရုပ်နှယ်၊ ကကြိုးသွယ်သည်
အံ့ဖွယ်ဝါးတော၊ ရှုမော မဆုံး နိုင်အောင်တည်း။
(၄၆)
ဤမြိုင်မြေတွင်၊ မှက် ခြင် လိုဏ်ဂူ
ပိုးပလူနှင့်၊ ခြဖြူ ခြနီ
ပိုးစီ ပိုးစပ်၊ ဘောက်ဖတ် အုန်းပိုး
ပိုးဇောက်ထိုးပြင်၊ ဝါးပိုးရင်ကွဲ
ကြိတ်ကြိတ်ခဲလျက်၊ ပိုးမည်းတောင်ပြာ
တွားကာဝပ်လျှိုး၊ မြေတိုးနွယ်လျှော
မြက်ကော်ဇောခင်း၊ ချစ်ပွဲကျင်းပ
အလှတန်ဆာ၊ ဆင်ကြပါတည့်
ပိုးဝါ ပိုးလောင်း၊ အကောင်အထက်
တစ်ကောင်တက်ကာ၊ လုတက်ရေသောက်
ခြေရာဖျောက်ကြ၊ ယင်မမည်းရိုင်း
သစ်ကိုင်းထက်ထား၊ ပြကောင်စားစဉ်
ခြုံကြားမှောင်ထောင့်၊ အငိုက်စောင့်သူ
ပင့်ကူမာန်ယစ်၊ ထွေးလုံးရစ်လိမ်
သေမင်းအိမ်နှင့်၊ အငြိမ်မနေ
လေတွင်လွှဲပြီး၊ စက်ကြိုးစီးသည့်
အမြီးကောက်ကောက်၊ ပိုးနောက်လူဆိုး
ရွက်လိပ်ပိုးတို့၊ မြေလျှိုး မိုးတက်
ဝင်းလက်တောင်ပံ၊ တောလုံးလျှံမျှ
နှံကောင်ဆာငတ်၊ နောက်ခြေဆတ်ကာ
ပျံတက်လွှားလွှား၊ တီမင်းသားလည်း
မြက်ကြားခရု၊ မိတ်ဆွေပြုလျက်
မှက်နက် ဖြုတ် ခူ၊ ပဒူ ခြပုန်း
ပိုးစုန်းခြေမြန်၊ ပိုးပရန်နှင့်
နသန် နဂျယ်၊ ပိုးနွယ်မျိုးစပ်
ပိုးဟပ်တောနင်း၊ ပုစဉ်း ပုရစ်
သစ်မြက်အောက်မှာ၊ အိမ်ဖွဲ့ပါသည်
မေတ္တာချစ်နန်းဂေဟာ ဆောက်သို့တည်း။
(၄၇)
ဤမြိုင်သာတွင်၊ ပျားဘုရင်နန်း
အဆန်းဆန်းတည့်၊ ပန်းဝတ်ရည်သောက်
ချပ်လွှာဖောက်၍၊ ပျားမောက်ပျားကြီး
ပျားဆင်စီးနှင့်၊ ပျားမြီးနှစ်ခွ
အလှမက်မော၊ ပန်းမြိုင်တောဝယ်
ဝတ်ဆံသယ်ကာ၊ ပန်းနွယ်မျိုးစပ်
ပဆွပ် ပနီ၊ ပျားပနီကောင်
ငွေတောင်ပံဖြန့်၊ ခရီးဆန့်လျက်
ပျားသလက်အိမ်၊ အငြိမ်မနေ
နှောင်းနွေဥတု၊ မိုးစာစုကြ
ခရုသင်းပျား၊ မွှေးလိမ်ပျားနှင့်
ယင်ပျား ယင်မွဲ၊ ပျံဝဲအုပ်အုပ်
ဝတ်ရည်စုပ်ရင်း၊ ချစ်ပွဲကျင်းကာ
ပျားကမ္ဘာတည့်၊ ဝါ ပြာ နီလာ
သန္တာညိုမှောင်၊ နီရောင်မှိုင်းမြ
ပျားမ ပျားဖို၊ ပျားအိုတစ်သွယ်
ပျားသူငယ်တို့၊ အရွယ်စားစား
သစ်ခေါင်းပျားမှ၊ မကျရန်အောင်
တောတောင်အဝန်း၊ ပျံသန်း သင်းဖွဲ့
ရှာခဲ့ရိက္ခာ၊ ငုံ အာခံတွင်း
စုပေါင်းခြင်းဖြင့်၊ ယူသွင်းသယ်ဆောင်
မြရောင်စိမ်းစို့၊ ပျားလဘို့တွင်း
ပျားရည်ခင်း၍၊ အစင်းတန့်တန့်
အကန့်ကန့်လျှင်၊ ပျားဝင်ရာလမ်း
အခန်းများမြောင်၊ အဆောင်လည်းဖွဲ့
ပျားအိမ်ချဲ့ရာ၊ ဗိသုကာတို့
သေလာတောမြိုင်၊ တုမနိုင်သည်
လူပြိုင်သော်က ရှုံးလိမ့် အမှန်တည်း။
(၄၈)
ဤမြိုင်ကြောဝယ်၊ တောမြှောင်မြနန်း
ပျံသန်းလိပ်ပြာ၊ ရောင်စုံဖြာလျက်
ကျေးငှက်နှင့်ပြိုင်၊ ဘယ်သူနိုင်လိမ့်
စိမ့်စမ်းမြိုင်လုံး၊ ကြောင်ပိတုံးနှင့်
ပိန်းလုံးရွှေဝါ၊ လိပ်ပြာစင်းငေါင်း
ဖယောင်းလိပ်ပြာ၊ ဆင်လိပ်ပြာမှ
လိပ်ပြာငွေတောင်၊ သျှိုမြောင်ဖြတ်ကူး
ဆတ်သွားဖူးငုတ်၊ နီလာကြုတ်တွင်း
ဝတ်ရည်သွင်းရာ၊ ပန်းဝတ်လွှာကို
ပြိုင်ကာလုယက်၊ သူ့ထက်ငါလျှင်
စားပွဲဝင်ကြ၊ အလှပေါင်းစု
တောရတုဝယ်၊ ခိုတွယ်ဝတ်ဆံ
လင်းပျံဝါဝါ၊ လိပ်ပြာကတိုး
ပန်းစုပ်မျိုးမှ၊ ပန်းဆိုး ပန်းစုန်း
ဂမုန်းသူဇာ၊ လိပ်ပြာညိုညက်
ဇာကြိုခက်လည်း၊ ဝဲလျက်မနား
တောင်ပံများပင်၊ ကျိုးအံ့ထင်ရ
အလှရွှန်းဝေ၊ လိပ်ပြာရွှေရောင်
ပန်းယပ်တောင်နှင့်၊ စိန်ကြောင်မျက်ရွဲ
လှလွန်ကဲသည့်၊ ပုလဲတောင်ဖြူ
ဝတ်ရည်ကြူသင်း၊ ဆွတ်ယူရင်းဖြင့်
မှဲ့စင်းညိုဝါ၊ ကြာမြတ်ပြာ နီ
တောင်ပံချီလျက်၊ ချစ်ကြိုးယှက်၍
မြိုင်နက်သေလာ၊ ပျော်မြူးရှာသည်
မဟာနတ်ပန်းဥယျာဉ်နှယ်သို့တည်း။
(၄၉)
သည်မြိုင်နက်တွင်၊ ကင်းလက်မညို
ကင်းမြီးတိုနှင့်၊ ချုံကြို တောကြား
မြွေစားကင်းကြီး၊ ကင်းပုတီးငယ်
ဆီသယ် ကင်းထောက်၊ ကင်းမြီးကောက်တို့
မြွေဟောက်ကိုပင်၊ အံတုချင်၏
လျင်သူစားတမ်း၊ ညှို့ယူဖမ်း၍
တောကြမ်းကန္တာ၊ သာသည်တစ်မျိုး
ရန်ငြိုးရန်စ၊ ကြီးမားကြလျက်
ကင်းမလက်မဲ၊ ကင်းရင်ကွဲနှင့်
ကင်းရဲ ကင်းယင်၊ မြေပြင်နှံ့မျှ
ကင်းမသံတောင်၊ ကွန်ရက်ထောင်တည့်
နီရောင်ဝင်းဝင်း၊ ဖြန့်ကျက်ခင်းကာ
ကင်းဝါ ကင်းဖြူ၊ ရွှေကတ္တူကင်း
ရှားစေးကင်းနှင့်၊ သစ်ကင်း ဝါးကင်း
လိပ်ကင်းမကျန်၊ ကင်းနသန်လည်း
မြေလှန်ဦးစောက်၊ ယက်ပမ်းဖောက်ကြ
ကင်းပြောက်နက်ကြား၊ ကင်းခြေများလျှင်
ရထားလမ်းသွယ်၊ မြေဝယ်လွန့်လူး
သံစူးပိုးလိပ်၊ ကင်းဆိပ် ကင်းဆက်
ကင်းပုရွက်မျိုး၊ ပြွတ်သိပ်တိုးကာ
ကင်းဂေဟာဖွဲ့၊ ကင်းအိမ်ချဲ့သား
ကင်းငမွှားတို့၊ တောင်ပို့ခြအိမ်
ခြေလိမ်ရှုပ်ထွေး၊ မှိုကင်းသေးလည်း
သစ်ဆွေးကိုစား၊ ဖွံ့ဖွံ့ထွားလျက်
သစ်ရွက်မွေ့ရာ၊ အိပ်ပျော်ရှာ၏
နီလာကြိုးစင်း၊ ကျောက်မြှောင်ကင်းမူ
မြွေတွင်းဝထိပ်၊ ကင်းပိုးလိပ်အား
ကျီစားလှောင်ပြောင်၊ ချစ်ယောင်မြှူဆွ
ဟန်ရေးပြတည့်၊ ကင်းမခေါင်းကြီး
ကင်းမြီးနှစ်ခွ၊ ကင်းရွ ပတူး
ကင်းမြေမြူးကောင်၊ ငွေကင်းယောင်လည်း
ချစ်နှောင်ဖွဲ့ငင်၊ လွန်းကြိုးတင်သို့
ရွှေမျှင်သွယ်တန်း၊ တောမြိုင်နန်းဝယ်
ချစ်ပန်းဆွတ်ခူး
မြူးမြူး ရွှင်ရွှင် ပျော်ပျော်တည်း။
(၅၀)
ဤမြိုင်နက်ဝယ်၊ မြက်ကိုတွယ်၍
နွယ်ရှည်ရစ်ခွေ၊ တောရိုင်းမြွေတို့
နန်းမြေပျော်ရာ၊ ဖြစ်ခဲ့ပါတည့်
ငန်းဝါနက်ပြောက်၊ သစ်နို့သောက်လျက်
သစ်ရွက်ပန်းချီ၊ ကောက်ကြောင်းဆီသို့
နီလာမြက်တော၊ လင်းမြွေပေါဘိ
ပြောင်ချောလုံးထွား၊ မြွေဥစားသည့်
စပါးကြီးမြွေ၊ အိပ်ပျော်နေလည်း
ခွေပတ်သစ်ပင်၊ ခေါင်းမှေးတင်ဆဲ
ဇောက်ထိုးဆွဲသည့်၊ သဲတိုးငန်းကြား
မြက်မင်းသားနှင့်၊ မှိုစားငန်းပေါက်
နွယ်တန်းလျှောက်၍၊ လွန်းပေါက်ချည်မျှင်
ထွေးယှက်တင်သို့၊ တောင်ပို့စောင့်မြွေ
သစ်ခေါက်ခွေမျိုး၊ ယက္ကန်းကြိုး ဖောင်ကူး
မမြင်ဖူးသည့်၊ မြေလူးငန်းရဲ
ဒန်းလွှဲစိုင်ကော်၊ ပျော်ကြီးပျော်ကြ
ချုံပေါ်တွဲလွဲ၊ မြွေရေလဲလျက်
ခေါင်းမဲငန်းပုပ်၊ မြွေပတုပ်တို့
ခေါင်းမြုပ်မြက်ကြား၊ လွန့်လွန့်တွားကာ
ဂျပ်ပြား ဂျပ်လုံး၊ စပါးအုံးဝန်းရံ
ယင်ပျံမလွတ်၊ ထိပွတ်ရုံနှင့်
အစွယ်ဝင့်သော၊ မြွေပွေးတောတွင်
ရောနှောသစ်ရွက်၊ ခွဲခြားခက်သည့်
ချုံထက်နွဲ့ယိမ်း၊ မြွေစိမ်းမြီးခြောက်
မြွေဟောက်သက်ပြင်း၊ သံကွင်းစွပ်မြွေ
ဝိုက်ခွေဖွဲ့ရစ်၊ ပိုက်ကြိုးကျစ်သို့
ကျူဆစ်ပြတ်ရိုး၊ လေတိုးသည်ပင်
ရန်သူထင်မှတ်၊ ပေါက်တတ်လျင်မြန်
အဆိပ်ထန်စွ၊ သစ်ခွတွယ်နေ
ဆင်ပစ်မြွေဆိုး၊ ကြက်ဥခိုးနှင့်
ဆူးတိုးငန်းပြောက်၊ မြွေနောက် မြက်လျှော
မြွေစုံတောသည်၊ နဂါးပြည်နှင့်
မနှိုင်းသင့်ရာ၊ နှစ်လေးသာလျက်
တွန့်ကာခွေကာ၊ မြေပြင်လွှာဝယ်
မြွေရာနှောင်းနှောင်း ရှုပ်ရှုပ်ပွေပွေတည်း။
(၅၁)
တစ်နေ့သောခါ၊ ကြမ္မာလက်မည်း
အမှောင်ထဲမှ၊ ကြေကွဲဖွယ်ရာ
စတင်လာ၏၊ နီ ဝါ စိမ်းလက်
ရောင်စုံပြက်သည့်၊ ကျူရွက် ကျူရိုး
ယိမ်းထိုးယှက်ကူး၊ နှစ်ပင်ပူးစဉ်
လေရူးဝင်နှောက်၊ တောင်မြောက်ကျားကန်
လေဆန်အဝင့်၊ နိမ့်မြင့်ညွတ်ချီ
ယှဉ်မှီတွဲကပ်၊ လေအဟပ်တွင်
ကျူပင်ချင်းထိ၊ တွဲချိတ်ငြိလျက်
"ကြွိကြွိ ကြွာကြွာ"၊ မြည်လာညိုးညံ
စောင်းသံလေလား၊ ဘယ်သူကြားလိမ့်
ကျူဖျားလေသော့၊ ကျူရွက်ကော့လည်း
ခေါင်းမော့ရာမှ၊ ကွေးညွတ်ကျလျက်
တောကြက်နှစ်ကောင်၊ ရန်စောင်ကြည့်နေ
ခွပ်လက်ခွေသို့၊ လေပွေမြားဝိုင်း
ဒုန်းစိုင်းသည့်မြင်း၊ ဇက်ကြိုးယွင်းကာ
ခြေနင်းကြိုးပြတ်၊ တုံ့ဆတ်သည့်လား
ကျူရိုးများလျှင်၊ သိမ့်သိမ့်ငင်၍
တစ်ပင်ခါးကို၊ တစ်ပင်လျှိုလျက်
ရန်လိုနေခိုက်၊ လေရူးမိုက်ကြောင့်
လောင်တိုက်ဇာတ်ဆန်း၊ ငရဲခန်းလျှင်
နိဒါန်း တောမီး အစတည်း။
(၅၂)
လေလည်းပြင်း၍၊ အတင်းဝှေ့ရမ်း
ကြာလေကြမ်းခဲ့၊ နှုတ်ခမ်းကျူရိုး
ကျိုးတော့မတတ်၊ ခါးပြတ်တော့မည်
ပင်စည်ကျူဆစ်၊ ခွေခွေရစ်၍
ခြစ်ခြစ်တောက်လောင်၊ ရဲရဲပြောင်လျက်
မွတ်ညက်ချောချော၊ ကျူကြောဝါဝါ
တင်းတင်းမာလည်း၊ ဒဏ်ရာပြင်းထန်
ဖွာဖွာလန်ခဲ့၊ ပွတ်ဖန်များလေ
စွေစွေတစ်မျိုး၊ မြားထိုးစိုက်စိုက်
ငိုက်၍စောင်းစောင်း၊ အကြောင်းစင်းစင်း
မျှဉ်းမျှဉ်းမြွာမြွာ၊ ကြိတ်ရာတေတေ
ဒိုးမွှေနှောက်နှောက်၊ မီးစုန်းကျောက်သို့
ထွင်းဖောက်ကူးစက်၊ ကွဲအက်ကျူရိုး
ပိုင်းပိုင်းကျိုး၍၊ မီးခိုးငွေ့စ
ရိပ်ရိပ်ထပျံ၊ လေတိုးသံနှင့်
မီးလျှံဝင့်ဝင့်၊ မီးပွင့်ကြွားကြွား
လေရမ်းကားကြောင့်၊ မီးပွားနီရဲ
လောင်ကျွမ်းစွဲကာ၊ ကျူတောဝါသည်
ရှိုက်ကာငိုကြွေး
ချစ်တေးမသီ နိုင်ပြီတည်း။
(၅၃)
ကျူနှစ်ပင်မှ၊ လောင်မီးစခဲ့
လေကလည်းပင့်၊ ကြွေလွင့်ရွက်ခြောက်
ခုန်ပေါက်တိုးဝင်၊ မီးစစင်၍
တစ်ပင်မှကူး၊ တစ်ပင်ပူးကာ
လေဟူးဟူးတိုက်၊ အမှိုက်ရွက်ကြွင်း
ပေါင်းမြက်ခင်းမှ၊ မကျန်ရအောင်
"ဖောင်ဖောင်ဖွင်ဖွင်"၊ ပဲ့ထပ်တင်မျှ
လွင့်စင်ပေါက်ကွဲ၊ ပြိုလဲကျသံ
တောလုံးညံလျက်၊ သစ်ရွက်လောင်စာ
လေနှင့်ပါ၍၊ နေရာအနှံ့
မြိုင်လုံးလန့်သား၊ ဝဲပျံ့မီးခဲ
ရဲရဲတောက်နီ၊ မီးပန်းချီတည့်
သစ်ဆီယိုဖိတ်၊ ဆုံကြိတ်သွန်းလောင်း
စီးသွယ်ချောင်းသို့၊ မီးမောင်းမီးညွန့်
တလွန့်လွန့်လျှင်၊ ကွန့်ကွန့်သွယ်ဖြာ
သေလာတောတွင်း၊ စက်ကွင်းမလွတ်
တောလုံးကျွတ်လောင်၊ တက်တက်ပြောင်မျှ
မီးတောင်မီးမှိုင်း၊ မီးညွန့်ရိုင်းတို့
မီးလှိုင်းပမာ၊ လွှမ်းပြည့်လာသည်
မြေလွှာ သက်ရှူကျပ်သို့ မောမောတည်း။
(၅၄)
မီးညွန့်မြင့်ထောင်၊ ကူးစက်လောင်၍
မီးရောင်ဟပ်ထင်၊ မိုးကောင်းကင်ကြီး
ညိုညိုညီးကြောင့်၊ ဒေါင်းမြီးရထား
နေမင်းသားပင်၊ တိမ်ကြားမိုးပြာ
ပြေးဝင်ရှာလျက်၊ ကြင်နာပူပန်
စိုးရွံ့ဟန်တည့်၊ တိမ်ဧည့်သည်များ
မိုးသားဇာမျှင်၊ ခရီးရှင်လည်း
မြေတွင်ဖြစ်ပွား၊ တောမီးကြားမှ
ပြေးလွှားကြမ္မာ၊ သတ္တဝါ အနန္တ
သေကြေကြမည့်၊ ဘဝပူမျိုး
အဖြစ်ဆိုးကို၊ မကြည့်လိုကြောင့်
မည်းညိုနက်လွင်၊ ကောင်းကင်တံခါး
ပိတ်ဆို့ထား၍၊ ပြေးလွှားဝင်ရောက်
ပုန်းကွယ်ပျောက်ကာ၊ ရှောင်တိမ်းပါသည်
တိမ်ပြာမိုးယံ၊ မီးလျှံ မြင့်တက် ရဲရဲတည်း။
(၅၅)
တောမီးညွန့်ကား၊ မိုးသားတိမ်တောင်
ထိလုယောင်မျှ၊ ထိုးဟပ်ကြသော်
မိုးပေါ်ပျံဝဲ၊ သည်းသည်းလှုပ်လှုပ်
ငှက်အုပ်ရင်ခုန်၊ လင်းယုန်လည်းဆူ
စွန်ခေါင်းဖြူတို့၊ မီးပူရှိန်ဒဏ်
မခံနိုင်ကြ၊ ထိုးပျံကျလျက်
သိန်းငှက်ဇောက်ထိုး၊ မီးလျှံတိုးကာ
မိုးထက်မှာပင်၊ မြေပြင်မရောက်
အသက်ပျောက်၏၊ သိုက်ဆောက်နေဆဲ
လင်းမြီးဆွဲနှင့်၊ စာမည်း စာဖြူ
ချိုးပိန်တူတို့၊ မီးပူလောင်တိုက်
ခေါင်းငိုက်စိုက်ကျ၊ သေရမှန်းပင်
သိမထင်တည့်၊ မြိုင်ခွင်အလုံး
တောမီးဖုံး၍၊ ရေငုံး ကုပ်ကလူ
ထပ်တယူ ဘီကျား၊ ပျံလွှား ချည်လင်စွပ်
မီးညွန့်ဟပ်လျှင်၊ သေပွဲဝင်ရ
မောက်တင်ဓိန်ဇိမ်၊ ငှက်ပန်းတိမ် ဥပန်း
မီးတန်းနွယ်စ၊ ပြုတ်ကျလေသော်
မအော်နိုင်လိုက်၊ မီးမြိုက်ကျွမ်းလောင်
အတောင်ပံများ၊ မည်းနက်သွား၏
ငှက်ခါး ကြိုးကြာ၊ တောင်ခါ မြီးဝံ
ဒေါင်း စွန် ဝံလက်၊ တောပျော်ငှက်ကျား
ငှက်မင်းသားတို့၊ လှုပ်ရှားရုတ်ရက်
သေပျက်မီးထဲ၊ ပြာတုံးခဲတည့်
ခေါင်းမည်း စစ်စလီ၊ "တွီတွီ တွာတွာ"
ကျေးသန္တာ ဗောင်းတုတ်၊ ဒီးဒုတ် ဇီးကွက်
တောလုံငှက်လည်း၊ မီးစက်ယန္တရား
တောမီးဝါးကာ၊ အစာခွံ့ခိုက်
ငှက်သိုက်မီးလောင်၊ ငေးညောင်တွေဝေ
နာရင်းသေရ၊ ယောက်ဖခွေးခေါ်
မြိုင်ပျော်ခင်ပုပ်၊ ခရုစုပ်နှင့်
ကုပ်ကလောင်သည်းသည်း၊ တောဘဲငဟစ်
လောင်စာဖြစ်၍၊ သစ်ပင်သစ်ခေါင်း
ခိုအောင်းလုထွက်၊ ကလူကွက် ဘုတ်နှံ
မိုးမပျံနိုင်၊ မီးလျှံရိုက်ခတ်
တောင်ပံပြတ်သား၊ ငှက်ခါး ဘုမ္မတီး
တောမီးထိန်ထိန်၊ လောင်သည့်ချိန်ဝယ်
စွေ့ မိန် စံပို၊ မယ်ညို အော်ယော
သောသောသုတ်သုတ်၊ အုတ်အုတ်အာအာ
လန့်ကာရွံ့ကြောက်၊ ငှက်ပြာခြောက်လည်း
ကူးခေါက်တုံ့ပြန်၊ လေဆန်ပျံတက်
ဝဲလျက်မြေခ၊ ပြာစလူးလူး
မီးဟူးဟူးလောင်၊ တောလုံးမှောင်သည်
မီးရောင်စက်ဝိုင်း၊ လှိုင်းသို့ဖွဲ့ခဲ့ နှောင်နှောင်တည်း။
(၅၆)
တောမီးလောင်သော်၊ တောကြောင်လည်းပြေး
တောခွေး"ကိန်ကိန်"၊ မျောက်ပိန်မမူ
အသက်ရှူမှား၊ ဆိတ်ကားခုန်ပေါက်
ဆတ်ကြောက် ယုန်လန့်၊ ရပ်တန့်မနေ
မြွေပါလွှားလွှား၊ ကျားခလုတ်တိုက်
သားပိုက်ကောင်လျှင်၊ မီးလောင်ပြင်မှ
ပြေးရ လွတ်နိုး၊ သယ်ပိုးရင်သွေး
သေမည့်ဘေးကို၊ တွေးကြောက်တုန်းရှိ
သစ်ပင်ပိလျက်၊ တောဝက်မီးဝိုင်း
သစ်ကိုင်းခုန်ကူး၊ ရှဥ့်မီးလူးကာ
သွေးရူးသွေးတန်း၊ သိုးမျက်ကန်းကား
စူးဝါးအော်ဟစ်၊ မျက်ရစ်အိမ်တွင်း
ဖောက်ထွင်းမီးခဲ၊ မဖွင့်ရဲဖြင့်
ခွေလဲဆန့်ငင်၊ သေပွဲဝင်ရ
သမင်ခြေကျိုး၊ တောမီးတိုးရင်း
သေမင်းကိုပင်၊ မမြင်လိုက်ချေ
ဝံပုလွေသားစား၊ မီးပုံကြားတွင်
လူးလာတွန့်ဆုတ်၊ "ခြုတ်ခြုတ်ခြောင်းခြောင်း
ဖြောင်းဖြောင်းဖြင်းဖြင်း"၊ မီးကွင်းမီးတန်း
မီးပန်းဆက်ဆက်၊ ကမ္ဘာပျက်သို့
တောကြွက်ချောက်ချား၊ တောနွားအုပ်အုပ်
အမြီးကုပ်ကျားရဲ၊ ပန်းဘဲမီးတွင်
ခုန်ဝင်မိမှား၊ မီးလုံးဝါးမျို
မျောက်ဝံညိုလည်း၊ ခြေသည်းက စ
ဖောင်းဖောင်းကြွလျက်၊ မီးခကိုယ်လုံး
ထင်းတုံးအဖြစ်၊ မည်းမည်းညစ်၍
ကျားသစ်ခြေခေါက်၊ ပူးပေါက်စနီ
ပြေးမမီတော့၊ ဆူးကော့ချွန်းဖြူး
နောက်ကျိမူးကာ၊ တွေ့ရာသစ်ခေါင်း
ပုန်းအောင်းရင်းမှ၊ သက်ပျောက်ရဘိ
သောကရထား၊ မီးလျှံများလျှင်
မြေပြင်ကိုပတ်၊ တောကိုဖြတ်ခဲ့
မိုးနတ်မောင်ပင်၊ တိမ်မျှော်စင်မှ
ကယ်တင်ရန်ဝေး၊ ငိုင်ကာငေးလျက်
ထွက်ပြေးတိမ်းရှောင်လေပြီလော။
(၅၇)
ဤတောမီးတွင်၊ မြင်းခွာပင်သည်
ယခင်ကလို၊ မရွှန်းစိုနိုင်
တောမြိုင်ရုတ်ရုတ်၊ အခြေဆုတ်သော်
သစ်ခုတ်သမား၊ တောကျောင်းသားနှင့်
ဆင် ကျား မကျန်၊ ကျွဲရန်တစ်မျိုး
မုဆိုးတောလိုက်၊ ခလုတ်တိုက်ကာ
မဟာစစ်ပွဲ၊ ဆင်နွှဲကြသော
တစ်ရံရောက၊ ရှစ်ခေါဘဏီ
စစ်ချီရာလမ်း၊ သွေးအိုင်လွှမ်းလျက်
သက်ပေါင်းများစွာ၊ သေကြေပါလည်း
မြင်းခွာပင်မူ၊ လူနှင့်တိရစ္ဆာန်
ဘေးရန်သွယ်သွယ်၊ အန္တရာယ်တို့ကြား
ကြီးထွားဆင့်ဆင့်၊ လှဂုဏ်တင့်၍
မြေနှင့်မိတ်ဖက်၊ ညွန့်ရှည်တက်ကာ
မျိုးဆက်တည်တံ့၊ တောလုံးနှံ့ခဲ့
တောလန့်ချောက်ချား၊ ယခုများသော်
ဟစ်အော်သားကောင်၊ သံကြောင်သံမွဲ
ငိုယိုပွဲနှင့်၊ လဲကျသစ်ပင်
ပြန့်စင်မီးပွား၊ သူ့အပါးဝယ်
ငှက်ငယ်ကျသေ၊ စမ်းရေညိုညစ်
အဆိပ်ဖြစ်လျက်၊ ခြစ်ခြစ်ပူလောင်
မီးမှောင်ကြီးကျ၊ မီးစ မီးခဲ
ရဲရဲနီနီ၊ မြိုင်လုံးဟီသား
တောကျားအရိုင်း၊ ခြေပြင်းစိုင်းလတ်
သူ့ကိုဖြတ်ကျော်၊ ဟိန်းအော်ရင်းမှ
လောင်မီးကျရာ၊ မြင်လိုက်ပါလျှင်
မြင်းခွာပင်နွယ်၊ သောကကြွယ်သည်
ရင်ဝယ် အားမာန်တင်းဆဲ ရဲရဲခိုင်ခိုင်တည်း။
(၅၈)
တောမီးပြန့်ရာ၊ မီးလောင်စာလည်း
လိပ်ပြာပျံခက်၊ တောငှက်လည်းသေ
ပန်းလည်းကြွေ၍၊ ဖား မြွေ သားကောင်
မီးကိုရှောင်လည်း၊ အမှောင်ဆီးတား
တောမီးဝါးသော်၊ သူ့အားမကြာ
ကူးစက်လာမည်၊ သိရပြီတည့်
တောလည်ထဲဝယ်၊ မြင်းခွာနွယ်လျှင်
အားငယ်စိုးရိမ်၊ မတည်ငြိမ်ခဲ့
ဆိတ်ငြိမ်သာယာ၊ ဤကမ္ဘာကို
ကြမ္မာသယ်ဆောင်၊ တောမီးလောင်ကာ
မြေပြောင်တလင်း၊ ဖြစ်ရခြင်းကို
သူမလိုချေ
သူ့မြေတစ်ကွက်၊ ရေတစ်စက်နှင့်
ခြေလက်ဆန့်တန်း၊ မျှော်မှန်းကမ္ဘာ
မြိုင်သာတစ်ခွင်၊ ကောင်းကင်ဆည်းဆာ
တိမ်သန္တာနှင့်၊ ပဝါဖြန့်ချ
နွေလှနတ်သမီး၊ ရထားဘီးကို
သူတွေ့လို၏
မှောင်ညိုယှက်သန်း၊ မီးပန်းဆင့်ကူး
တောမီးရူးတွင်၊ စိတ်မဝင်စား
သူ့အားသူ့မာန်၊ သူ့ဟန်သူကိုး
နွယ်ရှည်မျိုးဆက်၊ မိုးထက်အာကာ
မြင်းခွာနွယ်ပင်၊ ထိုးဖောက်ချင်သည်
မြေပြင်သစ္စာ အောင်မြေနက်သန်တည်း။
(၅၉)
မြင်းခွာနွယ်ပင်၊ လိုအင်ဆန္ဒ
မပြည့်ဝပေ၊ ကြာလေမှောင်မည်း
တောမီးစွဲကာ၊ အတန်ကြာသော်
သေလာမြိုင်လုံး၊ မီးခိုးဖုံးလျက်
ကမ္ဘာပျက်မျှ၊ ပျား ငှက် ပင့်ကူ
ပိုးစုန်းဖြူမျှ၊ မကျန်ရအောင်
မီးလောင်ပြင်ကြီး၊ ညို့ညို့ညီးခဲ့
သစ်သီး နှမ်းခင်း၊ ပြာကြွင်းနှင့်ရော
မြင်းခွာတောလည်း၊ ကော်ဇောကမ္ဗလာ
မီးသဉ္ဇာဝယ်၊ လွန့်ကာလူးလူး
မီးညွန့်ကူး၍၊ အဖူးကြွေလွင့်
အပွင့်ငိုက်ညှိုး၊ သွင်သွင်ကျိုး၍
မီးခိုးမီးလျှံ၊ ပဲ့တင်သံနှင့်
တော်လဲဆင့်ကာ၊ ရိက္ခာမျိုးဆက်
မြိုင်လုံးပျက်ရ၊ ဤကာလသည်
လောကအနိဋ္ဌာရုံသာတကား။
(၆၀)
သည်တစ်ခါဝယ်၊ မြင်းခွာနွယ်လျှင်
အဘယ်သို့မျှ၊ ရှောင်မရချေ
မြိုင်မြေသာယာ၊ မြတ်နိုးစွာဖြင့်
ဖူးပွင့်စိမ်းလက်၊ သူ့အရွက်တို့
ကူးစက်လောင်ငြိ၊ မီးလျှံထိကာ
မြေတွင်ပြာဖြစ်၊ နိမ်းညစ်လေပြီ
မြေဆီလွှာစား၊ ပတ္တမြားငုံစို့
အဖူးတို့လည်း၊ ယိုင်ယိုင်ခွေခွေ
ပြာမြေပူအောက်၊ ညှိုးသွေ့ခြောက်ခဲ့
နွယ်လျှောက်မြေတွား၊ အညွန့်များလည်း
ထွားထွားညက်ကြေ၊ မီးလောင်မြေကြဲ
ပြာပူခဲနှင့်၊ ပြာထဲတိုးဝင်
မွဲရုပ်ဆင်တည့်၊ မြေပြင်တွယ်ကုပ်
လက်နှင့်ဆုပ်သို့၊ လျှိုးငုပ်တွယ်ရစ်
သူ့အမြစ်လည်း၊ အဆစ်တစ်ခု
ကျောရိုးပြုရင်း၊ ပြုတ်လုတည်းကာ
ကျန်တော့ပါ၏၊ လောင်ပြာစုကျ
သူ့ဘဝကား၊ ခုမှဆုံးရှုံး
ငုံးငုံးတိတိ၊ ပြတ်ကျဘိသည်
ဘူမိမြေသွင်၊ ချစ်မိခင်ကို
မမြင်နိုင်တော့ မျက်ကွယ်မည်းမည်းရိပ်ရိပ်တည်း။
(၆၁)
ဤတောမီးကား၊ ရှည်လျားဆက်ပြန့်
မရပ်တန့်သေး၊ ဟင်းမွှေးနွယ်ပင်
စားပင်သစ်သီး၊ တောမီးနှိပ်စက်
မြိုင်လုံးပျက်၏၊ သရက် ဩဇာ
တမာ မရမ်း၊ မီးတောက်လွှမ်း၍
ဆေးစွမ်းထက်မြက်၊ ကရမက်ပျံ့ကျူး
စန္ဒကူး ဧကရာဇ်၊ "ဖျစ်ဖျစ် ဖြောင်းဖြောင်း"
မီးလောင်ရိပ်တွင်၊ မီးလောင်ပြင်သာ
ငှက်ပျောဝါသင်း၊ ရွှေပြန့်ခင်းလည်း
မီးကွင်းမလွတ်၊ ခိုင်ညွတ်ထွားထွား
မီးလောင်ဝါး၏၊ သီးကြွားဆင်စွယ်
ဆင်နွယ် ဆင်ပေါင်၊ တွဲနှောင်ရောရော
တောငှက်ပျောတို့၊ မီးတောဖြစ်ကာ
မည်းမည်းပြာလျက်၊ ပိန်းဝါ ပိန်းနီ
ပိန်းဇော်ဂျီတို့၊ မီးနီရဲရဲ
ခွေလဲညွတ်ကျ၊ ပိန်းမမြစ်ချင်း
ပိန်းမင်းမဟော်၊ ပိန်းမင်းမော်လည်း
ပျော်ခဲ့အရည်၊ မီးခြစ်မီးခက်
လောင်ကျွမ်းဖျက်၏၊ တောရွက်အရိုင်း
အင်တိုင်း ဖက်သန်း၊ သမလန်း မျောက်ချော
မဲဇလီ ယင်းတိုက်၊ မြိုက်မြိုက်ကျွမ်းကျွမ်း
တောလုံးခန်းခဲ့၊ နှမ်းကြီးနှမ်းရွေး
နှမ်းသေး နှမ်းနက်၊ နှမ်းကွက် မှန်ကူ
နှမ်းဟူသမျှ၊ ပြာကျစုပုံ
ဖရုံ ဖရဲ၊ သလဲနှမ်းပင်
မီးတွင်ပျောင်းအိ၊ ညပ်ပိညက်ကြေ
အရေစီးယို၊ ပြာနှမ်းညိုခဲ့
နွယ်ချို ဟင်းလျာ၊ တောက်တာ ပီလော
ပဒဲကော ခွေပျော့၊ ကနဖော့ နွယ်စိမ်း
မီးတွင်ယိမ်းသား၊ သိုက်ဝါး ကြခတ်
ဝါးဖတ်ပဲ့ကြွေ၊ ဝါးပုလွေ မီးခင်း
ဝါးစွင်းနက်ဖြူ၊ မီးခိုးအူကာ
လောင်စာတောလျှောက်၊ ဝါးတောပေါက်ကွဲ
ရှုမရဲအောင်၊ ကြိမ်မြှောင်တန်းသွယ်
ကြိမ်နွယ်လှေကား၊ ကြိမ်ခါး ကြိမ်မွှေး
မီးလုံးထွေး၍၊ နွယ်သေးသစ်ခွ
အင်သစ်ခွနှင့်၊ သစ်ခွပင့်ကူ
မီးပူညီးညီး၊ ကုန်းထဖီးလျက်
ကျောက်ခက် တံခွန်လုံး၊ ငုံးတိပြုတ်လေ
လွင့်လွင့်ကြွေကျ၊ စိမ်းမြဂမုန်း
ညှင်းဂမုန်းနှင့်၊ ဂမုန်းဆိတ်ဖြူ
ဂမုန်းသူတော်၊ မီးမကျော်နိုင်
ဂမုန်းမြိုင်တွင်း၊ ဂုဏ်မာန်တင်းသည့်
မီးကွင်းဂမုန်း၊ ပုန်းနေမရ
ပြာကျလေပြီ၊ သရဖီ နေကြာ
ရွှေဝါစကား၊ ချယား ခေါင်ရမ်း
တောပန်းစံပယ်၊ ပန်းနွယ်ပန်းအိ
တောရှိသမျှ၊ အလှပျက်သုဉ်း
မီးတွင်ဆုံးခဲ့၊ မှိုအုန်းနက်နှင့်
ငှက်စို့ ကျင်းမှို၊ အပ်ထိုးမှိုလည်း
နဂိုဗီဇ၊ ပျောက်ကွယ်ပ၍
မီးကျရာတွင်၊ လောင်စာဝင်လျက်
ပြာစင်အဖြစ်၊ ညိုညိုညစ်ကာ
ပဲရာဇာ ပဲရင်း၊ ပဲလင်းမြွေမှ
ပဲစားမ ပဲကြီး၊ ပဲသီးပဲခိုင်
ပဲမြိုင်တစ်ဝန်း၊ ပဲလွန်းပုဇွန်
လုံးချွန်လုံးမြှောင့်၊ အတောင့်နွယ်ရှည်
မီးကျည်ယမ်းအိုး၊ ဝင်မိတိုးသို့
"ခြိုးခြိုးခြုတ်ခြုတ်၊ ဖြုတ်ဖြုတ်ဖြောင်းဖြောင်း"
မီးလမ်းကြောင်းလျှင်၊ မြေတွင်လွင့်တွား
နတ်နဂါးသို့၊ အလျားကွေ့ဆန့်
မတန့်တော့နိုင်၊ သည်မြိုင် သည်တော
သည်မြိုင်ကြောလျှင်၊ တိမ်ကောပျက်စီး
သည်တောမီးကြောင့်၊ စိုးနှောင့်ဗျာပါ
သတ္တဝါပိုးမွှား၊ မြက်ကြားဘောက်ခူ
ပိုးပလူနှင့်၊ ပဒူပိုးစပ်
ပိုးဟပ် ပုရစ်၊ ရွက်ဆစ်လိပ်ပိုး
ပိုးမျိုးကုဋေ၊ အားလုံးသေဘိ
ဖွေးဖွေးကျိမျှ၊ မီးထိရာတွင်
ဆန့်ငင်ကွေးကောက်၊ အသက်ပျောက်ကြ
ပျားမယင်မည်း၊ ပျားခေါင်းမွဲနှင့်
ပန်းဆွဲပျားမောက်၊ အမြီးကောက်ထောင်
ပျားသူယောင်တို့၊ ပျားလဘို့ခက်
ပျားသလက်အိမ်၊ ရှုပ်လိမ်ဝဲပျံ
အသေခံရ၊ တောမီးခသော်
အရည်ပျော်လျက်၊ ပျားရည်စက်များ
မြေထက်ယိုစီး၊ အချည်းနှီးတည့်
မီး...မီး...မီး...မီး...၊ အို...တောမီးငဲ့
မြိုင်ကြီးတောရိပ်၊ မီးခိုးလိပ်များ
အုံ့ဆိုင်းသွားကာ၊ လိပ်ပြာပျံသက်
ဇာကြိုးခက်နှင့်၊ ဝင်းလက်ပြိုးပြောင်
ပန်းယပ်တောင်ပြင်၊ စိန်ကြောင်နီလာ
လိပ်ပြာရောင်စုံ၊ ပန်းရဂုံတွင်း
သေမင်းအရိုင်း၊ မီးမုန်တိုင်းကြောင့်
သစ်ကိုင်းဟူသမျှ၊ နားမရချေ
ပျံလေသော်လည်း၊ ပြေးမရဲပါ
ပုဝါတောင်ပံ၊ မီးလျှံမထိ
ဟပ်ရုံရှိသေး၊ အမွေးအမျှင်
လွင့်စင်ပြာကျ၊ ရှာမရပေ
မြေပြင်ငိုရှိုက်၊ မိုးလုံးရှိုက်သို့
လေရှိုက်ရှိုက်ငို၊ ကင်းဖို ကင်းမ
ကင်းဂွလက်မည်း၊ ကင်းရင်ကွဲနှင့်
ကင်းရဲသံစူး၊ မြေလူးကင်းဆိပ်
လျောင်းအိပ်စက်ရာ၊ ကင်းကမ္ဘာမှ
မြေလွှာဆီစား၊ ကင်းများဆွေချင်း
ဝါးကင်း သစ်ကင်း၊ ပိုးလိပ်ကင်းစုံ
မီးပုံဟုန်းဟုန်း၊ သက်ကြွေပြုန်းခဲ့
ရှောင်ပုန်းစရာ၊ မြက်ခင်းသာ၏
ဝက်လာ ဆင်ငို၊ မြက်ချို ဇော်မွှား
မြက်ငါးကျင်းအူ၊ မြက်ဖြူဆိတ်နို့
မြက်တို့ဘုရင်၊ မြေစာပင်နှင့်
မြသွင် စိန်လား၊ ရွက်ဖား ဘိစပ်
မြေဝပ်ကျွဲနှာခေါင်း၊ မီးကြောင်းသင့်ရာ
မကျန်ပါလေ၊ လောင်နေလောင်ဆဲ
လေရူးသည်းသော်၊ ရဲလိုက်နီလိုက်
အမြစ်ခိုက်ထိ၊ လောင်ကျွမ်းဘိသား
မြက်ပင်ကြားသို့၊ တိုးသွားခွေတွန့်
လွန့်လွန့်လိပ်လိပ်၊ ညိမ့်ညိမ့်ညောညော
လောလောလုလု၊ စုစုဆောင်းဆောင်း
နှောင်းနှောင်းနွယ်နွယ်၊ သွယ်သွယ်သွက်သွက်
ပြက်ပြက်ပြောက်ပြောက်၊ ကောက်ကောက်ကွေ့ကွေ့
ရွေ့ရွေ့ရွံ့ရွံ့၊ ဖွံ့ဖွံ့ဖွေးဖွေး
ထွေးထွေးထွားထွား၊ လျားလျားလျောင်းလျောင်း
သောင်းသောင်းသန်းသန်း၊ လန်းလန်းလက်လက်
ဆက်ဆက်ဆင့်ဆင့်၊ ငင့်ငင့်ငေါက်ငေါက်
မြွေဟောက် ငန်းကြား၊ စပါးကြီးမြွေ
ခေါင်းဝှက်နေသည့်၊ မြွေပွေး မြွေပတုပ်
ငန်းပုပ်မြွေဆိုး၊ ယက်ကန်းကြိုးနှင့်
မြွေမျိုးစုံစွာ၊ ဤသေလာဝယ်
ပြေးပါသော်ငြား၊ မီးကားမလွတ်
တိုက်ပွတ်ပိတ်ညပ်၊ မြွေချင်းထပ်ကာ
ရပ်နေ မီးကူး၊ မြေလူးပြန်လျှင်
မီးကင်ပြီးသား၊ မြွေသားမအုပ်
မလှုပ်ကြနိုင်၊ သည်မြိုင်တောတန်း
လောင်မီးခန်းသည်၊ မီးပန်းမီးတောင်
မီးလောင် ဆယ်နေထွက်သို့ ကဲကဲလွန်လွန်တည်း။
(၆၂)
ဟုန်းမြစ်ဟုန်းနွယ်၊ အသွယ်သွယ်လျှင်
ရေဝယ်မျောလာ၊ လောင်ပြာမည်းညစ်
အဆိပ်ဖြစ်လျက်၊ ကျူရွက် ကျူရိုး
ပြာမျိုးတောင်ပုံ၊ ရောစုံစုပေါင်း
ဤစမ်းချောင်းမှာ၊ မျော၍လာသော်
ရေပျော်ကျက်စား၊ ရေပေါ်ငါးတို့
စားမိအဆိပ်၊ ခွေလိပ်ခုန်ပျံ
ရေသံအုန်းအုန်း၊ တရုန်းရုန်းမျှ
သေကြငါးမျိုး၊ မီးအိုးကျပ်တင်
စမ်းရေပြင်လည်း၊ မြင်၍မကောင်း
ငါးသောင်းသောင်းထပ်၊ တောမီးဟပ်သော်
ကမ်းစပ်မှငါး၊ ပြေးလွှားရေလယ်
တန့်ဆယ်မရ၊ အဆိပ်ခလျက်
ရေယက်ဝဲလူး၊ ခုန်ကူးရင်းသေ
ဤစမ်းရေကား၊ သေမင်းအဆိပ်
ပြည့်သိပ်သွန်လောင်း၊ ငါးအပေါင်းလည်း
နှာခေါင်းရေပေါ်၊ ဖော်ရန်လည်းခက်
ရေမျက်နှာပြင်၊ နီလွင်ရဲရဲ
မီးခဲ မီးရှိန်၊ "ဟိန်ဟိန်ဟုန်ဟုန်"
ငလျင်တုန်သို့၊ ရေစုန်ရေဆန်
တောမီးထန်ရာ၊ ရေလွှာပွက်ဆူ
ရေပူစီးကြောင်း၊ ချော်ရည်လောင်းသွန်
ပူကဲလွန်သား၊ စမ်းမြှောင်ငါးတို့
ဒိုက်ကြားရေမှော်၊ ပေါလောပေါ်လျက်
ပုပ်အက်စို့ညှီ၊ စမ်းရေနီလျှင်
အတီရှေးက၊ တောအလှနှင့်
လုံးဝခြားနား ဆန့်ကျင်ခဲ့ပြီတည်း။
(၆၃)
ဤစမ်းချောင်းမှ၊ စီးကျပြွန်သွယ်
ယူသယ်ဆောင်လာ၊ အဆိပ်ပြာနှင့်
ကျူပြာ ငါးသေ၊ ငါးလေ ငါးမွှား
စမ်းမြှောင်ကြားမှ၊ မျောကျပင်လယ်
ရိက္ခာသွယ်သော်၊ ငါးငယ်စောင့်ငြား
ငါးကြီးစားလျက်၊ အဆိပ်တက်ကာ
ပင်လယ်ပြာရပ်၊ ဤကမ်းစပ်တွင်
ငါးကွဲယင် ငါးစင်း၊ ငါးထမင်း ငါးခုံး
အသက်ဆုံးကြ၊ ငါးခုံးကြံရွက်
ငါးပတပ် ငါးဒိန်း၊ စောင့်ထိန်းအာကာ
မရှိပါကြ၊ အစာတွေ့လျှင်
မည်းမည်းမြင်က၊ ထိုးသုတ်ကြသော်
ရေပေါ်ငါးသေ၊ မျောကြလေပြီ
ပါးဟက်နီမှ၊ ယိုကျအဆိပ်
ငါးလိပ် ကျောက်ဆူး၊ မူးနောက်ကျွမ်းစိုင်း
ငါးရိုင်း ကသပိုး၊ ကကတိုး ကကတစ်
ဝဲရစ်ရေကူး၊ ကဘီလူး ကသမြင်း
ငါးသင်းကုတ်ဖြူ၊ ပင်လယ်ပူတင်း
အဆိပ်ပြင်းရေ၊ သောက်ရင်းသေသည့်
ငါးပုလွေ ငါးတယော၊ မက်မောငါးသေး
ခုန်ဟပ်လွေးသော်၊ သေဘေးနှင့်ကြုံ
ငါးပသုံ ငါးရင်၊ ငါးတောင်စင်တို့
ပင်လယ်ရေထဲ၊ အဆိပ်ဝဲတွင်
အသက်ငင်လာ၊ မှောက်လှာခုန်ပျံ
မခံရပ်နိုင်၊ ရေစိုင်ကတော့
သက်ရှူဖျော့ခဲ့၊ အော့အန်အစာ
ထွေးထုတ်ပါလည်း၊ မည်းနက်ကျပြာ
အဆိပ်ပါကြောင့်၊ ဒဏ်ရာမရှိ
သေရဘိသား၊ ငါးတံခွန်သွေးပျက်
ငါးထန်းရွက်များ၊ ငါးနောက်သွားနှင့်
ကျောက်သွား ငါးဆံလှ၊ ငါးဒိန်မ ငါးဖျင်းပု
ဝိုင်းလုအစာ၊ မကြာမတင်
ရေပြင်အထက်၊ ပက်လက်မှောက်ခုံ
စုပြုံ၍သေ၊ အဆိပ်ရေရော
ဟုန်းပြာနှောတည့်၊ ရေမျောလှိုင်းပါ
ငါးခွေးလျာနှင့်၊ နင်ပြာအကြေး
ကော့ကွေးဆူးတောင်၊ ငါးရစ်မောင်ခေါင်းပြူ
ငါးစည်ပူတင်း၊ ရေဖြူမြှုပ်ထဲ
အဆိပ်ခဲကို၊ မျိုလိုက်မိရာ
ထိုအခါဝယ်၊ ပင်လယ်ငိုသံ
ဆူညံ သောင်းသောင်းရှိုက်ရှိုက် ပဲ့တင်တည်း။
(၆၄)
တောမီးလွန်သော်၊ မြေပေါ်သစ်ပင်
မမြင်ရှုခင်း၊ ပြောင်သလင်းခါ
ပြာပုံသာတည့်၊ တိမ်လွှာနှင့်မိုး
တိုးလျှိုပေါက်ပင်၊ ထိသည်ထင်ရ
လှပခြင်းကား၊ တရားကျစရာ
"ပညတ်"သာဟု၊ ယခုမှပင်
သိမြင်၍လာ၊ နွယ်မြင်းခွာလျှင်
ပထဗျာမြေကြီး၊ ဦးညွတ်ပြီးသော်
ခေါင်းမော်ထောင်ကာ၊ ကြည့်လိုက်ပါမိ
ပြာပုံဝန်းရံ၊ သည်မြိုင်ယံဝယ်
ကျေးသံလည်းတိတ်၊ ငှက်သံဆိတ်လျက်
အဟိတ်ပြိတ္တာ၊ နာမ်မဲ့ရာသို့
ဘာမျှမရှိ၊ နတ္ထိ အလှ ဟောင်းလောင်းတည့်။
(၆၅)
တောကြီးသာခေါင်၊ ပြာတောင်ပြာပုံ
မြိုင်ရဂုံကား၊ ချောက်ချားဖွယ်ပင်
ပြာလွင်ပြင်ကြီး၊ အထီးထီးတည့်
မီးလောင်ငုတ်တို၊ မည်းမည်းညိုတို့
ငိုနေဘိယောင်၊ ထိုးထိုးထောင်ဖြင့်
အမှောင်ကိုငေး၊ ရှေ့ရေးကြမ္မာ
မမြင်သာချေ၊ မြစမ်းရေလည်း
စီးနေရလည်း၊ ကြေကွဲရင်နာ
မဆုံးပါနိုင်၊ သည်မြိုင်ပျက်စီး
တောမီးနှိပ်စက်၊ လောင်မီးဖျက်ကြောင့်
မြိုင်ကျက်သရေ၊ ကင်းမဲ့လေပြီ
ပြာမြေအတွင်း၊ လူးလွန့်ရင်းလျှင်
မြင်းခွာပင်နွယ်၊ အားငယ်ရာမှ
ခေါင်းထောင်ထ၍၊ လောကမြိုင်သစ်
တစ်ဖန်ဖြစ်ရန်၊ အားမာန်ကိုမွေး
ရှုံးမပေးဘဲ၊ ရဲရင့်မှုတည်
ယုံကြည်ချက်ဖြင့်၊ ခေါင်းမော်ဝင့်သည်
မျှော်လင့် အနာဂတ်မြိုင်သာ ပြန်သစ်ချိန်ကိုတည်း။
(၆၆)
မြိုင်တောမီးခ၊ မကြာလှတွင်
နွေလပူပြင်း၊ နေမင်းတစ်ဖန်
နှိပ်စက်ပြန်၏၊ မီးရန်တမျှ
ပြင်းပြပူလောင်၊ နွေခေါင်ခေါင်ဝယ်
မြင်းခွာနွယ်လျှင်၊ ရှင်သန်ဖို့ရေး
ဝေလာဝေးခဲ့၊ ခေါင်းကွေးညွတ်လာ
အမြစ်ဝါခြောက်၊ တွန့်လိမ်ကောက်၍
သောက်ရန်ရေကြည်၊ ငတ်ခဲ့သည်ကြောင့်
တစ်မှောင့်ညှိုးနွမ်း၊ အားအင်ခန်းကာ
သေလုပါငဲ့၊ ရေပြာစမ်းချောင်း
မိတ်ဆွေဟောင်းလည်း၊ ပြောင်းခဲ့အသွင်
ရေမမြင်ရ၊ မြစမ်းတိမ်ကော
ငေါထွက်ကျောက်ဆောင်၊ ရေညှိနှောင်လျက်
လှောင်ပြောင်ဘိလား၊ ထင်မိမှားသည်
အင်အားပြတ်လု ညှိုးညှိုးငယ်ငယ်တည်း။
(၆၇)
ပူပြင်းနွေလ၊ ကုန်လွန်ရသော်
ဖြူလွကောင်းကင်၊ တိမ်မည်းဆင်ကာ
ရွာတော့မည့်မိုး၊ လျှပ်ကြိုးချုန်းထစ်
ကုတ်ခြစ်ငွေမျှင်၊ အက်ကြောင်းထင်လာ
ထိုအခါဝယ်၊ မြင်းခွာနွယ်ကား
အားသစ်ပြန်လည်၊ ပြည့်ခဲ့ပြီတည်း
မြရည်မိုးစက်၊ မြေသို့သက်၍
နေ့ဆက်သွန်းဖြိုး၊ ရေတိုး ကမ်းမြုပ်
စမ်းရေလှုပ်လျက်၊ ပြည့်တက်လျှံကာ
ယက်ပန်းဖြာပြီး၊ ပြာမြေတိုက်စား
စီးဆင်းသွားကြ၊ ထိုကာလတွင်
ရုန်းကြွအမြစ်၊ တွယ်ရစ်မြေမှာ
ဖြာခဲ့အဆစ်၊ လှေကားထစ်သို့
ရွက်သစ်နုနု၊ ပေါ်စပြုသည်
ရတုသာမော၊ မြိုင်တောစိုမြေ
မိုးရေကျေးဇူး ဆပ်၍မကုန်နိုင်ပါတည်း။
(၆၈)
မိုးရာသီမှ၊ စခဲ့တစ်ဖန်
ပြန်၍ပေါ်သစ်၊ အမြစ်ထွားထွား
ပြန့်ပွားရွက်နု၊ ထွက်စပြုရင်း
အားယူခြင်းဖြင့်၊ ငွေနှင်းသွန်းလောင်း
ရာသီပြောင်းလျက်၊ ဆောင်းဦးကာလ
ချမ်းမြမြဝယ်၊ မြင်းခွာနွယ်လျှင်
အပင်စည်စည်၊ ရှည်ခဲ့အရိုး
ရုန်းကန်တိုးကာ၊ စိမ်းလွှာမြရွက်
အတက်သွယ်သွယ်၊ အနွယ်ကွန့်ကွန့်
အညွန့်ကြူးကြူး၊ အဖူးဝေဝေ
ပင်ခြေစိုစို၊ ပင်ပျိုတင့်တင့်
ပင်မြင့်ကျိုင်းကျိုင်း၊ ပင်ရိုင်းစိပ်စိပ်
ပင်ရိပ်သာသာ၊ ပင်ညှာခိုင်ခိုင်
ပင်စိုင်ဆုပ်ဆုပ်၊ ပင်အုပ်ယှက်ယှက်
ပင်ခက်နှောင်နှောင်၊ ပင်ထောင်မားမား
ပင်ပွားဖြိုးဖြိုး၊ ပင်မျိုးဆက်ဆက်
မြေထက်များမြောင်၊ မြစိမ်းတောင်သို့
နေရောင်ကိုပြိုင်၊ သူတို့နိုင်သည်
တောမြိုင်ပြန်သစ်၊ ပျိုမျစ်အားမာန်
ရှင်သန် တောလုံး စိမ်းစိမ်းစိုစိုတည်း။
(၆၉)
နိယာမ၏၊ လောကစဉ်လာ
ဖြစ်ရာမှပျက်၊ သံသာစက်တည့်
အဖျက်တော်လှန်၊ တစ်ဖန်ပြန်သစ်
ဇာစ်မြစ်ဗီဇ၊ သဘာဝကား
ဆန်းပြားပုံနှိုင်း၊ စက်ဝိုင်းတစ်နှုန်း
အဆုံးသည်မှ၊ အစပြန်သွယ်
ချားနှယ်လှည့်ပတ်၊ လောကဇာတ်တွင်
နွယ်ပင်မြင်းခွာ၊ မြိုင်သာယာမှ
"အလှသစ္စာ"၊ ရှာတွေ့ပါပြီ
မကြာမီတွင်၊ မြေပြင်အဝှမ်း
နှင်းဆမ်းမိုးရည်၊ နေခြည်နှင့်တွေ့
ချမ်းမြေ့ပျော်ရွှင်၊ မြက်ပင် နွယ်ပင်
သစ်ပင်စုစု၊ ရွက်နုဝေဝေ
မီးလောင်မြေမှ၊ ရှင်သန်ထလျက်
မြိုင်လှကျက်သရေ ဆောင်တော့မည်။
(၇၀)
ကာလတောင်တာ၊ မကြာတော့မီ
ဤမြိုင်ဆီမှ၊ "တျီတျီတျေတျေ"
ငှက်ပုလွေသံ၊ တောလုံးညံကာ
မြေဩဇာသစ်၊ ပြန်လည်ဖြစ်၍
သစ်မြစ်ကုဋေ၊ အသင်္ချေနှင့်
မြေမှဆုံတွေ့၊ မျိုးစေ့ပြန့်ကြဲ
ပြာပုံထဲမှ၊ အားယူထကာ
ရွက်လွှာစိမ်းတွင်၊ သမင်သားပေါက်
စမ်းရေသောက်၍၊ တောမျောက် သစ် ဆင်
ပျော်မြူးရွှင်လိမ့်၊ မိုင်ခွင်အဝန်း
ပျံသန်းလိပ်ပြာ၊ ပိုးပုဝါပါး
လွှင့်ဖြန့်ထားသို့၊ စမ်းတွင်လှုပ်ရှား
ဆူးတောင်ကြွားဖြင့်၊ ငါးစုံပျော်မြူး
ပန်းဖူးပွင့်ဝေ၊ လာမည့်နွေကို
စောင့်ငံ့ကြိုရင်း၊ အားမာန်တင်းလျက်
မြင်းခွာပင်ငယ်၊ သူပြုံးရယ်သည်
ပင်နွယ်အားလုံး၊ မြရည်ဖုံးစ ပြုပြီတည်း။
(၇၁)
စမ်းချောင်းငယ်လျှင်၊ မြောင်းသွယ်မျှဉ်းမျှဉ်း
လွမ်းသီချင်းဖြင့်၊ ဖြည်းညင်းရွေ့လျား
တဖွားဖွားလျှင်၊ နဂါးမြွေလို
ရေညိုရစ်ခွေ၊ စီးဆင်းနေသည်
ခါနွေ မိန်ဦး သာတော့မည်။
(၇၂)
ဤမြေပြင်က
ပြန်ပြောပြသည့်
လောကသစ္စာ ဇာတ်လမ်းစုံစုံတည်း။ ။
(ဒေါင်းနွယ်ဆွေ၊ ၁၉၆၇)
No comments:
Post a Comment