
Monday, May 28, 2018
အကျည်းတန်သော အလှပဆုံးမြင်ကွင်း
❆❆❆❆❆❆❆❆❆❆❆❆❆❆❆❆❆
မုန်တိုင်းကျသော်
ည အရုပ်ဆိုး အိပ်လန့်နိုးခဲ့
တိုးဝှေ့လေပြင်း ရဲတင်းတစ်ထောင်
ခုတ်လေယောင်သို့ ညောင်အိုပင်ကြီး
ခိုင်ဖြီးကျစ်လျစ် ရေသောက်မြစ်တို့
အဆစ်လိုက်ပြုတ် အငုတ်သာကျန်
ဖွာဖွာလန်အက် တွဲလျက်ညောင့်ရှင်
နတ်စင်လည်းပြို ကျေးငှက်ငိုကြ
ဤမိုးညတွင်....
သောကဇာတ်အိမ် ဖွဲ့ကြပြီ။
ညောင်ပင်ပိ၍
သေသည့်သရုပ် နွားသားအုပ်မ
လဲကျညိုမဲ(မည်း) ဇီးတွဲလွဲဖြင့်
သေပွဲဝင်ရ တဒင်္ဂတွင်
ဘဝဟူသည် မတည်ပိုင်စိုး
မမြဲမျိုးတည် ကံဆိုးကြမ္မာ
သူ့လက်ရာကို....
ဘယ်မှာကြိုတင် သိအံ့နည်း။
မုန်တိုင်းလွန်မြောက်
တစ်မိုးသောက်သော် ခုန်ပေါက်နွားငယ်
သားသူငယ်သည် နေခြည်ရွှန်းပ
စိမ်းမြမြက်ခင်း အိပ်စက်ခြင်းမှ
လွန့်ရင်းလူးလာ ခွာကိုမြှောက်လျက်
ပက်လက်ကော့ကန် နောက်ပြန်ရှေ့တိုး
ကကြိုးကပီ နရီစည်းကိုက်
အကြည်ဆိုက်ရာ ဤဆည်းဆာကို
ဘယ်မှာသို့လျှင် ပြစ်တင်ရှုတ်ချ
ကျည်းတန်စွဟု
ဒေါသလင်္ကာ သင့်အံ့နည်း။
မိခင်ခမျာ
ခန္ဓာချုပ်ငြိမ်း ဇာတ်သိမ်းခဲ့ဘိ
တစိုးစိမျှ မသိခဲ့ငြား
သားငယ်နွားလျှင်...
သေသည် ရှင်သည် ဖြစ်တည် ချုပ်ပျက်
သူ့အတွက်ကား တရားမမြင်
ပျော်ရွှင်နေရ ရွှန်းပနေရောင်
လူ့ဘောင်သာယာ ဤဆည်းဆာသည်
သစ္စာအလင်း ဖောက်ထွင်းကြည်လင်
ပီပြင်လွန်းစွ ပြယုဂ်မျှသာ
သတ္တဝါတစ်ခု ကမ္မပြုသည့်
အနုသယ လူ့ဘဝတွက်
အလှပဆုံးမြင်ကွင်း တစ်ရပ်သာတည်း။ ။
ဒေါင်းနွယ်ဆွေ
ဆေးရုံပေါ်တွင် ရေးသားခဲ့သောနောက်ဆုံးကဗျာစုမှ တစ်ပုဒ်ဖြစ်သည်။
ရှုမဝရုပ်စုံမဂ္ဂဇင်း ဇူလိုင် ၁၉၈၅

ပန်းပွင့်သာကြွေ စာဆိုမသေ
❆❆❆❆❆❆❆❆❆❆❆❆
၁
ပန်းတစ်ပွင့်သာ
ကြွေခဲ့ပါသည်
ကဗျာစာဆို မသေတကား။
၂
စာဆိုသေလည်း
မသေစာဆို တင်စားလိုသည်
မြေကိုသက်သေပြု၍တကား။
၃
သည်မြေမှာဖွား သည်မြေလားသည့်
တရားဓမ္မ သံဝေဂလျှင်
ဘဝပင်မြင့် လျောင်းကြွေလင့်သော
တစ်ပွင့်မာလာ အိပ်စက်ရာသည်
ကဗျာတစ်ပုဒ်သာပင်တည်း။
၎
နိယာမလျှင်....
ဘဝဖြစ်ခြင်း ဆုံးပျက်ယွင်းသည့်
``သေမင်းတံတား´´ လူတိုင်းသွားရာ
လမ်းပမာတည့် ကြမ္မာခေါ်သံ
နာခံလျောင်းစက် သည်တစ်သက်တွင်
ကြွင်းပျက်ပြာကျ မြူမှုန်စနှင့်
``ဘဝမာလာ´´ မနှိုင်းသာပြီ
မဟာအောင်ပွဲသာပင်တည်း။
၅
ဘဝလင်္ကာ စာလွှာပန်းခိုင်
``မာလာမြိုင်´´ကား ဖွေနိုင်ကြံသိ
အဘိဓမ္မာ လင်္ကာငြိမ့်လေး
အမြိုက်တေးတည့် သွေးသားအုပ်ချုပ်
စက်ရုပ်ခန္ဓာ မမြဲသာသော
သဘောအနက် ဖွင့်ဆိုချက်မျှ
ဥပ္ပဇ္ဇတိ ဖြစ်ဘိပျက်ပြန်
အဖန်ဖန်လျှင် သဏ္ဌာန်ရုပ်ဒြပ်
ပန်းချပ်ပန်းဝါ
ကြွေကာ....ကြွေကာ....တသည်းသည်း
လေမှာ....လေမှာ....တဝဲဝဲ
မြေလွှာ....မြေလွှာ....တဖွဲဖွဲ
ရှိုက်မစဲလျှင် ကြေကွဲသူတိုင်း
မျက်ရည်မှိုင်းမြ လွမ်းဆွတ်ကြသည်
တသဝမ်းနည်း မဆုံးတည်း။
၆
စာဆိုအတွက် ဆွေးရတက်ကြောင့်
ကျေးငှက်လည်းဆိတ် တောလည်းတိတ်ခဲ့။
၇
စာဆို့အတွက် ကျွမ်းရတက်ကြောင့်
သစ်ရွက်လည်းနွမ်း စမ်းရေခန်းခဲ့။
၈
စာဆို့အတွက် ကျွမ်းရတက်ကြောင့်
မိုးထက်ကောင်းကင် ကြယ်လည်းစင်ခဲ့။
၉
တကယ်ဆိုလျှင်
စာဆိုသင်၏ ပန်းပင်မျိုးစေ့
လေဝေ့ရာပျံ ပန်းဝတ်ဆံနှင့်
ညှာတံကူးလူး ပန်းဖူးဖူးကို
ဆွတ်ခူးဖွေရှာ ပန်းလိပ်ပြာတို့
နေရာအနှံ့ ဆွတ်ပျံ့လင်္ကာ
ဝတ်မှုန်လွှာခင်း ကြိုင်လွှံ့သင်းအောင်
စွမ်းဆောင်ရှေ့ပြေး သင့်တေးလင်္ကာ
ထိုပဏ္ဏာသည်.....
မေတ္တာစမ်းအိုင်ဖြစ်ခဲ့သည်။
၁၀
အနုပညာ သင့်လက်ရာကို
`ဇရာ´ မနိုင် သူလာပြိုင်လည်း
နိုင်ခဲ့လင်္ကာ မရှုံးပါတည့်
ကောဇာသက္ကရာဇ် လနှစ်ရွှေ့ပြောင်း
စာရွက်ဟောင်းမှ စာကြောင်းစာလုံး
ပုလဲကုံးတို့ ရှေးတုန်းကလို
နဂိုပကတိ ရှိမြဲရှိ၍
သင့်ဝိညာဉ်များ ယင်းကိုယ်စားလျှင်
ကျန်ထားကြွင်းရစ် သစ်မြဲသစ်သည်
ပုရစ်ဖူးမြ ဝေဝေတည်း။
၁၁
သင်ထားခဲ့ရာ ``ရတနာ´´ကား
သန္တာမြရွဲ ဝတ်လဲတန်ဆာ
မဟုတ်ပါတည့် လူ့ရွာနေအိမ်
ရိပ်ငြိမ်ဟန်ဆောင် လောကဘောင်၏
နက်ယောင်နှင့်တိမ် ခြူးလိမ်နွယ်ခက်
လျှပ်တစ်ပြက်နှင့် တစ်စက္ကန့်တွင်း
ဖြစ်ခြင်းပျက်ပုံ စိတ်ကြေးမုံ၏
တွေ့ကြုံခံစား တရားနှင့်ယှဉ်
ဝိညာဉ်အမြုတေ သင့်အမွေသည်
မိုးမြေဆုံးတိုင် မပျောက်နိုင်ပြီ
ကျောက်တိုင်ထည်ထည် ထီးထီးတည်း။
၁၂
သေခြင်းတရား တံခါး...ဖွင့် ပိတ်
ရင်ထိတ်စရာ မဟုတ်ပါတည့်။
ညမှာကြယ်ပျောက် နေ့ပန်းကောက်၍
မိုးသောက်သော်မှ နိုးမထသို့
ဘဝဟူသည် မြချည်လဲဝါ
ပွင့်ဝတ်လွှာကား ဝေ့ရာမုန်တိုင်း
လေပြင်းစိုင်းရာ လွင့်လွင့်ပါလည်း
``စာဆို့ခြေရင်း မြေတလင်းဝယ်
သေမင်းအိပ်စက်ခြင်းသာတည်း´´။
၁၃
သင်မသေမီ
ကေသီဆံမြင့် `ပန်ပါလင့်´ဟု
တစ်ပွင့်ပန်းမျှ မဆက်သမိ
ခုမှသင်သေ ကျမျက်ရည်ဖြင့်
ပန်းခွေချရင်း ငါ့ရင်တွင်းဝယ်
ခံပြင်းစိတ်မှ လှိုက်လှိုက်ကြွ၍
နောင်တမုန်တိုင်း သောကလှိုင်းသည်
ပြိုင်းပြိုင်းတိုက်ခိုက် ပါလေသတည်း။
၁၄
ငိုသံရှိုက်သံ ဆူညံသောင်းသောင်း
သင့်အလောင်း၏ ငွေခေါင်းနံဘေး
လူဖွေးဖွေးပြည့် ပို့သည့်ဈာပန
စည်ကားစွလည်း ``ဘဝရတနာ´´
သင့်လင်္ကာတို့ သန္တာပုလဲ
ရွှန်းရွှန်းကဲသည့် မြရွဲစိန်စစ်
ကျောက်ဆစ်နီလာ သင့်ကဗျာကို
ဘယ်ခါဖတ်ရ ပါ့မည်နည်း။
၁၅
သင့်ကျေးဇူးကား
ပျံ့ကျူးဒီပါ အလင်္ကာတည့်
ပမာပင်လယ် ဝှမ်းကျယ်တနှိုင်း
ပန်းတိုင်းပွင့်ရာ မြေသြဇာသည်
လင်္ကာရေသောက် မြစ်နယ်တည်း။
၁၆
ရုပ်ကလာပ်သာ
လောင်ပြာအဖြစ် ကြွင်းကျန်ရစ်လည်း
သစ်ခဲ့လင်္ကာ သင့်ကဗျာမူ
စိုကိထူမော်ကွန်း ခိုင်ခိုင်တည်း။
၁၇
စာဆိုသေလည်း
မသေစာဆို တင်စားလိုသည်
မြေကိုသက်သေပြု၍တကား။
ဪ..... ပန်းတစ်ပွင့်သာ
ကြွေခဲ့ပါသည်
ကဗျာစာဆို မသေတကား။ ။
ဒေါင်းနွယ်ဆွေ
ကဗျာ့ပုလဲကုံး ၊ ရှုမဝ(၁၉၅၉)
Saturday, May 19, 2018
နိုးလျက်နှင့် အိပ်မောကျ၍နေသူ
❆❆❆❆❆❆❆❆❆❆❆❆❆❆
ချစ်သူ့အိပ်မက်
အဆိပ်ခွက်သည် နေထွက်သောခါ
နံ့သာ,ရေမွှေး ဖြစ်နိုင်သေးလည်း
ငါ့တေးလင်္ကာ ကဗျာစောင်းကြိုး
နှိုင်းတိုင်းမရ အိပ်မောကျ၍
လောကကျိန်စာဖြစ်ခဲ့၏။
ကျိန်စာပြယ်အောင်
ဟန်ဆောင်စိုးမိုး ဒေါသငြိုးဖြင့်
တန်ခိုးအာဏာ ဘယ်အရာမျှ
ချိုမြသံသာ ငါ့လင်္ကာကို
မေတ္တာဝိညာဉ်မသွင်းနိုင်။
ငါ့လက်ချောင်းအား
နီမောင်းသောသွေး ပူနွေးသောအသည်း
စမ်းရေထဲမှာ ဆေးကြောပါလည်း
လွန့်လှာမလှုပ် ဇာတ်ကြောင်းမြှုပ်၍
ကျောက်ရုပ်အသွင် ငြိမ်သက်ချင်၏။
အပေါ်ယံမှ
ဘဝဇာတ်စင် အလှပြင်လည်း
အမြင်မှောက်မှား ချောက်ကမ်းပါးဝယ်
တရားနက်နဲ အသိလွဲကြ
လောကငိုသံ ဆူဆူညံကို
ရယ်သံအဖြစ် ဇွတ်နှစ်ပြောင်းလွဲ
ဇာတ်ခေါင်းကွဲလျက်....
ငရဲကိုပင် နိဗ္ဗာန်ထင်သော်
ငါလျှင်မထ အိပ်မောကျ၍
ဒေါသကျိန်စာ ငါ့ကဗျာကို
ရင်မှာသိုသိပ် အိပ်စေတကား။ ။
ဒေါင်းနွယ်ဆွေ
ရှုမဝရုပ်စုံမဂ္ဂဇင်း/နိုဝင်ဘာ ၁၉၆၃

Subscribe to:
Posts (Atom)