စောင်းသံပျောက်သော တမိုးအောက်
❆❆❆❆❆❆❆❆❆❆❆❆❆❆❆❆
စောင်းကိုငင်၍
သခင်သည်မှာ....အိပ်စက်ပါလော့။
သခင်လာလျှင်
မယ့်ဆံပင်ကို
မြေတွင်ပြန့်ပြန့်..ခင်းပါမည်။
သခင့်ခြေကို
မျက်ရည်နှင့်ဆေး မယ်မယ်ထွေးလို့
နွေးစေပါမည်....သခင်။
သခင့်အတွက်
ရေတခွက်ကို ရွှေလက်နှင့်ကိုင်
ညလုံးထိုင်၍....စောင့်ပါမည်။
မီးအိမ်ထွန်းကာ
စောင်းသံသာကို ပိုးဝါကြိုးဆင်
မြမြလွင်အောင် သခင်တီးခတ်
စောင်းကြိုးပြတ်လျှင် မငြိုငြင်ပါ
တပင်ပြန်ဆက် သခင့်လက်ကို
နမ်းလျက်ဖြေသိမ့်....ပေးပါမည်။
အို...တညတာလုံး မောင့်လက်ရုံးမှာ
မှီအုံးအိပ်စက် နိုးတဝက်ဖြင့်
သခင့်စောင်းသံ ခြူးခြူးညံကို
နာခံတော်သွင်း တမိုးလင်းမှ
ရင်တွင်းလှုပ်ရှားမိပါသတည်း။
ညကသခင် အိုစောင်းရှင်ရယ်....
အသျှင်ဘယ်ရောက် စောင်းသံပျောက်၍
သောက်ရေခွက်ခမ်း ကိုယ်လည်းနွမ်းလျက်
မီးခွက်လည်းငြိမ်း ခန်းဆီးယိမ်းကာ
ရှောင်တိမ်းဘယ်ဆီ သွားလေပြီနည်း။
နေနီဝန်းစက် ရှေ့မှထွက်ခဲ့
တရက်လာနိုး ငံ့လည်ကျိုးဖြင့်
မိုးချုပ်တိုင်ထိ လွမ်းတမိမှာ
နွမ်းယိကြွေသဲ.....လှပ်လှပ်တည်း။
စောင်းကိုငင်၍
သခင်ဘယ်မှာ....ပျောက်ကွယ်ပါလိမ့်။ ။
ဒေါင်းနွယ်ဆွေ
____________________
ဒေါင်းနွယ်ဆွေ
**************
မီးပုံးပြာပြာ မောင်မလာ
***********************
စီကာရီကာ ဝရန်တာမှ
မီးပြာကြယ်အိမ် လေမငြိမ်သော်
စိုးရိမ်ခင့်လက် ဖယောင်းစက်ထိ
ပူလောင်ဘိလည်း ဖိကာငြှိမ်းသတ်
ကြိုးတန်းပြတ်သည် …
လွမ်းဇာတ် ထင်ရေးပေါ်ယောင်တကား ၊
ဟို … တစ်နှစ်က
ပျိုချစ်တဲ့မောင်
သန်းခေါင်ချိန်းချက် ညဥ့်နက်နက်မှာ
သူလာလေမလား စကားယုံကြည်
မတည်ကတိ ယွင်းလေဘိ၍
ထွန်းညှိမီးပုံး တစ်ညလုံးလျှင်
ခွေနုံးနွမ်းကာ ဝရန်တာတွင်
ရှိုက်ကာ ငိုခဲ့ရသရှင့် ၊
ဪ …
မနေ့တုန်းက ဖိတ်စာရခဲ့
သည်ညဆိုလျှင် တစ်နှစ်ပင်တည့်
စေ့စေ့ပြည့်၍ ချစ်သည့်မေ့မောင်
ဤသန်းခေါင်မှာ မင်္ဂလာည
လှပနှုတ်ခမ်း ငွေလခြမ်းတွင်
အနမ်းမုန်တိုင်း ဆင်ရော့မည် ၊
အို …
မီးပုံးပြာပြာ ယိမ်းနွဲ့ကာလျှင်
လေမှာမငြိမ် လင်းချည်မှိန်သော်
စိုးရိမ်ခင့်လက် ဖယောင်းစက်ထိ
ပူလောင်ဘိလည်း ဖိကာငြှိမ်းသတ်
ကြိုးတန်းပြတ်သည် …
လွမ်းဇာတ် ထင်ရေးပေါ်ယောင်တကား ။ ။
(ဒေါင်းနွယ်ဆွေ)
#######
________________
ဒေါင်းနွယ်ဆွေ
**************
မျဉ်းနှစ်ကြောင်း ဖီလာဝေး
*************************
တိမ်ကို တိမ်နှင့်
စေသဖြင့်လည်း
သခင့်စကား … မကြားရပြီ ၊
လေကို လေနှင့်
စေသဖြင့်လည်း
သဇင့်စကား … မကြားရပြီ ၊
တိမ်ကို လေနှင့်
စေသဖြင့်လည်း
တစ်ဆင့်စကား … မကြားရပြီ ၊
ဪ …
တိမ်ကတစ်လမ်း လေတစ်လမ်းတည့်
ကြမ်းတမ်းကောင်းကင် ကျောကုံးပြင်ဝယ်
ဖိတင်လေးလံ ရှိုက်သံမျှင်ချည်
ရိပ်ခြည်နွယ်ပြက် ကြားနိုးခက်ခဲ
တိမ်ယက်ဇာတန်း လေမျက်ကန်းဝယ်
စခန်းမတွေ့ လွမ်းသရွေ့ဖြင့်
ကျွမ်းကြွေလွင့်ပါး ခရီးလျားခဲ့
အသွားအပြန် စုန်ဆန်တက်ဆင်း
အလင်းလက်လက် မှောင်နက်နက်လျှင်
ကြင်ခက်ဖွေရာ မိုးလဟာဝယ်
လိပ်ပြာမောနွမ်း ရှာတိုင်းပန်းသည်
နှစ်လမ်းမျဉ်းကြောင်း ဖီလာဝေးဝေးတကား ။ ။
(ဒေါင်းနွယ်ဆွေ)
#######
_____________
နန်းထိုက်တော်သဇင်
သင်းသဇင်
မင်းဘုရင် စံဝင်ထိုက်လေတဲ့
နန်းကြိုက်တော်သုံး။
ပွတ်လုံး ရွှေပလ္လင်နှင့်
နွေသဘင် အချိန်နှောင်းလေမှ
ဆောင်းအဝင် နတ်တော်ဆန်းလေပေါ့
နန်းတမော့ ရုံးစုညီ
စာဆိုသီသည့် လင်္ကာကုံး။
နှလုံးမင်ရည်ဖျော်၍
သိင်္ဂီလှော်ရွှေကညစ်ရယ်နှင့်
လမ်းသစ်ကြို နန်းဗဟိုနာရီစောင်းသော်လည်း
အဟောင်းကို မေ့နိုင်စွမ်းပြီဘု
နွမ်းသယောင်
လွမ်းကလောင် မျက်ရည်ဆင်းရတယ်
နှင်းရည်ခ မင်းပြည်မ ရှေးအစဉ်အလာထုံး။ ။
ဒေါင်းနွယ်ဆွေ
(မိုးသောက်လင်္ကာ ပန်းကဗျာများ မှ)
_____________________________
ဒေါင်းနွယ်ဆွေ
**************
စာဆိုဟူသည်ကား
*****************
ကညစ်တစ်လက်
ပေတစ်ရွက်ဖြင့်
အသက် စတေးခဲ့ကြသည် ။
သမိုင်းပေးတာဝန်
မြတ်ကျေပွန်သည်
လူချွန် စာဆိုတော်ပေတကား ။
ကလောင်တစ်လက်
မင်တစ်စက်ဖြင့်
စာဖျက် ပေဖျက် အဆိပ်တက်၏ ။
သမိုင်းပေးတာဝန်
မကျေပွန်က
လူလွန်လူညံ့ သာတကား ။ ။
"ဒေါင်းနွယ်ဆွေ”
(၁၉၆၈ ခု ၊ စာဆိုတော်နေ့သို့)
#######
No comments:
Post a Comment